CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၅

နာဂဒေသနှင့် နာဂလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့တပ်မတော်/အစိုးရနှင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေးဖော်ဆောင်ချင်တာဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM)၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖွံဖြိုး‌ ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြိုနှင့် လေရှီးမြိုတိုရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

NSCN-K/AM သည် လက်ရှိ မြန်မာ့တပ်မတော်နှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေ့သည့် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး၊ နာဂဒေသဖွံ့ ဖြိုးရေးကို အဓိကယူမည်ဖြစ်ကြောင်း NSCN-K/AM ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ ဦးချင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နာဂမျိုးနွယ်စုများကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ အဖွဲ့အစည်းမှာလည်း အဖွဲ့အစည်းကများတဲ့ အခါကြတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ လွတ်လပ်ရေးကို သွားနေတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တယ်။ ငြိမ်းချမ်းရေးလုပ်   တယ်ဆိုတာလည်း ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်ကို အဓိက ဦးတည်ပြီးတော့မှ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဦးတည်ပြီးတော့မှ သွားနေတဲ့ လမ်းကြောင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်တယ်ဆိုတာ ကျနော်တို့ အစိုးရတစ်ခု၊ လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့ နာဂဒေသက တကယ်လည်း ဖွံ့ဖြိုးမှုနောက်ကျတယ်။ အဓိကတော့ ဖွံ့ဖြိုးမှုပေါ့။ တအား နောက်ကျတဲ့ အတွက်ကြောင့်မို့ ဒေသတည်ငြိမ် အေးချမ်းရေးကို အဓိကယူမယ်။ ယူပြီးတော့ မှ ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို အစိုးရနဲ့လက်တွဲပြီးတော့မှ အလုပ်လုပ်မယ်ဆိုတဲ့ လမ်းကြောင်းနဲ့ ကျနော်တို့ သွားနေတာ ဖြစ်တယ်။ ဒီငြိမ်းချမ်းရေး ကျနော်တို့ ဆွေးနွေးသွားဖို့ ကိစ္စကတော့ ကျနော်တို့ဆီမှာတော့ ဟိုဟာပေါ့ Proposal တွေတော့ အများကြီး ရှိတာပေါ့နော်။ ကျနော်တို့ကတော့ တိုင်းအစိုးရအဆင့် သွားပြီပေါ့။ အခုလက်ရှိ ရွေးကောက်ပွဲအလွန် အစိုးရဖွဲ့ပြီးတဲ့နောက် အလွန်မှာတော့ ပြည်ထောင်စုအဆင့်ကိုလည်း ကျနော်တို့ သွားဖို့ရှိ တယ်။ အဲ့ဒီချိန်ကျမှပဲ ကျနော်တို့ ဘာဆွေးနွေးသွားမလဲဆိုတဲ့ လမ်းကြောင်းကိုတော့ အဲ့ချိန်ကျမှပဲ ကျနော်တို့ သိရမှာပါ”ဟု ပြောသည်။

NSCN-K/AM အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ/ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကြား ၂၀၂၄ ခုနှစ် က တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ထားကြသည်။

သို့သော် NSCN-K/AM အဖွဲ့က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို သွားရန် သဘောထားရှိနေပြီး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ 

ငြိမ်းချမ်းရေးလုပ်မည်ဆိုသည့်အပေါ်တွင် မည်သို့သောအခြေခံအကြောင်းတရားများ၊ သို့မဟုတ် ၎င်းတို့၏လိုအ ပ်ချက်ပေါ်တွင် အဖွဲ့အစည်းရပ်တည်နိုင်‌ရေးအတွက်ကို ရည်ရွယ်တာလား တင်ပြဆွေးနွေးနိုင်သည့် အနေအထား မျိုးဆိုလျှင် ပိုကောင်းမည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။

NSCN-K/AM အဖွဲ့ကို တွေ့ရစဉ်

၎င်းက “အဓိက,က ငြိမ်းချမ်းရေးလုပ်မယ်ဆိုတာက နံပါတ် ၁ အချက်က ကောင်းတယ်။ ဒါပေမယ့်လို့ ငြိမ်းချမ်းရေး လုပ်မယ်ဆိုတဲ့အပေါ်မှာ ဘယ်လို အခြေခံအကြောင်းတရားတွေ၊ ဒေသဖွံ့ဖြိုးရေးလို့ ပြောတဲ့အချိန်မှာ ပြည်သူတွေ ရဲ့ လိုအပ်ချက်က သူတို့ရဲ့ လိုအပ်ချက်ပေါ်မှာ အဖွဲ့အစည်း ရပ်တည်နိုင်‌ရေး အတွက်ကို ရည်ရွယ်တာလား၊  ဒါမှ မဟုတ် ပြည်သူတွေရဲ့ ရည်ရွယ်ချက်က ဘယ်လိုရှိသလဲဆိုတဲ့ အနေအထားကို ကျနော်တို့ ဒီပြည်သူတွေနဲ့ ဆက် စပ်တဲ့ အဖွဲ့အစည်းတွေရှိတယ်။ အဲ့ဒီတော့ အဲ့ဒီ အဖွဲ့အစည်းတွေနဲ့လည်း ကောင်းမွန်စွာ ထိတွေ့ချပြပြီးတော့ ဒီနိုင်ငံတော်နဲ့လည်း ကြားထဲကနေ ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး တစ်ခုကို သေသေ ချာချာ ဒါ အောက်ခြေအဆင့်မှာလည်း အဲ့ဒီလိုမျိုး တွေ့ဆုံဆွေးနွေးပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို လည်း သူတို့ တင်ပြ ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး ဖြစ်နိုင်တဲ့ အနေအထားမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့ ဗျာ။ ဘယ်လိုမျိုး ဖြစ်သင့်တယ်၊ ဘယ်လိုမျိုး ဖြစ်သင့်တယ်ဆိုတာ ငြိမ်းချမ်းရေးဆိုတာ ဒီနိုင်ငံတော်မှာက ငြိမ်းချမ်း ရေး ထွက်ပေါက်က ရှိပြီးသားလေ။ အဲ့ဒီတော့ ဘာတွေလုပ်မယ်၊ ဘာတွေလုပ်ရမယ် ငြိမ်းချမ်းရေးမှာ သူဟာ NSPNC ကနေ ဦးဆောင်ပြီးတော့ အကောင်အထည်ဖော်နေတဲ့ ကိစ္စတွေရှိတယ်။ NCA ထိုးမယ် ပြီးလို့ရှိရင် တိုင်း ပြည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ကိစ္စတွေက NSPNC ကနေ အကောင်အထည်ဖော်ဖို့ ဒါ သူတို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တာ ရှိတယ်။ ဆိုတော့ အဲ့ဒီလမ်းကြောင်းပေါ် သူတို့သွားချင်တာလား ဒါမှ မဟုတ် ဘယ်လိုပုံစံမျိုးနဲ့ ငြိမ်းချမ်းရေး လုပ်မလဲဆိုတဲ့ အနေအထား တစ်ခုကတော့ ဒါ သိဖို့လိုတာပေါ့ဗျာ”ဟု ပြောသည်။

နာဂဒေသသည် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားခြင်းနှင့် မုံရွာ- ဟုမ္မလင်း- ခန္တီး ရေလမ်းကြောင်းမှ ကုန်ပစ္စည်း များ သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းအပြင် စားနပ်ရိက္ခာ ရှားပါး ခြင်းများ ဖြစ်ပေါ်စေသည်။

ထို့နောက် နာဂဒေသတွင် တစ်ခုတည်းသောရှိသည့် ပန်ဆောင်နယ်စပ်ဂိတ်ကို အဆင့်မြှင့်တင်ခြင်းနှင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် လုပ်နိုင်မည်ဆိုပါက နာဂဒေသ ဖွံ့ဖြိုးတိုးတက်လာနိုင်ကြောင်း ထောက်ပြကြ သည်။

လက်ရှိ နာဂဒေသတွင် NSCN-K/AM၊ NSCN-K/YA၊ ENNO/ENND၊ Naga PDF၊ NSCN-IM၊ NSCN-Hashi Ramsan၊ PLA၊ MPA၊ UNFA-(I)၊ ULFA စသည့် လက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားလျက်ရှိသည်။