CNI News
၂၀၂၆ ခုနှစ်၊ မေလ ၁၈
သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်မည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ လက်တွေ့ အကောင် အထည် ဖော်ဆောင်ရွက်ရာ၌ KIA နှင့် AA ကို မည်ကဲ့သို့ သီးခြား ကိုင်တွယ်သင့်သလဲ ဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်များကြား သုံးသပ် ဆွေးနွေးမှုများ ရှိနေကြသည်။
KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတစ်လျှောက် လွတ်မြောက်ရေးကို ကြိုးပမ်းနေသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ် များက ထောက်ပြကြသည်။
တစ်ဖက်တွင် အာရက္ခတပ်တော်(AA)သည် ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်ချိန်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ခြေကုတ်ယူကာ ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့နောက် ပင်လယ်ထွက်ပေါက်ကို ရအောင် ထိန်းချုပ်လာခဲ့သည်။
အလားတူ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ CNF-KIA- ABSDF- PDF- TNLA- MNDAA တို့နှင့်ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသလို လှုပ်ရှား/ထိန်းချုပ် နယ်မြေများ ချဲ့ထွင်လျက်ရှိနေသည်။
လက်ရှိ စစ်ရေး အခင်းအကျင်းအရ AA သည် KIA ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း ၎င်းနှစ်ဖွဲ့အား ကိုင်တွယ်ရမည့် ပုံစံသည် မတူညီနိုင်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့နှစ်ဖွဲ့အား ကိုင်တွယ်ရာတွင် တရုတ်၏ ကြားဝင်စေ့စပ်မှု အခန်းကဏ္ဍသည် အရေးကြီးကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာမျိုးဆက်သွေးက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင် ဂွမ်မော်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကို တွေ့ရစဉ်
၎င်းက “ယေဘူယျအားဖြင့် AA သည် KIA ၏ ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ပြောလို့ရပေမယ့် တကယ့် လက်တွေ့မှာ လက်ရှိမှာ သူတို့နှစ်ယောက်ရဲ့ AA ဆိုတာ KIA မွေးပေးလို့ ဖြစ်လာတာ။ ဆိုလိုတာကဗျာ AA ဆိုတာ KIA ရဲ့တပည့်၊ သို့သော် ဒီဆရာတပည့် နှစ်ယောက်က အခုဟာက တစ်ထပ်တည်းလို့ ပြောလို့မရတော့ဘူး။ ဆိုလို တာက KIA ကို Deal လုပ်ရမယ့် ပုံစံမျိုးနဲ့ AA ကို Deal လုပ်ရမယ့် ပုံစံမျိုးထက် မတူဘူးဗျ။ ဆရာတပည့် မှန်ပေ မယ့် ဆရာကို ပုံစံတစ်မျိုး ဆက်ဆံရမယ်။ တပည့်ကို ပုံစံတစ်မျိုး ဆက်ဆံရမယ့် အနေအထားမျိုးဖြစ်တယ်။ သူတို့ နှစ်ယောက်ရဲ့ လက်နက်ကိုင် လမ်းစဉ်ပေါ်မှာ ရပ်တည်ချက်တွေက မတူညီလို့ပါ။ အဓိက,ကတော့ တရုတ် ကြားဝင်စေ့စပ်ပေးရင် AA က ပြေလည်နိုင်တယ်။ ခုနကပြောတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စကားပြောတဲ့ အခါမှာ တစ်ခါတစ်လေ အင်အားသုံးရတာမျိုး ရှိတဲ့အခါမှာ AA ကတော့ ပိုပြီးနည်းနည်းလေး ဒီထက်ပိုမယ့် သဘောမျိုး ရှိတယ်ပေါ့နော်။ သူတို့မှာ အင်အားများတာ မှန်ပေမယ့် တပ်မတော်အနေနဲ့ အစိုးရအနေနဲ့ Deal လုပ်ရတာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုလည်း ပါလာမယ်။ ခုနကပြောသလို Power Balance လုပ်ရတာ AA က ပိုပြီးတော့ လွယ်ကူလိမ့်မယ်လို့ ထင်တယ်။ KIA ကတော့ ပိုရှုပ်ထွေးနိုင်တယ် နယ်မြေ အနေအထားအရကော သူ့ဆီကို ဝင်ရတာ ပိုခက်လိမ့်မယ်ထင်တယ်။ အဓိက,က သူက ကွန်ဖက်ဒရိတ်တွေ တောင်းနေတာလေ။ သူတို့ ကိုပါအောင် သူတို့ ထိန်းသိမ်းထားတဲ့ နယ်မြေရှိတယ်။ အဲ့ဘက်ကနေပြီးမှ ကိုယ့်ဘက်ကနေပြီးမှ ကိုယ့်ဘက်က Power တတ်နိုင်သလောက် ငြိမ်းချမ်းရေး စကားပြောတယ်ဆိုတာ တစ်ဖက်ကနေလည်း (Power Game) က ဆော့ရဝာာကို။ ကိုယ့်ဘက်က Power ကို ပြန်ပြပြီးတော့မှ တစ်ဖက်က Deal လုပ်ပြီး သူတို့တောင်းဆိုတဲ့ဟာ အပေါ်မှာ သေချာတယ် ကွန်ဖက်ဒရိတ်တော့ ကျနော်တို့ မပေးနိုင်ဘူး။ အဲဒီတေ့ာ သူတို့နဲ့က ဘယ်လောက်ထိ ပေးမလဲ ဆိုလိုတာက ရခိုင်ပြည်နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြည်နယ်သဘောမျိုးထိပေးမလား၊ မပေးဘူးလား စသဖြင့် ဒီလိုစကားမျိုးတွေ ပြောရတော့မှာပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိ နယ်မြေ အခင်းအကျင်းအရ KIA သည် မြန်မာ့ပြည်တွင်းရှိ သယံဇာတများဖြစ်သည့် မြေရှားနှင့် ကျောက်စိမ်း ကိစ္စများကို အပေးအယူ လုပ်လာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်သူများက ထောက်ပြကြသည်။
အဓိကအားဖြင့် KIA ကို အခြား လက်နက်ကိုင်များနည်းတူ စဥ်းစား၍ မရနိုင်ကြောင်း၊ ၎င်းနှစ်ဖွဲ့သည် လိုချင်တာ မတူညီသည့်အတွက် ညှိနှိုင်းဆွေးနွေး စကားပြောရမည့် ပုံစံသည်လည်း တပြေးညီတည်းသွား၍ မရနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

AA ခေါင်းဆောင်ကိုတွေ့ရစဉ်
၎င်းက “ပထမတစ်ချက်က KIA က ကျန်တဲ့လူတွေနဲ့ ရောစဉ်းစားလို့ မရဘူး။ စဉ်းစားလို့ မရဘူးဆိုတာ သူ ကိုယ်တိုင်က ဒီအမေရိကန် Baptist Mission တွေရဲ့ လွှမ်းမိုးမှုရှိတယ်။ အနောက်အုပ်စုရဲ့ လွှမ်းမိုးမှုရှိတယ်။ တရုတ်နဲ့ စီးပွားရေးအရ ဆက်ဆံတယ်။ စိတ်ဓာတ်ရေးအရ အနောက်လိုလားတယ်။ ဒီတစ်ချက် သွားတွေ့တယ်။ နောက်တစ်ခုက အထဲထဲမှာ သူတို့ လူမျိုးချင်းမှာလည်း သူတို့ ကွဲပြားမှုရှိတယ်။ အနိုင်ကျင့်မှုလည်းရှိတယ် တစ်ဖက်ကလည်း အဓိက ရှမ်းနီအင်အားစုတွေရှိနေတယ်။ ရှမ်းနီအင်အားစုက ဗမာနဲ့ ပေါင်းလိုက်လို့ရှိရင် ကချင် ပြည်နယ်မှာ အင်အားအကြီးဆုံးဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီကိစ္စဟာ ကချင်ပြည်နယ် အနေနဲ့တောင် ဆက်ရှိပါ အုံးမလားပေါ့။ ဒီနယ်နိမိတ်အတိုင်း ဗိုလ်ချုပ်အောင်ဆန်း မတိုင်မီက ၁၉၃၅ ခုနှစ် (Burma Government Act) ဆိုတဲ့အရ အဲဒီ အနေအထားကြီးတောင် ပြန်ရောက်သွားနိုင်တယ်လို့ ပြောချင်တာပေါ့နော်။ ဒါကတော့ KIA နဲ့ ပတ်သက်လို့ကတော့ သူက တရုတ်ရဲ့ယူနန်အစိုးရရဲ့ သဘောတူညီချက်တွေ ပူးပေါင်း ဆောင်ရွက်မှုတွေက လိုတယ်။ ဘာဖြစ်လို့လဲဆိုရင် ယူနန်ထဲမှာ ကချင်တွေက ရှိနေတာကို။ ဒါတစ်ချက်ရှိဖို့ လိုတယ်ပေါ့နော်၊ AA နဲ့ မတူတဲ့အချက်ပေါ့။ နောက်တစ်ခုက သူက ကုန်းပိတ်ပြည်နယ်လည်း ဖြစ်နေတယ်ပေါ့နော်။ ဒါ AA နဲ့မတူတဲ့ အချက်တွေပေါ့နော်။ လူမျိုးအားဖြင့်လည်း သူက ရခိုင်လောက်လည်း မများဘူးပေါ့နော်။ နောက်တစ်ခုကတော့ အဓိက,က သူက သူ့အနေနဲ့ အတင်းကို လိုချင်နေတဲ့ မြစ်ကြီးနားလို နေရာမျိုးကအစ ကိုလိုနီခေတ်တုန်းက ကချင်တောင်တန်းထဲမှာ မပါတဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ စဉ်းစားချက်၊ တွေးခေါ်ချက်တိုင်းမှာတော့ AA နဲ့ တူလို့မရဘူးလို့ ပြောချင်တာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်အတွင်း တစ်ဖွဲ့တည်း လှုပ်ရှားသလို ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ (MNDAA-AA-TNLA) အဖြစ်ဖွဲ့ထားပြီး စစ်ရေးလှုပ်ရှားမှုများရှိသည်။
မြန်မာ့တပ်မတော်နှင့် AA တို့အကြားတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အပစ်ရပ် သဘောတူညီခဲ့ကြပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၌ တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်အထိ စစ်ရေးတင်းမာနေကြသည်။
လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက် ပေးသွားမည့် ကိစ္စရပ်များအနက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးကဏ္ဍလည်း ပါရှိသည်။
မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ဖြစ်ကြောင်း၊ ထိုအခင်းအကျင်း မရှိပါက ငြိမ်းချမ်းရေး ဖြစ်စဥ်တစ်ရပ် အောင်မြင်ရန် မလွယ်ကူ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
