CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၈

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဖြတ်သန်း ဝင်ရောက်လာနေသည့် မူးယစ်ဆေးဝါး လမ်းကြောင်းကို ထိန်းချုပ်သွားမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)အဖွဲ့က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုနှင့် လက်နက်ကိုင် ပဋိပက္ခများ ကြီးထွားနေခြင်းကို အခွင့်ရေးယူ၍ မူးယစ် ဆေးဝါး မှောင်ခိုဂိုဏ်းများက နိုင်ငံအနှံ့အပြားမှာ မူးယစ်ဆေးဝါးများ ရောင်းဝယ် ဖောက်ကားနေသလို အိမ်နီးချင်း နိုင်ငံများသို့လည်း တင်သွင်း ဖြန့်ဖြူးလျက်ရှိသည်။

ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲသို့ မူးယစ်ဆေးဝါးများ ဝင်ရောက်လာပြီး ရောင်းဝယ် ဖောက်ကား နေကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများသည် ကချင်ပြည်နယ်မှ နန်းယွန်းမြို့နယ်သို့ ဝင်ရောက်လျက်ရှိကြောင်း NSCN-K/AM အဖွဲ့မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ လက်ရှိ သတင်းတွေ ပြန့်နေတဲ့ဟာကတော့ ကျနော်တို့ ကချင်ပြည်နယ်က ဝင်နေတဲ့ဟာတွေ များနေတယ်။ အဲဒီကိစ္စကိုလည်းပဲ ကျနော်တို့ နန်းယွန်းဆို လည်းပဲ နန်းယွန်း၊ ကချင်ပြည်နယ်ကို အဲဒီ နန်းယွန်းလမ်းကနေဝင်တာ များတယ်ပေါ့နော်။ သူက နန်းယွန်းမြို့ပေါ်  သူတို့ရဲ့သက်ဆိုင်ရာ၊ ဌာနဆိုင်ရာကနေ ဒါလေးကို ချိတ်ဆက်ပြီးတော့မှ သူတို့ဆောင်ရွက်မယ်ဆိုတဲ့ လမ်းကြောင်း တော့ ပြောထားတာတော့ ရှိတယ်ပေါ့နော်။ ဒါပေမယ့် တရားဝင် ကျနော်တို့ အစည်းအဝေး လုပ်ထားတာတော့ မရှိသေးဘူး။ ကျနော်တို့လည်း သူတို့နဲ့ပူးပေါင်းပြီးမှ အစည်းအဝေးတော့ ကျနော်တို့ ပြန်လုပ်မယ်။ ပြီးရင် ဘယ်လို အတိုင်းအတာ ဘယ်လိုပြန်လုပ်ရမလဲ ဆိုတဲ့ဟာကိုလည်း ဒီဟာ အစည်းအဝေးပြီးမှပဲ ဒီဟာ အဖြေတစ်ခုတော့ ထွက်လာမယ်ထင်တယ်။ ဒီဟာကတော့ ဟိုလမ်းကြောင်း တစ်ခုတော့ ရှာရမှာပေါ့နော်။ ကျနော်တို့ အစိုးရနဲ့ညှိပြီး တော့မှ သူတို့နဲ့ပဲ အရင်အစည်းအဝေးလုပ်မှပဲ ကျနော်တို့ လက်ရှိအာဏာရ၊ အစိုးရအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီး။ ဒါ ကတော့ ပွင့်ပွင့်လင်းလင်း ပြောတာလေနော် သူတို့သက်ဆိုင်ရာ၊ ဌာနဆိုင်ရာတွေလည်း ပါနိုင်တယ်လို့ ကျနော် တော့ အဲဒီလိုပဲမြင်တယ်။ မူးယစ်ဆေးဝါးကိစ္စနဲ့တော့ ကျနော်တို့လည်းပဲ အများကြီး ကြိုးစားထားတာ ရှိတယ်။ ဆိုတော့ ဒီဟာကို ဘယ်လိုထိန်းချုပ် ရမလဲဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ အစည်းအဝေးပြီးမှပဲ အဖြေတစ်ခု ထွက်လာမယ်လို့ ကျနော် အဲ့လိုမြင်တယ်”ဟု ပြောသည်။

နန်းယွန်းမြို့သို့ မူးယစ်ဆေးဝါးပို့မည့် ဒေါ်ကော့ယွမ်ကို ဘိန်းဖြူများနဲ့အတူ ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ဖမ်းမိစဉ်

၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်က ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့မှ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်းယွန်းမြို့သို့ ခရီးသွားမည့် ဒေါ်ကော့ယွမ်၏ ပစ္စည်းအိတ်ထဲကနေ ဆပ်ပြာခွက် ၈၈ ခွက်အတွင်း ဘိန်းဖြူများကို ဖုံးကွယ် သယ်ဆောင်လာခြင်းကို စစ်ဆေး တွေ့ရှိခဲ့သည်။

လက်ရှိတန်ဖိုးအရ ကျပ်သိန်း ၄၄၀ တန်ဖိုးရှိကြောင်း သိရသည်။

နာဂဒေသအတွင်းသို့ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများသည် အိမ်နီးချင်း ကချင်ပြည်နယ်ဘက်မှ အဓိက စီးဝင် နေကြောင်း၊ နန်းယွန်း-လေရှီး- ခန္တီးမြို့နယ်များရှိ ကျေးရွာများအထိ မူးယစ်ဆေးဝါးများ ပျံ့နှံ့နေပြီးဖြစ်ကြောင်း၊ အထက်တန်း ကျောင်းသားအရွယ် လူငယ်များပင် သုံးစွဲမှုရှိလာကြောင်း နာဂဒေသခံများက ပြောသည်။

နာဂဒေသ၌ မူးယစ်ဆေးဝါး ဝင်သည့် လမ်းကြောင်းကမူ အများကြီးရှိကြောင်း၊ ထိုလမ်းကြောင်းများကို ဌာန ဆိုင်ရာ အကြီးအကဲများဖြင့် တွေ့ဆုံပြီး ထိန်းချုပ်ရန် ဆွေးနွေးသုံးသပ်ထားကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ် ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မူးယစ်ဆေးဝါးကိစ္စတော့ ဟုတ်တယ် အဲဒါတော့ တော်တော်ကြီးမားတဲ့ ပြဿနာပေါ့ဗျာ။ ဘာလို့လဲ ဆိုတော့ ဒါနိုင်ငံရေးနဲ့ သက်ဆိုင်သွားတဲ့ အရာလည်း ဖြစ်တယ်လေ။ နိုင်ငံရေး ကောင်းသွားရင်တော့ ဒီမူးယစ် ဆေးကိုလည်း ဘယ်လို ထိန်းချုပ်ကြမလဲ ဆိုတဲ့ဟာကိုတော့ သူဟာသူတော့ ဆွေးနွေးကြရင် ပေါ်လာမှာပေါ့ဗျာ။ ဟိုလက်နက်ကိုင် အနေနဲ့သော်လည်းကောင်း၊ ရဲဦးစီးအဖွဲ့နဲ့သော်လည်းကောင်း၊ အရပ်ဖက် အဖွဲ့အစည်းနဲ့ သော် လည်းကောင်းပေါ့ဗျာ၊ ညှိနှိုင်းပြီးတော့မှ အကောင်းဆုံး ကိုင်တွယ်ဖို့တော့ အဲဒါတော့ရှိတယ်။ အခုဟာက နာဂ ဒေသပဲ မဟုတ်ဘဲနဲ့ ဒါတစ်နိုင်ငံလုံး ဖြစ်နေတဲ့ကိစ္စ ဖြစ်တယ်။ အဲဒီတော့ ဒါနိုင်ငံတော်အဆင့်ထိ မူဝါဒ ရေးဆွဲ သွားရမယ့် အဆင့်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ သူက လမ်းပေါက်ကတော့ အများကြီးရှိတယ်လေ။ ဟိုကချင် ပြည်နယ်က ဝင်တယ်၊ ခန္တီးက နေဝင်တယ်၊ ဟုမ္မလင်း ဘက်ကနေဝင်တယ် လမ်းကြောင်းကတော့ အများကြီးရှိ တာပေါ့။ ဒါသေချာတာတော့ လက်နက်ကိုင် လမ်းကြောင်းနဲ့ပဲ ဝင်တာပါ များတာပါ။ ဘာလို့လဲဆိုတော့ သက်ဆိုင် တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေ၊ သက်ဆိုင်ရာဌာန အကြီးအကဲတွေရဲ့ ပါဝင် ပတ်သက်မှုတွေ လည်း အများကြီး ရှိနေတဲ့အခါ ကြတော့လေ ဒါကိုတော့ ဆိုင်ရာဆိုင်ရာ အကြီးအကဲတွေနဲ့ ထိတွေ့ပြီးမှပဲ ကျနော်တို့ ဆွေးနွေးဆုံးဖြတ်ချက် ယူတော့ မယူရသေးဘူးပေါ့ ဆွေးနွေးသုံးသပ်နေတုန်းပဲ ရှိသေးတယ်”ဟု ပြော သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းက မူးယစ်စက်ရုံတစ်ခုကို ဖမ်းဆီးရမိစဉ်

ယခုနှစ်(၂၀၂၆ ခုနှစ်)အတွင်းမှာ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင်  ငွေကျပ် ၂၀ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါနှင့် မိုင်းရယ်မြို့ အနီးတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်နေသည့် စက်ရုံများနှင့် မူးယစ်ရေးဆေးဝါး ထုတ်လုပ်ရေးအတွက် အသုံးပြုရာတွင် ပါဝင်သည့် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်မှ ၂၂ ရက်အတွင်းတွင် ဖမ်းဆီးရမိခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း ငွေကျပ် ၁၇၆၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်‌ဆေးဝါးများနှင့် မူးယစ် ဆေးဝါး ထုတ်လုပ်ရာ၌ အသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်ဟု နေပြည်တော်ဘက်က သတင်း ထုတ်ပြန်ချက်အရ သိရသည်။ 

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ကွန်ရက်ကို လက်နက်ကိုင်များ၊ စီးပွားရေးသမားများနှင့် အကျင့်ပျက်ခြစားသည့် အာဏာပိုင်များ၊ အိမ်နီးချင်းနိုင်ငံများမှ မူးယစ်ဆေးဝါးဂိုဏ်းများ ပူးပေါင်း၍ လုပ်ဆောင်နေကြကြောင်း၊ ထို့နောက် အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ- လာအို- ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ တင်ပို့လျက်ရှိသည်။