CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ တကားနှင့်နမ်ဖာကြား (၁၈)မိုင်နေရာရှိ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K/YA)အဖွဲ့ကို နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က ပန်ဆောင်မြို့နယ်၊ ခမ္မတိုင်ကျေးရွာတွင် မိမိတို့ တပ်ဖွဲ့ အား NSCN-K/YA မှ တိုက်ခိုက်လာသည့်အပေါ် ပြန်လည်တုန့်ပြန် တိုက်ခိုက်ခြင်းဖြစ်သည်ဟု NSCN-K/AM အဖွဲ့ က ပြောသည်။
NSCN-K/YA အဖွဲ့သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်က ပန်ဆောင်မြို့နယ်အတွင်း NSCN-K/AM အဖွဲ့ကို တိုက်ခိုက်ခဲ့သည့်အတွက် NSCN-K/AM အဖွဲ့ဘက်မှ ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိခဲ့သည်။
NSCN-K/AM အဖွဲ့က “ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် ပန်ဆောင်မြို့နယ်၊ ခမ္မတိုင်ကျေးရွာတွင် နာဂ တပ်မတော်အား တိုက်ခိုက်မှု ပြုလုပ်ခဲ့မှုအပေါ် ပြန်လည်တုန့်ပြန်သည့် အနေဖြင့် ယနေ့(ဇန်နဝါရီ ၁၂ ရက်)နံနက် မြန်မာစံတော်ချိန် မနက် ၆ နာရီအချိန်တွင် ခန္တီးဒေသ၌ တပ်စွဲထားသော Mobile-6 ယူနစ်မှ တကားနှင့် နမ်ဖာ ကြား (၁၈) မိုင်နေရာရှိ NSCN-YA စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်”ဟု ပြောသည်။

NSCN-K/YA တပ်ဖွဲ့ကို တွေ့ရစဉ်
အဆိုပါ တိုက်ခိုက်မှုအတွင်း NSCN-K/YA အဖွဲ့မှ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူများရှိခဲ့ကြောင်း၊ NSCN-K/YA အဖွဲ့၏ စခန်းကိုလည်း ထိန်းချုပ်ခဲ့ကြောင်း NSCN-K/AM အဖွဲ့က ပြောသည်။
NSCN-K/AM အဖွဲ့သည် နာဂဒေသ၏ တစ်ခုတည်းသော နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်သည့် ပန်ဆောင် မြို့သို့ ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိလာပြီး တပ်နေရာ ချထားလှုပ်ရှားခဲ့ သည်။
ထိုနေရာတွင် NSCN-K/YA အဖွဲ့ကလည်း လှုပ်ရှားနေပြီး ပန်ဆောင်မြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိနေသည်။
အဆိုပါ ပန်ဆောင်ဒေသနှင့် နယ်စပ်ကုန်သွယ်ရေး ထွက်ပေါက်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း ထိန်းချုပ်နိုင်ရေး NSCN-K/YA အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ရှိနေသည်။
အိန္ဒိယ-မြန်မာ-တရုတ်တို့သည် လီဒိုလမ်းဟု နာမည်ကျော်ကြားသော စတီးဝဲလ်လမ်းကို ပြန်လည် ပြင်ဆင်ရန် သုံးနိုင်ငံ သဘောတူညီထားကြောင်း၊ အိန္ဒိယသည် ပန်ဆောင်၊ နန်းယွန်းမှသည် မိုးညှင်း-မိုးကောင်းအထိ တာဝန် ယူရန်နှင့် တရုတ်က မိုးညှင်း-မိုးကောင်းမှသည် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးအထိ တာဝန်ယူရန် သဘောတူ ညီထားကြောင်း သိရသည်။

NSCN-K/AM ရဲ့ Mobile-6 တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့နောက် အိန္ဒိယနှင့် KIA သည် ကချင်ပြည်နယ်အတွင်းက ထွက်ရှိသော မြေရှားသတ္တု အပါအဝင် သယံဇာတများ တူးဖော်ရေးနှင့် သယ်ယူရေးအတွက် ပန်ဆောင်ဒေသကို အာရုံစိုက်ထားကြကြောင်း ဒေသတွင်း သတင်းရင်းမြစ် များက ပြောသည်။
လက်ရှိမှာတော့ ပန်ဆောင်ဒေသကို NSCN-K/AM နှင့် NSCN-K/YA တို့က တပ်ဖွဲ့များ ချ၍ တာဝန်ယူ ထိန်းချုပ်နေ ကြောင်း၊ NSCN-K/AM သည် ငြိမ်းချမ်းရေးနှင့် နာဂလူမျိုးများ တိုးတက်ရေးကို အာရုံစိုက်ကာ မြန်မာ့တပ်မတော် နှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ရပ် ထူထောင်ထားခြင်းကြောင့် မြန်မာ့တပ်မတော်၏ ထောက်ခံပံ့ပိုးမှုအား ရရှိ နိုင်ခြင်းကြောင့် ပန်ဆောင်ဒေသ တစ်ခုလုံးကို ထိန်းချုပ်လာနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးမှ ထောက်ပြသည်။
အလားတူ အိန္ဒိယအစိုးရဘက်ကလည်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဦးစားပေးသည့် NSCN-K/AM အဖွဲ့ကို ထောက်ခံပံ့ပိုးပေးလာနိုင်ကြောင်း၊ NSCN-K/AM အဖွဲ့နှင့် အိန္ဒိယအစိုးရကြား တွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု များလည်း ၂၀၂၅ ခုနှစ်အတွင်းမှာ ရှိခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
