CNI News

၂၀၂၆ ခုနှစ်၊ မေလ ၁၅

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရာ၌ ကချင်လက်နက်ကိုင်(KIA)ကို “ဝ”လက်နက်ကိုင် (UWSA)ကဲ့သို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးမည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်လာနိုင်သည်ဟု တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ(တစည)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ‌ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။ 

KIA သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့ကို ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသ တစ်လျှောက် လွတ်မြောက်ရေးအား ကြိုးပမ်းနေသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့် NCA လမ်းကြောင်းအစား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုသည့် ဘက်ကို ဦးတည်နေသည်ဟု ယူဆ၍ရကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ‌ဒေါက်တာကျော်ဆွေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “KIA က ငြိမ်းချမ်းရေးဘက်ကို ရောက်မယ့်လမ်းစ ရှိတယ်ဗျ။ ဘာလို့လဲဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်း ကို တပ်မတော်ဘက်က လုံ‌ခြုံရေးတပ်ဖွဲ့တွေက ပြန်လည်သိမ်းနိုင်ပြီဆိုရင် ပင်လယ်ထွက်ပေါက် အနောက်မျှော် လမ်းစဉ် ပိတ်သွားရင် တပ်မတော်နဲ့ ငြိမ်းချမ်းရေးယူဖို့ ဆွေးနွေးလိမ့်မယ်။ အဲဒီလိုပဲ ယုံကြည်ထားတယ်။ KIA က NCA လမ်းကြောင်းမှာ လေ့လာသူအဆင့်ပဲ လာထားတာ။ သူတို့လိုချင်တာက NCA လမ်းကြောင်းအစား နောက် ထပ် တစ်လမ်းကြောင်းကို ရွေးတာပေါ့နော်။ အဓိက,က KIA က သူတို့က ကချင်ပြည်နယ်လွတ်မြောက်ရေး ပြောရင်တော့ ဝမ်ပေါင်နိုင်ငံထောင်ချင်တာ။ ကချင်ပြည်နယ်မှာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (autonomy) ရတဲ့ ပြည်နယ်အဆင့် ဒါမှမဟုတ်ရင် ကွန်ဖယ်ဒရိတ်ဆိုတဲ့ စကားလုံးလိုပေါ့နော်၊ နိုင်ငံအဆင့်လေး သူက ရပ်တည်ချင် တာ။ သို့သော်လည်းပဲ တရုတ်ဘက်က ဖိအားပေးထားတာရှိမယ်။ ပြည်မကြီးဘက်က ဖိအားပေးတာ ရှိမယ်ဆိုရင် သီးခြား ရပ်တည်လို့ရမယ့် နိုင်ငံမဟုတ်ဘူး။ အဲဒီတော့ သူတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်လောက်ကိုပဲ KIA ဟာ ကချင်အမျိုးသား တစ်မျိုးတည်းကို သူက စုစည်းချင်နေတာ။ တခြား ကချင်ပြည်နယ်မှာ တခြား တိုင်းရင်းသားတွေက အများကြီးရှိသေးတယ်။ သူတို့ ဂျိမ်းဖောအုပ်စု သီးသန့်စုပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသလိုဟာမျိုး “ဝ”လိုပြည်နယ်မျိုး သူကနေချင်နေတာ။ အဲဒီတော့ အဲဒီအဆင့်မျိုး ပေးနိုင်မယ်ဆိုရင် သူတို့ဘက် က ငြိမ်းချမ်းရေးကိုယူမှာ။ အဲဒါက NCA လမ်းကြောင်းနဲ့ မတူတဲ့ဖြစ်စဉ် ဖြစ်နေတာ။ အဲဒီလောက် ကျနော်တို့က ခွင့်ပြုနိုင်တယ်ဆိုရင် KIA ဟာ ငြိမ်းချမ်းရေးကို “ဝ”နဲ့ မြန်မာနဲ့ ငြိမ်းချမ်းရေး ရနေသလို အမြဲတမ်းရနေမှာ” ဟု ပြောသည်။

 NCA နှစ်ပတ်လည် အခမ်းအနား တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို တွေ့ရစဉ် 

ထို့အပြင် အစိုးရအဖွဲ့ဘက်မှ KIA တောင်းဆိုချက်များကို လိုက်လျောပေးနိုင်မည်ဆိုပါက သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးလမ်းစ ပေါ်လာနိုင်သည်ဟု ဒေါက်တာကျော်ဆွေက ဆက်ပြောသည်။ 

၎င်းက "ဝ"လို ပြည်နယ်ပေးဖို့ကျတော့ ကချင်ပြည်နယ်ထဲမယ် ဒုတိယအင်အား အကြီးဆုံးက ရှမ်းနီတွေပေါ့နော်။ ရှမ်းနီရှိမယ်၊ ဗမာတွေရှိမယ်။ မြစ်ကြီးနား၊ ဗန်းမော် ခရိုင်မပါတဲ့ အဲဒီအထက်က ဒေသတွေကို သူတို့က "ဝ" လို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နေမယ်ဆိုရင် ကျနော်တို့က ပြည်နယ်အဆင့်က သူတို့က လျော့သွားတာလေ။ အဲဒါ ဆိုရင် ပေးနိုင်တာ၊ မပေးနိုင်တာထက် ဖွဲ့စည်းပုံအခြေခံဥပ‌ဒေအရတော့ ပြည်နယ်နယ်နိမိတ် ပြင်ဆင်ပြောင်းလဲ တာတွေ ဖြစ်ကုန်မှာလေ။ အဲဒီလို အခြေအနေကြောင့်တော့ ခက်တော့ခက်ခဲတယ်။ သို့သော်လည်းပဲ အပေါ်ပိုင်း မှာ မြေရှားရနေတဲ့ ဒေသတွေနဲ့ သူတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် နယ်မြေဆိုတာမျိုး ပေးထားရင်တော့ ဒါမှ မဟုတ်ရင်လည်း လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်နေတဲ့ ကာလမှာ အဲဒီက ဒေသမှာ စီးပွားရှာဖွေခွင့် တရားဝင် ခွင့်ပြုနိုင်ခဲ့ရင် ဒါလွယ်ကူတယ်၊ ငြိမ်းချမ်းရေး ရလိမ့်မယ်လို့ ယုံကြည်ထားတယ်။ ကချင်ပြည်နယ်ကို ပြင်ဆင် ဖွဲ့စည်းပြီးတော့ KIA ထိန်းချုပ်နယ်မြေ အထူးဒေသ တစ်ခုအနေနဲ့ "ဝ" ပြည်နယ်လို ပေးမယ်ဆိုရင် ငြိမ်းချမ်းရေး သာ ရမယ်ဆိုရင် အစိုးရအနေနဲ့က ပေးမှာပေါ့ဗျာ။ အဓိက,က မြန်မာပြည်က ငြိမ်းချမ်းရေးလိုချင်တယ်။ ဒေသခံက ပြည်သူတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ချင်တယ်။ ဒီအခြေအနေမျိုးကြောင့် ပေးမယ်ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ကတဆင့် တင်ပြပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ ပေးမယ်ဆိုရင်ရတယ်။ ဘာလို့လဲဆို ပြည်နယ် နယ်နိမိတ် ပြင်ဆင်ဖွဲ့စည်းတာ ပါမှာမို့လို့သာ အဲ့ဒီလိုပြောရတာ” ဟု ပြောသည်။ 

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆၊ အပိုဒ်ခွဲ(ဂ) အရ ရှမ်းပြည်နယ်အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် ၆ ခုကို စုစည်းပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းအဖြစ် သတ်မှတ် ထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် “ဝ” တပ်ဖွဲ့သည် မတူညီသည့် ရပ်တည်ချက် များစွာရှိကြောင်း၊ ထိုကဲ့သို့ ‌ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးနိုင်ရန်အတွက် ဆိုသည်မှာ လုံးဝ အဆင်မပြေနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။  

တရုတ်အထူးကိုယ်စားလှယ်ဟောင်း ဆွန်ကော်ရှန်နဲ့ KIA ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ကို တွေ့ရစဉ်

၎င်းက “လုံးဝ အဲဒီအဆိုကို ဦးကတော့ ကန့်ကွက်ပါတယ်ပေါ့။ "ဝ"နဲ့ မတူတာ တစ်ချက်ရှိပါတယ်။ "ဝ"က ဘာပဲ ပြောပြော အစကတည်းက "ဝ" ဆရာမနိုင် နှစ်ဆောင်ပြိုင်ဆိုပြီးတော့ သမိုင်း အစဉ်အလာအရကိုက တရုတ်ရော၊ ဗမာရော၊ အင်္ဂလိပ်ရောက လက်ရှောင်ထားခဲ့တဲ့ အနေအထားရှိတာကို။ ဒီကချင် ဧရိယာကျတော့ အင်္ဂလိပ် အစိုးရ ရော ကိုလိုနီအစိုးရ‌ရော၊ ဗမာရော၊ တရုတ်ရော အားလုံးက ဆက်ဆံမှုရှိတဲ့ အပြင်ကို ထူးခြားမှုတစ်ခုက ဘာရှိနေ လဲဆိုတော့ ကချင်ပြည်နယ်မှာရှိတဲ့ ကချင်က "ဝ"လို တစ်စုတစ်စည်းတည်း မဟုတ်ဘူး။ အထူးသဖြင့် ဂျိမ်းဖော အုပ်စုရဲ့ လက်ဝါးကြီး အုပ်မှုကို မလိုလားတဲ့ လီဆူတို့ဘာတို့ အုပ်စုကြီးတွေက ရှိတဲ့အပြင် ကချင်ပြည်နယ်မှာ အဓိကကျတဲ့ လူအများစုက ကချင် မဟုတ်ဘဲနဲ့ ရှမ်းနဲ့ ဗမာနဲ့က အဓိကဖြစ်နေတယ်။ ရှမ်းနဲ့ ဗမာနဲ့က သန်းခေါင် စာရင်းအရကတော့ ၅၀ ကျော် ၅၁ ရာခိုင်နှုန်းလောက် ဖြစ်နေတယ်။ ဒီအတွက်ကြောင့်မို့လို့ "ဝ"လို ကွန်ဖယ်ဒရိတ် လုပ်ဖို့အတွက်ကို လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောချင်တာပေါ့နော်၊ သုံးသပ်ချင်တာပေါ့။ အစကတည်းကိုက ပင်လုံ စာချုပ်မှာကိုက ခွဲထွက်ခွင့်၊ လွတ်လပ်ရေး မရမှီ အနေအထားမျိုးကို  သူတို့ကိုယ်တိုင် လက်ခံကျေနပ်ထား ပြီးတော့ သူတို့ကို ကချင်ပြည်နယ်ပေးမယ် ခွဲထွက်ခွင့် မရှိစေရအချက်ကို လက်မှတ် ထိုးထားတာပဲ။ အဲဒါကြောင့် မို့လို့ "ဝ"လို ဥစ္စာမျိုးဆိုတာက ခွဲထွက်ခွင့် မဟုတ်ဘဲနဲ့ ခွဲတော့မထွက်ပါဘူး။ ဒါပေမယ့် လုပ်ချင်တာလုပ်မယ် တရားစီရင်တာလည်း လွတ်လွတ်လပ်လပ် တရားစီရင်မယ် လူလည်းသတ်ချင် သတ်မယ်ဆိုတဲ့ ဥစ္စာမျိုးက ပေးခဲ့မယ်ဆိုရင်ကို စကားကိုမသုံးပါဘူး။ ပေးကိုမပေးဘူး အဲဒါလေ” ဟု ပြောသည်။ 

KIA သည် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်‌ရေး ကာလအတွင်း ယခင်ထက် ပိုမို အားကောင်းလာကာ တော်လှန်ရေး အင်အားစုများကို လက်နက်ခဲယမ်း အပါအဝင် စစ်သင်တန်းများနှင့် နေထိုင်နိုင်ရေးတို့ကို ထောက်ပံ့ကူညီပေးနေ သလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးများတွင်လည်း ပူးပေါင်းတိုက်ခိုက်နိုင်ရေး ထောက်ပံ့ပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀-၂၁ ရက်နေ့များက NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပြင် လက်မှတ် မရေးထိုးထားရသေးသည့် အဖွဲ့များအနေဖြင့် ဇူလိုင် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ငြိမ်းချမ်း‌ ရေး ဆွေးနွေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ထားသည်။