CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂

NSPNC နှင့် UWSA တွေ့ဆုံဆွေးနွေးမှုကနေ အဆင်ပြေလာပါက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော လက်နက်ကိုင် တိုက်ပွဲများ ရပ်စဲရေးထိန်းနိုင်မလား ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝန်း ကြား စောင့်ကြည့်လျက်ရှိနေသည်။

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) သည် “ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)အား UWSA ၏ ဗဟိုဌာနချုပ် ပန်ဆန်း(ပန်ခမ်း) မြို့တွင် သွားရောက်တွေ့ဆုံ ‌ဆွေးနွေးခဲ့သည်။ 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေးတို့ကို အဓိကထား ဆွေးနွေးကြသည်ဟု “ဝ” သတင်းဌာန WSTV က ထုတ်ပြန်ခဲ့သည်။ 

ထိုကဲ့သို့ “ဝ” တပ်ဖွဲ့နှင့် NSPNC တို့ တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်သည့် တိုးတက်မှု များစွာရှိလာ နိုင်ကြောင်း၊ “ဝ” တပ်ဖွဲ့၏ လုပ်ဆောင်မှုများသည် အခြားတိုင်းရင်းသား လက်နက်ကိုင်များအပေါ်တွင် သက်‌ရောက်မှုများ ရှိလာနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နဲ့ UWSA စစ်ဦးစီးချုပ် ပေါက်အိုက်ခမ်းကို တွေ့ရစဉ်

၎င်းက " “ဝ" တပ်ဖွဲ့နဲ့ ကျန်တဲ့ အဖွဲ့တွေကလည်း ဘာပဲဖြစ်ဖြစ် စကားပြောဆို ဆက်ဆံရှိနေတာပဲလေ။ ဒီအပေါ် မှာ မူတည်ပြီးတော့မှတော့ ပြောကြဆိုကြတဲ့အပေါ်မှာ မူတည်ပြီးတော့မှ "ဝ" တပ်ဖွဲ့ကသာ တကယ့်တကယ် တမ်း NSPNC နဲ့ သဘောတူညီချက် တော်တော်များများ ရတယ်ဆိုရင် ကျန်တဲ့အဖွဲ့တွေ အနေနဲ့လည်း ဘာလုပ် သင့် တယ်ဆိုတဲ့ဟာမျိုး သူတို့ဆက်ပြီး ဆုံးဖြတ်ရမယ့် ကိစ္စတွေ ထပ်ထွက်လာမှာပါ သူတို့ရှိပါလိမ့်မယ်။  အဲဒီ အတွက်ကြောင့်မို့လို့ ဒါတွေလည်း တွေ့ဆုံဆွေးနွေးပါပြီ ဆိုကတည်းကိုက ဒီအချက်အလက်တွေ ပါလာမှာဖြစ် တယ်။ အဲဒီအတွက်ကြောင့်မို့လို့ တစ်ဖက်နဲ့ တစ်ဖက်နဲ့ အနည်းဆုံးတော့ သဘောတူညီချက် တစ်စုံတစ်ရာ ရမယ် လို့တော့ မှန်းလို့ရတယ်ပေါ့။ ဒီဟာကို ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာနိုင်ငံမှာ "ဝ"သည် အင်အားကြီး လက်နက်ကိုင်အဖွဲ့ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့ရွှေ့တဲ့ ရွှေ့ကွက်သည် ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ်ကိုလည်း ထိုက်သင့်တဲ့ သက်ရောက်မှုတော့ ရှိမယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ကတော့ မဆွေးနွေးခင် အခြေအနေထက် စာလို့ရှိရင်တော့ အများကြီး အပြုသဘောဆောင်တဲ့ တိုးတက်မှု‌တွေ အများကြီး ရှိမယ်လို့တော့ ကျနော်တို့က ရှုမြင် သုံးသပ်လို့ရပါတယ်”ဟု ပြောသည်။ 

“ဝ” သည် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် အင်အား အကြီးဆုံးအဖွဲ့ ဖြစ်ပြီး ကျန်လက်နက်ကိုင်အဖွဲ့များက “ဝ” တပ်ဖွဲ့ ရရှိနေသည့် နိုင်ငံရေး-စစ်ရေး အဆင့်အတန်းမျိုးကို ရရှိရန် စိတ်ကူးလျက်ရှိသည်။ 

လက်ရှိ အခင်းအကျင်းအရ “ဝ” တပ်ဖွဲ့အနေဖြင့် ယခင်ပုံစံအတိုင်း သွားမည်ဆိုလျှင် အဆင်မပြေမည်ကို ကြိုတင် စဥ်းစားသည့်သဘော သက်ရောက်ကြောင်း၊ “ဝ” ဘက်မှ လက်နက်ခဲယမ်းများ မပံ့ပိုးတော့လျှင် ကျန်တိုင်းရင်း သား လက်နက်ကိုင်များအနေဖြင့် အခက်တွေ့သွားနိုင်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုး က CNI သတင်းဌာနသို့ ပြောသည်။ 

UWSA ဒုဥက္ကဋ္ဌ ကျောက်ကော်အန်း၊ စစ်ဦးစီးချုပ် ပေါက်အိုက်ခမ်းနဲ့ ဒုစစ်ဦးစီးချုပ်တို့ကို တွေ့ရစဉ်

၎င်းက “ “ဝ”ကလည်း ထိုနည်းတူစွာပဲပေါ့၊ တပ်ကို ရန်ပြုတဲ့ပုံစံမျိုး သူက လူက လူလည်ဆိုတော့ အရှေ့ကတော့ မျက်နှာထုတ်မပြဘူး။ အနောက်ကနေ ဈေး‌လည်းရောင်းတယ်ပေါ့ဗျာ ဒါသူလုပ်နေကျပေါ့။ ဒါနဲ့ပတ်သက်လို့ တရုတ် က ဒါကိုလည်း မကြိုက်ဘူးဆိုတာ ကျနော်တို့က ကြားသိနေရပြီလေ။ အဲဒီအခါကျတော့ နောက်ပြီးတော့ စစ်တပ်က လည်း အင်အားက ပြန်ကောင်းလာပြီ ဒီစစ်မှုထမ်း ဥပဒေအရရော။ အဲဒီတော့ "ဝ"က ဒီအချိုးမျိုး ဆက်သွားနေ လို့ရှိရင် မြှောက်ထိုးပင့်ကော် လုပ်နေမယ်ဆိုလို့ရှိရင်တော့ တပ်နဲ့ရော၊ ကြံ့ခိုင်ရေးပါတီ အုပ်စုနဲ့ရော၊ ရေရှည်မှာ မြန်မာပြည်ရဲ့ အနာဂတ်မှာဖြစ်လာမယ့် အစိုးရအဆက်ဆက်နဲ့ရော သူ့ရဲ့ဆက်ဆံရေးက ကောင်းမှာ မဟုတ်တော့ ဘူး။ ကောင်းမှာ မဟုတ်ဘူးဆိုရင် သူ့အတွက်က ဘာပဲပြောပြော နေရထိုင်ရ ကောင်းမှာမဟုတ်တော့ဘူး။  ဒီလို အခြေအနေတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ သူတို့ အလျှော့ပေးပြီးတော့ ဆက်ဆံလာတယ်။ သူတို့ ဒါကို အမြင်မှန် ရလာတယ်လို့ပဲ ကျနော်တို့က အဲ့ဒီလို မြင်တယ်ပေါ့နော်။ ဒီအတွက်ကြောင့်မို့လို့ တိုင်းရင်းသား လက်နက်ကိုင် အ‌ဖွဲ့တွေ လက်နက်ခဲယမ်း ကိစ္စဘာညာ တော်တော်ကို အခက်အခဲ ဖြစ်သွားနိုင်‌တယ်ပေါ့နော် အဲဒီလို ယူဆတယ်” ဟု ပြောသည်။ 

လက်ရှိတွင် UWSA သည် အမျိုးသားဒီမိုကရေစီ မဟာမိတ် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော်(AA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ ပါဝင်သည့် ပြည်ထောင်စု နိုင်ငံ‌ရေး ဆွေးနွေးညှိနှိုင်းရေးက်ောမတီ(FPNCC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသော နိုင်ငံရေးအကျပ်အတည်းနှင့် လက်နက်ကိုင် ပဋိပက္ခများ၌ UWSA က အဓိက အင်အားစု အနေဖြင့် ပါဝင်ခဲ့ပြီး နွေဦးတော်လှန်ရေး အင်အားစု များနှင့် AA-MNDAA-TNLA တို့အား လက်နက်ခဲယမ်းများ ဖြည့်တင်းပေးသူ ဖြစ်ခဲ့သည်။