CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲသည် တရုတ်အလိုကျ ရွေးကောက်ပွဲဖြစ်သောကြောင့် တက်လာသော အစိုးရအဖွဲ့သည် လူထုအစိုးရမဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲသည် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြား သဘောတူညီချက်ဟု ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူအဖြစ် လာရောက်သော တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းက ပြောကြားခဲ့သည်။

ယခု ကျင်းပသည့် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာအရ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ကြ သည့် NLD နှင့် SNLD ကဲ့သို့ ပါတီကြီးများ ပါဝင်ခွင့် မရခဲ့ကြသဖြင့်  လူထုကိုယ်ကျိုး အနစ်နာခံမည့် ကိုယ်စားလှယ်များကို ရွေးကောက် မတင်မြှောက်နိုင်ကြကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်း က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီတော့ ဒီ လူထုထောက်ခံမှုကနေ မပါတဲ့ ရွေးကောက်ပွဲကနေ တင်မြှောက်တဲ့ အစိုးရဆိုရင် ဘယ်လိုနည်းနဲ့မှ လူထုလိုလားတဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာနိုင်မှာ မဟုတ်ဘူးပေါ့။ လေ့လာတွေ့ရှိ ချက်အရ တစ်ဖက်ကလည်း ရွေးကောက်ပွဲကနေပြီးတော့မှ ရလာတဲ့ ဒီကိုယ်စားလှယ်တွေကလည်း ကြိုတင်မဲနဲ့ အနိုင်ရတဲ့ ရလဒ်တွေ ဖြစ်တယ်။ ဆိုလိုတာက ဒီရွေးကောက်ပွဲကလည်း ရိုးရှင်းပြီး တရားမျှ တတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတဲ့ဟာတွေ အပေါ်ကို ကျနော်တို့ လေ့လာသုံးသပ်မိတယ်။ တရုတ် အလိုကျ ဖြစ်လာတဲ့ ရွေးကောက်ပွဲက မြန်မာပြည်အတွက် တကယ့်ကို စစ်မှန်တဲ့ အစိုးရတစ်ရပ် တည် ဆောက်နိုင်မှာ မဟုတ်ဘူး။ လက်ရှိမှာလည်း တစ်နိုင်ငံလုံးက တော်လှန်ရေး အင်အားစုတွေ၊ လက်နက် ကိုင် အင်အားစုတွေ မြို့နယ်တိုင်းနီးပါးမှာ လက်နက်ကိုင်အင်အားစုတွေ‌ တော်လှန် ပုန်ကန်နေကြတယ် ဆိုတော့ တို့နိုင်ငံရဲ့ လူထုလိုလားချက်ကို မဖော်ဆောင်နိုင်သေးဘူး။ လူထုရဲ့ လိုအပ်တဲ့ခေါင်းဆောင်ကို မရွေးကောက် နိုင်သေးဘူးဆိုတာ ပြတာပေါ့နော်” ဟု ပြောသည်။

 မြန်မာအလံကို တွေ့ရစဉ် 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ မေလ  ၉ ရက်က မော်စကိုမြို့ (ရုရှားနိုင်ငံ)တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့နောက်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက်က တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံမှာ ကျင်းပသည့် ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်သည့်အခါမှာ အကြမ်းဖျင်းအားဖြင့် အားလုံး ကောင်းမွန် အဆင်ပြေနေသည်ကို တွေ့ရကြောင်း မစ္စတာတိန့်ရှီးကျွင်းက ပြောသည်။

ရွေးကောက်ပွဲသည် နိုင်ငံသားအားလုံးအတွက် အခွင့်အရေး ပေးထားပြီးသားဖြစ်ကြောင်း၊ ထိုအခွင့် အရေးကို မယူဘဲ ရွေးကောက်ပွဲပြီးချိန်မှ အကြောင်းပြချက် အမျိုးမျိုး ပြောဆိုနေကြခြင်းသည် အထွေ အထူး ဖြေရှင်းစရာလိုသည့်အကြောင်းဟု မသုံးသပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတကို တွေ့ရစဉ် 

ထို့ပြင် တရုတ်အချုပ်အခြာ အာဏာအောက်တွင် အလုပ်လုပ်ခြင်း မဟုတ်သည့်အတွက် ရွေးကောက်ပွဲ သည် တရုတ်အလိုကျ မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “ရွေးကောက်ပွဲက သူ့ဘာသာသူ ဘယ်လိုလုပ်မယ်၊ ဘယ်လိုသွားမလဲဆိုတာ ပြော ထားပြီးသား။ တရုတ် အလိုကျ လုပ်ရအောင် တရုတ်အချုပ်အခြာ အာဏာအောက်က ကျနော်တို့ အလုပ် လုပ်တာမှ မဟုတ်တာ။ အဲဒါကြီးကို ရှင်းစရာ အကြောင်းရှိတဲ့ကိစ္စ မဟုတ်ဘူးလေ။ လွှတ်တော်ထဲကို ကိုယ်စားလှယ်လောင်းသည် ဘယ်လောက် ဝင်သွားမလဲ။ အဲဒါက ခုနက ပြောသလို မဲပေးတဲ့လူတွေက ဘယ်သူတွေကို ဦးစားပေးပြီး ရွေးချယ်ကြမလဲ။ ဒီအပေါ်မှာပဲ မူတည်မှာ။ အဲဒီတော့ ကိုယ်ကစပြီးတော့ မဲပေးရွေးချယ်တဲ့ လူတွေက ကိုယ်က ဟိုလူကို မပေးဘူး၊ ဒီလူကို မပေးဘူး လုပ်ပြီးတော့မှ သူ့ဘာသာသူ တက်ချင်တဲ့သူ တက်လာတဲ့ အချိန်ကြမှ ဒါကတော့ ကိုယ့်သဘောနဲ့ မညီလို့ ဟိုလူက လုပ်တယ်၊ ဒီလူက လုပ်တယ် သွားပြီး အပြစ်ပြောလို့မရဘူး။ နိုင်ငံသားတစ်ယောက်မှာ သူလုပ်ရမယ့် သူ့အခွင့်အရေး ရှိ တယ်။ ကိုယ့်အခွင့်အရေးကို ယူခွင့်ရှိတဲ့ အချိန်မှာတောင် မယူနိုင်ဘဲနဲ့ နောင်အချိန်ကြမှ ဒီအခွင့်အရေးက ငါတို့အတွက်တော့ မကိုက်ဘူး။ မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးကြတော့ ဒါမျိုးကို ဖြေရှင်းဖို့ ဖြေရှင်းစရာ အကြောင်း မရှိဘူးလို့ ကျနော်တို့က မြင်ထားတယ်” ဟု ပြောသည်။ 

လက်ရှိတွင် ရွေးကောက်ပွဲအပိုင်း(၁) နှင့် အပိုင်း(၂) တို့ကို ကျင်းပခဲ့ပြီးဖြစ်ကာ ကျန်ရှိသည့် အပိုင်း (၃) ကိုမူ ဇန်နဝါရီ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ ခု၌ ကျင်းပမည်ဖြစ်သည်။