CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေသမျှ တပ်မတော်က နိုင်ငံရေးမှာ ပါဝင်နေမည့် သဘောရှိသည်ကို နားလည်ထားရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက် နေ့မှ စတင်ကာ အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ 

လာမည့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းတွင် တပ်မတော်အနေဖြင့် နိုင်ငံ ရေး၌ ဆက်လက် ပါဝင်နိုင်ခြေရှိသလား သို့မဟုတ် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုသာ ထမ်းဆောင် တော့မှာလား ဆိုသည့်အပေါ်  စစ်ရေးနှင့်နိုင်ငံရေးလေ့လာသူများအကြား မေးခွန်ထုတ်မှုများ ရှိနေကြ သည်။ 

လက်နက်ကိုင် ပဋိပက္ခများနှင့် လက်နက်ကိုင် အင်အားစုများ အင်မတန်များပြားနေပြီး တစ်ခုတည်း သော တပ်မတော်ဆိုတာ မဖြစ်သေးသည့် အတွက်ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ဆက် လက် ဝင်ပါနေဦးမည့်သဘော မြင်တွေ့ရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

မြန်မာ့တပ်မတော် ခေါင်းဆောင်များကို တွေ့ရစဉ်

၎င်းက “ဒါကတော့ ပါနေအုံးမယ့် သဘောပဲ။ ကျနော်တို့က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဒီတစ်ခုကိုတော့ မဖြစ်မနေ လက်ခံထားရမယ့် သဘောရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတဲ့ အခါကျတော့ တပ်မတော် အနေနဲ့က သူသည်နိုင်ငံရေးကို ဝင်ပါနေရခြင်း အကြောင်းရင်းသည် တိုင်းပြည်မှာ ဆန့်ကျင် တဲ့ လက်နက်ကိုင် အင်အားစုတွေက အများကြီး ဖြစ်နေတယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အများကြီး ဖြစ်နေတယ်။ ဒါမျိုး တစ်ခုတည်းသော တပ်မတော်ဆိုတာ မဖြစ်သေးတဲ့ အတွက်ကြောင့်မို့လို့ သူသည် တိုင်းပြည်မှာ နိုင်ငံရေးထဲမှာ ဝင်‌ပါနေရခြင်း ဖြစ်ပါတယ်ဆိုတဲ့ ဟာကလည်းရှိတာကို။ ဆိုတော့ ကျနော်တို့ နိုင်ငံရေးသမားတွေ အနေနဲ့ကတော့ တိုင်းပြည်တစ်ခုမှာ တပ်ကနေမှ နိုင်ငံရေးထဲ ဝင်ပါနေ တာ မကောင်းဘူး။ ဒါ ကျနော်တို့ ဘက်ကတင် လက်ခံတာ မဟုတ်ဘူး။ တပ်ကလည်း အဲဒီဟာကို ဟုတ် တယ် ပါရတာတော့ မကောင်းဘူး။ သို့ပေမယ့် တိုင်းပြည် အခြေအနေအရ ပါနေရတာ ဖြစ်တာပေါ့လေ။ ဒါကို ဒီအခြေအနေကြီးကို ဘယ်လို ပြောင်းကြမလဲပေါ့နော်။ တစ်ခုတည်းသော တပ်မတော်ဆိုတာ ဖြစ် သွားအောင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုလုပ်မလဲဆိုတဲ့  အခါကျတော့ အဲဒီဟာကတော့ ‌တော်တော် အ‌ရေးပါတာပေါ့။ ဒီမေးခွန်းကို ဖြေနိုင်မှပဲ ခုနကဟာတွေဆက်ပြီး ပြောလို့ရမယ့် အနေအထားမျိုး ဖြစ်နေ တာပေါ့နော်” ဟု ပြောသည်။

လက်ရှိ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ ရလဒ်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်နေရာ မည်မျှပင် အနိုင်ရရှိထားစေကာမူ တပ်မတော်နှင့် ဒွန်တွဲပြီးမှ သာ အစိုးရသစ်ကို ဖွဲ့စည်းသွားမည့်ပုံစံ ရှိနေသည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ယူဆနေ ကြသည်။

လက်နက်ကိုင်များ အားလုံးသည် လက်နက်စွန့်ပြီး တိုင်းပြည် တည်ဆောက်ရေးတွင် ပါဝင်လာမည်ဆို လျှင် တပ်မတော်သည် နိုင်ငံရေးကဏ္ဍ၌ ရှိမှာမဟုတ်ကြောင်း၊ တပ်မတော်နှင့် USDP သည်လည်း မိတ်ဖက်ဖြစ်သည့်အတွက် တိုင်းပြည်အရွေ့တစ်ခု ရောက်အောင် ပူးပေါင်းပြီး သွားမှာ သေချာသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

၎င်းက “ပါနေရမှာပဲ အဲဒါလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ခါပြောဖူးတယ်လေ။ သူပြောတဲ့ ဟာလည်း ဒီတိုင်းပြည်မှာ အေးချမ်းသွားတယ်။ အားလုံးက လက်နက်ကိုင်တွေ အကုန်လုံးက လက်နက် စွန့်ပြီးတော့ တိုင်းပြည် တည်ဆောက်ရေးမှာ ဝင်လာမယ်ဆိုလို့ရှိရင် အမှတ်တော့ မမှားလောက်ဘူး သူ ကိုယ်တိုင် ပြောတယ်ထင်ပါတယ်။ အဲ့အခါကျရင်တော့တပ်မတော်က ဒီကဏ္ဍမှာ ရှိမှာမဟုတ်ဘူးလို့ ဒီလိုမျိုးပြောတာပေါ့ နော် ဒါက အမှန်ပါ။ တပ်ဘက်ကလည်း တစ်ကမ္ဘာလုံးက ပြောဆိုနေတာလေ။ သူတို့လည်း ဒါသိနေပြီး သားပါ။ အဖန်တလဲလဲ ထပ်နေပြီပေါ့နော်။ ဒါပေမယ့် ဒီနိုင်ငံ့ရဲ့ အနေအထားကလည်း သူတို့မရှိရင် မဖြစ် ဘူးလို့ သူတို့က ယူဆထားတယ်။ အဲ့ယူဆချက်က မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မှန်တယ် မှားတယ်‌ လို့ ပြောလို့မရဘူး။ အဓိက,က သူက ငါတို့ မလိုဘူး ငါတို့ထွက်သွားမယ်ဆိုလည်း သူ့သဘောပဲပေါ့နော်။ အခုလက်ရှိ အနေအထားမှာ သူလိုတယ်ဆိုရင်လည်း လိုတာပဲပေါ့နော်။ တကယ်လည်း အခြေအနေအရ လိုလည်းလိုနေတာကို။ ဒီသဘော ဖြစ်နေတာပေါ့နော်။ ဒီမိုကရေစီ နိုင်ငံရေးမှာတော့ တကယ်တော့ တပ် ရဲ့ ကဏ္ဍက မရှိပါဘူး။ ဒါက ( Full Democracy) ပေါ့နော်။ ဒီမိုကရေစီ အပြည့်အဝပေါ့နော်။ တပ်မတော် နဲ့ ပြည်ခိုင်ဖြိုးကလည်း မိတ်ဖက်ဖြစ်တဲ့ အတွက်ကြောင့် ဒါကတော့ ပူးပေါင်းပြီးတော့ အကောင်းဆုံး လုပ်လာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တိုင်းပြည် အရွေ့တစ်ခုကတော့ သွားမှာပါ။ အဲ့ဒါက တော့ Reform ပေါ့နော်။ ပြုပြင်ပြောင်းလဲရေးပေါ့နော်” ဟု ပြောသည်။ 

တပ်မတော်နှင့် ကျောချင်းကပ် ရင်ချင်းကပ် မလုပ်နိုင်ရင် ထိုအစိုးရသစ် နောက်နေ့ ပြုတ်ကျမည်ဟု USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက် ၂၇ ရက်များတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေကြပြီး စစ်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူ ၃ သန်းကျော်ရှိသည်။