CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး သဘောတူညီထားသည့် ၄၃ ချက်အား လွှတ်တော်၌ တင်ပြမဆွေးနွေးခင်တွင် အများပြည်သူသိအောင် ကြေညာပေးသင့်သည်ဟုမြင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး  ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)သည် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် သဘောတူထားသည်များ ရှိသကဲ့သို့ နိုင်ငံရေးပါတီများ အစုအဖွဲ့တို့နှင့်လည်း သဘောတူထားသည်များရှိသည်။

ထို ၄၃ ချက်တွင် အချို့ပုဒ်မများသည် ပြည်သူ့ဆန္ဒ ကောက်ယူပွဲ လိုအပ်သဖြင့် လူသိရှင်ကြား ကြေညာ သင့်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

NSPNC အစည်းအဝေးကျင်းပနေစဉ်

၎င်းက “ကျနော် ပြောနိုင်တာကတော့ ၇ ဖွဲ့နဲ့ သဘောတူညီချက်ရတာ မဟုတ်ဘူး။ ၅ ဖွဲ့နဲ့ သဘောတူညီ ချက်ရတာ ဖြစ်တယ်။ ဒါဟာ ၂၀၂၃ မှာဖြစ်ခဲ့တယ်။ အခုပြောနေတာကတော့ ၄၃ ချက်လို့ပြောပေမယ့် ဒီ ၅ ဖွဲ့နဲ့ သဘောတူညီချက် ရယူခဲ့တာကတော့ ၂၁ ချက်ပဲဖြစ်တယ်။ ကျန်တဲ့ ၂၂ ချက်ကတော့ ပါတီတွေ၊ သည်ဖြင့် အဖွဲ့အစည်းတွေနဲ့ ယူထားတယ်လို့ ကျနော်တို့ ကြားသိရပါတယ်။ အဲဒီတော့ အခုဒီဥစ္စာတွေ ကို ကျနော်တို့က ဆွေးနွေးမယ်ဆိုရင် အနှေးနဲ့အမြန်ကတော့ အခုလောလောဆယ်မှာ ဘယ်သူ့ကိုမှ လူသိရှင်ကြား ကြေညာထားတာ မရှိပေမယ့် မကြာခင် ဆိုလို့ရှိရင် လွှတ်တော်မှာ တင်ပြဖို့ရှိတယ်ဆိုတဲ့ အခါကြတော့ ဒါဟာ ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ဥပဒေဖြစ်တယ်။ ပြည်သူတစ်ရပ်လုံးနဲ့ သက်ဆိုင် တဲ့ ဥပဒေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့က တချို့အချက်တွေမှာ၊ တချို့ ပုဒ်မတွေမှာ ပြည်သူ့ဆန္ဒ ကောက်ယူပွဲတောင် လိုလိမ့်မယ်။ ဒါတင်မကသေးဘူး သူတို့ရဲ့ ကိုယ်စားလှယ်တွေ ကနေတဆင့် လွှတ် တော်ထဲမှာ ဆန္ဒပေးမှုတွေလည်း ရှိနိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒီ ၄၃ ချက်ကို ဖြစ်နိုင်ရင်တော့ လွှတ် တော် မတိုင်မီမှာ ဒါတွေကို လူထု အများသိကြားအောင်လို့ ဒါကို ကြေညာပေးသင့်တယ်လို့ ကျနော် မြင်တယ်” ဟု ပြောသည်။

လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနား မယူခင်က တိုင်းရင်းသားလက်နက်ကိုင် (EAO)များ၏ တောင်းဆိုချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသနှင့်တိုင်းပြည်အတွက် လိုအပ်သည့် သ‌ဘောတူညီချက်များ၊ ဆွေးနွေးချက်များကို မကြာခင် ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ပြန်လည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့က ပြောဆိုခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြောက်ခံရချိန်၌ NSPNC နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ကြား သဘောတူညီမှု ရယူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ၄၃ ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးမည်ဟု ဧပြီလ ၁၀ ရက်နေ့က ပြောကြားထားသည်။

နိုင်ငံရေးပါတီများနှင့် ဆွေးနွေးထားသည်များအား လွှတ်တော်၌ တင်သွင်းသည့်အခါတွင် သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက လက်ခံ၊ ငြင်းခုန်၊ အတည်ပြုခြင်းများ ဆောင်ရွက် နိုင်သည်။

သို့သော် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့နှင့် သဘောတူထားသည့် အချက်များကိုမူ လွှတ်တော်တွင် တင်သွင်း ဆွေးနွေးမည်ဆိုပါက EAO များဘက်မှ လူပုဂ္ဂိုလ်များသည် လွှတ်တော်မှာ ရှိမနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူထားသည့် ၄၃ ချက်၌ အစိုးရဘက်မှ လည်း ကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဘက်မှလည်းကောင်း ကြိုမသိစေချင်သည့် အချက်များ ပါနိုင်ကြောင်း မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှအကြံပေး ဦးညိုအုန်းမြင့်က CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “ကျနော့်အနေနဲ့ ဒါတွေက နည်းနည်းတော့ ကျနော်တို့က တောင်းဆိုမှုတွေပေါ့နော်။ တချို့ကိစ္စ တွေမှာကြတော့ အစိုးရကို တောင်းဆိုသလိုပဲ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေက လည်း ကြိုမသိစေချင်တဲ့ဟာတွေလည်း ပါနိုင်ပါတယ်။ နိုင်ငံရေးပါတီတွေ ဆွေးနွေးပြီးတော့ လွှတ်တော် မှာ ဆွေးနွေးတဲ့ အခါကြရင် ၄၃ ချက်က တွေ့မှာဖြစ်ပါတယ်။ နောက်တစ်ခုက ကျနော်တို့ အခု ကျနော် တို့ တိုင်းပြည်မှာက သွားလိုက်၊ ရပ်လိုက် နိုင်ငံရေးဆိုလည်း ဒီမိုကရေစီက သွားလိုက် ၅ နှစ်၊ ၅ နှစ်ကနေ ၁၀ နှစ်။ ၁၀ နှစ်မှာ တစ်ခါ ရပ်သွားလိုက်၊ ၅ နှစ် ရပ်နေလိုက် ပြီးရင် ပြန်စလိုက် အဲဒီလိုပေါ့နော်။ ၁၉၄၈ ခု ကျနော်တို့ တိုင်းပြည် လွတ်လပ်‌ရေး ရကတည်းက ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်၊ ဘေးထွက်လိုက် အဲဒီလို သွားတယ်ဆိုတော့ ဒီလိုလွှတ်တော်မှာ တင်တယ်၊ ဆွေးနွေးတဲ့ကိစ္စတွေက ကျနော့်အနေနဲ့ ကတော့ အပြုသဘော ဆောင်တယ်လို့ ထင်တယ်။ နောက် ကျနော်တို့က baby step လို့ ခေါ်မှာပေါ့နော် ကလေးလမ်းလျှောက်သလိုပေါ့။ ချက်ချင်းတော့ မီတာ ၁၀၀ ကို ကမ္ဘာ့စံချိန်တော့ ချိုးနိုင်မယ် မထင်ဘူး။ ကျန်တဲ့နိုင်ငံတွေလိုတော့ ဖြစ်ချင်မှတော့ ဖြစ်မယ်။ ဒါပေမယ့် ကျ‌နော်တို့က တဖြေးဖြေးပဲ သွားပြီးတော့ တရွေ့ရွေ့နဲ့ ကျနော်တို့ ဆက်သွားရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ယနေ့ခေတ် အချိန်အခါနှင့် ကိုက်ညီသည့် ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးနေကြောင်း၊ သို့သော် တိုင်းပြည်အတွက် ထိခိုက်မည့် ကိစ္စရပ်များကိုလည်း ကာကွယ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောထားသည်။