CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် သူပုန်များမရှိစေရန် ပူးပေါင်း နှိမ်နင်းရေး မြန်မာသမ္မတ ဦးမင်းအောင် လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသော်လည်း လက်တွေ့ကျနိုင်လား ဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။
သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ သွားရောက်ခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊ အိန္ဒိယအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်၊ အိန္ဒိယပြည်ပရေးရာဝန်ကြီးတို့အား သီးသန့်စီ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်သူပုန်များ မရှိစေရေး၊ ဟိုဘက် ဒီဘက် မလိုလားမှုများကို ဆွေးနွေးခဲ့ကြကြောင်း ကြားသိရသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာသမ္မတ ဦးမင်းအောင်လှိုင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
၎င်းက “နိုင်ငံတော်သမ္မတကြီးအနေနဲ့ အန္ဒိယခရီးကို သွားတဲ့ကိစ္စက ဆိုလို့ရှိရင် မြန်မာနိုင်ငံအတွက်လည်း အင်မတန်မှ အင်အားကြီးတဲ့ အိန္ဒိယနိုင်ငံကို မိတ်ဆွေအမှန် ဖြစ်လာဖို့အတွက် မိတ်ဆွေစစ်၊ မိတ်ဆွေအမှန် ဖြစ်လာဖို့အတွက် လိုလားချက်ရှိတယ်။ ထိုနည်းလည်းကောင်းပဲ အိန္ဒိယဘက်ကလည်း မြန်မာနိုင်ငံကို လိုလား ချက် ရှိတယ်ဆိုတဲ့အပေါ်မှာ မိတ်ဆွေနိုင်ငံတွေ အနေနဲ့ ဆက်ဆံကြတဲ့ သဘောတစ်ခုကို တွေ့ရတယ်။ အိန္ဒိယက မြန်မာနိုင်ငံဘက်မှာ အခြေစိုက်တဲ့ နာဂသူပုန်တွေကို ဘယ်သူမှ မရှိစေချင်ဘူး။ အိန္ဒိယမှာလည်း နာဂသူပုန် ပြဿနာတွေက တော်တော် ကြီးလေးခဲ့တာတွေ ရှိတယ်။ ၁၉၉၇ ခုနှစ်မှာဆိုလို့ရှိရင် နာဂတွေအနေနဲ့ အိန္ဒိယ အစိုးရနဲ့ ငြိမ်းချမ်းရေးစကားတွေ ပြောခဲ့ကြပေမယ့် နောက်မှာတော့ မပြေလည်မှုတွေ ပြန်ဖြစ်သွားတယ်ဆိုတာမျိုး ကျမတို့က လေ့လာသိရှိရတယ်။ အဲဒီအခင်းအကျင်းတွေကို ကြည့်လိုက်တဲ့အခါမှာ မြန်မာနိုင်ငံဘက်မှာ နာဂသူပုန် တွေ ခိုလှုံတာမျိုး မဖြစ်စေဖို့အတွက်လည်း အိန္ဒိယက လိုလားပုံရတယ်။ မြန်မာနိုင်ငံဘက်ကလည်း အိန္ဒိယဘက် မှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ရှိတာကို မလိုလားတဲ့ပုံစံမျိုးရှိတယ်။ အဲဒီလို နှစ်ဖက် နှစ်နိုင်ငံစလုံးက အဲဒီလို မလိုလားမှုတွေကို ဆွေးနွေးကြတယ်လို့ ထင်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေသော အိန္ဒိယသူပုန်အဖွဲ့များသည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအား ခြိမ်းခြောက်မှု ဖြစ်မလာစေဖို့ နှိမ်နင်းရန် လိုအပ်တာမှန်သမျှ အားလုံးကို လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံဘက်က အိန္ဒိယကို ဇွန်လ ၁ ရက်တွင် ကတိပြုခဲ့ကြောင်း အိန္ဒိယသတင်းဌာန ANI မှ ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံ၏ နယူးဒေလီမြို့တော်ရှိ ဟိုက်ဒရာဘတ် အိမ်တော်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသမ္မတ ဦးမင်းအောင်လှိုင်တို့ကြား ပြုလုပ်ခဲ့သည့် ထိပ်သီးအဆင့် ဆွေးနွေးပွဲအတွင်း ယခုကဲ့သို့ အရေးပါသော ကတိကဝတ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုခရီးစဉ်နှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီက မီဒီယာများကို ရှင်းလင်း ပြောကြားရာတွင် ဝန်ကြီးချုပ် မိုဒီအနေဖြင့် မြန်မာသမ္မတနှင့် ဆွေးနွေးခဲ့ချိန်အတွင်း နယ်စပ်ဖြတ်ကျော် သူပုန်လှုပ်ရှားမှုများ အရေးကိစ္စကို အလေးထား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။
မိမိတို့ လက်နက်ကိုင် အဖွဲ့အနေဖြင့် အစိုးရဆိုသည့် ခေါင်းစဥ်နှင့် သွားနေသည်ဖြစ်သောကြောင့် သူပုန်ဆိုသည့် ခေါင်းစဥ်ကို လက်မခံကြောင်း NSCN- K/AM ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

NSCN-K/AM အဖွဲ့မှ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “ကျနော်တို့က သူပုန်ဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်မခံချင်ဘူးဗျ။ အမျိုးသား ကိုယ့်လူမျိုးရဲ့ နိုင်ငံရေး အဖွဲ့အစည်းပေါ့။ အစိုးရဆိုတဲ့ ခေါင်းစဥ်နဲ့ပဲ ကျနော်တို့က သွားခဲ့တာ အဲဒီသူပုန်ဆိုတဲ့ ခေါင်းစဥ်ကိုတော့ လက်မခံ ဘူးဗျ။ ကျနော်တို့ကျတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နာဂကတော့ ဘာဖြစ်ဖြစ် အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် ကြောင့်မို့ ကျနော်တို့ အနေနဲ့တော့ ကျနော်တို့ အမျိုးသားရေးကိစ္စကို ကျနော်တို့ အဓိက စောင့်ရှောက်ကာကွယ်ပြီး တော့မှ ကျနော်တို့ အမျိုးသားရေးအတွက် နာဂအတွက် ကျနော်တို့ Sovereignty Independence "အချုပ်အခြာ အာဏာလွတ်လပ်ရေး" ဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့ သွားနေတာဖြစ်တဲ့ အတွက်ကြောင့် ကျနော် သူပုန်ဆို တဲ့ သူတို့ရဲ့ အသုံးအနှုန်းကိုတော့ အဲဒါကိုတော့ လက်မခံဘူး။ ဒါကတော့ အိန္ဒိယရဲ့ ပေါ်လစီပေါ့။ အိန္ဒိယကတော့ အဖွဲ့အစည်းတွေကို သူက သွေးခွဲစေတယ်၊ အဖွဲ့အစည်း တစ်ခုနဲ့တစ်ခုနဲ့ကြားမှာ သွေးခွဲစေတဲ့ မူဝါဒကို သူတို့ သုံးနေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က အဲဒီငြိမ်းချမ်းရေးကို ဖျက်စီးလိုက်တာ သူတို့ကြောင့်”ဟု ပြောသည်။
တိုင်းရင်းသားလူမျိုးများသည် နိုင်ငံရေးတောင်းဆိုမှု သို့မဟုတ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးပမ်းနေကြသော တော်လှန်ရေးသမား သို့မဟုတ် လက်နက်ကိုင်အဖွဲ့များ ဖြစ်နိုင်သော်လည်း "သူပုန်"ဟု အလွယ်တကူ တံဆိပ်ကပ် ခြင်းသည် ၎င်းတို့၏ အခြေခံအခွင့်အရေးနှင့် သမိုင်းကြောင်းကို လျော့ချသလိုဖြစ်နေကြောင်း နိုင်ငံ့အသိုင်းအဝန်း က ထောက်ပြကြသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အစိုးရနှင့် တပ်မတော်ဘက်မှ "သူပုန်" သို့မဟုတ် "သောင်းကျန်းသူ" ဟု ခေါ်ဆိုရခြင်းသည် ၎င်းတို့သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို လက်နက်စွဲကိုင်၍ ဆန့်ကျင်တိုက်ခိုက်ခြင်း၊ တရားဥပဒေကို ဖောက်ဖျက်ခြင်းနှင့် ပြည်နယ်၏ တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းတို့ ကြောင့် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံအတွင်းမှာ အိန္ဒိယကို ဆန့်ကျန်နေသည့် နာဂလက်နက်ကိုင် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ NSCN-IM/HS၊ ENDA/ENNO၊ NNC၊ NPDF အပါအဝင် ကသည်းလက်နက်ကိုင် MPA၊ UNLF၊ PLA၊ PREPAK တို့ လှုပ်ရှားလျက်ရှိ သည်။
အလားတူ အိန္ဒိယနိုင်ငံအတွင်းမှာလည်း မြန်မာကို ဆန့်ကျန်နေသော AA၊ KIA၊ CNF၊ PDF စသည့် လက်နက်ကိုင် အဖွဲ့များ ဝင်ထွက်သွားလာ လှုပ်ရှားနေသလို လိုအပ်သော အရင်းအမြစ်များကိုလည်း ရယူသုံးစွဲနေကြပြီး နိုင်ငံခြား သား ကြေးစားစစ်သားများလည်း ဝင်ထွက်သွားလာနေကြောင်း သိရသည်။
