CNI International News
ကိုပင်ဟေဂင်၊ ဇန်နဝါရီ ၁၂
အမေရိကန်က သိမ်းပိုက်ရန် ရည်မှန်းထားသော ဂရင်းလန်းကျွန်းကို ကာကွယ်ရန် ဒိန်းမတ်အတွက် အခက်တွေ့ ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
လာမည့်သီတင်းပတ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ဒိန်းမတ်နှင့် ဂရင်းလန်းကျွန်းတို့မှ တာဝန်ရှိသူများဖြင့် တွေ့ဆုံမည်ဖြစ်သည်။
ထိုတွေ့ဆုံမှုတွင် ဂရင်းလန်းကျွန်း၏ အနာဂတ် အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။
ထို့အတူ ဒိန်းမတ်နိုင်ငံ အနေဖြင့် ၁၉၇၉ ခုနှစ်ကတည်းက ၎င်း၏လက်အောက်မှ တဖြည်းဖြည်းချင်း ခွဲထွက်ကာ လွတ်လပ်ရေးဆီသို့ ဦးတည်ရွေ့လျားနေသည့် ဂရင်းလန်းကျွန်းကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ဂရင်းလန်းကျွန်းကို သိမ်းပိုက်မည်ဆိုသည့် ခြိမ်းခြောက် မှုများကြောင့် ဥရောပနိုင်ငံများက ဒိန်းမတ်ဘက်မှ ရပ်တည်ပေးခဲ့ကြသည်။
သို့သော် ဂရင်းလန်းကျွန်း ပြဿနာသည် အမှန်တရား တစ်ခုကိုလည်း ဖော်ထုတ် ပေးလိုက်ခြင်း ဖြစ်သည်။

ဒိန်းမတ်စစ်သားတွေကို တွေ့ရစဉ်
ထိုအမှန်တရားမှာ ဒိန်းမတ်သည် လွတ်လပ်ရေးကို အလိုရှိနေသည့် နယ်မြေတစ်ခုကို ကာကွယ်ရန်အတွက် အရေးပေါ် ပြင်ဆင်နေရခြင်းဖြစ်သည်။
ဂရင်းလန်းကျွန်း၏ အကြီးမားဆုံး အတိုက်အခံ ပါတီကလည်း ယခုအခါ ဒိန်းမတ်အစိုးရကို ကျော်လွန်ပြီး အမေရိကန်အစိုးရနှင့် တိုက်ရိုက် ဆွေးနွေးလိုနေခြင်းပင် ဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုနှင့်ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ဂရင်းလန်းအစိုးရသည် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ဇန်နဝါရီ ၉ ရက်က ဂရင်းလန်းနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် မော့ဇ်ဖဲလ် (Vivian Motzfeldt) က ပြောကြားခဲ့သည်။
“ဂရင်းလန်းနဲ့ ပတ်သက်လာရင် ဂရင်းလန်းကပဲ ဦးဆောင်ပြီး အမေရိကန်နဲ့ စကားပြောဆိုသင့်ပါတယ်” ဟု ဗီဗီယန် မော့ဇ်ဖဲလ်က ပြောကြားခဲ့ကြောင်း ဒိန်းမတ်ရုပ်သံဖြစ်သည့် DR က ထုတ်လွှင့်ခဲ့သည်။
ထိုမှတ်ချက် စကားအရ ဂရင်းလန်းကျွန်း၏ အနာဂတ်သည် ဒိန်းမတ်နိုင်ငံအပေါ် မမူတည်ဘဲ ဂရင်းလန်း အာဏာ ပိုင်များ အပေါ်တွင်သာ မူတည်နိုင်သည့် အခြေအနေကို ပြသရာရောက်ကြောင်း လေ့လာသူများက ပြောကြားခဲ့ သည်။
Source: ရိုက်တာ
