CNI News

၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၂

လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် တပ်မတော်နှင့် ပေါင်းမှ အာဏာရ မည်ဆိုသည့်ပုံစံမျိုး လုပ်နေသည်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

ရွေးကောက်ပွဲ ဝင်ပြိုင်မည့် ပါတီများသည် တပ်နှင့်ပေါင်းမှ မိမိတို့ အာဏာရမည်ဆိုသည့် အနေအထားမျိုးဖြင့် လုပ်ဆောင်နေကြကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တပ်မတော်ထဲမှာရှိနေတဲ့ ဗိုလ်ချုပ်ကြီးတွေကနေအစပေါ့ ဗိုလ်ချုပ်တွေ၊  ဗိုလ်မှူးကြီးတွေ၊ ဗိုလ်မှူးချုပ် တွေ အဲဒီ အရာရှိတွေ အများစုကိုပဲ ဒီမှာနေပြီး ဝင်ပြိုင်ဖို့ဆိုပြီးတော့ ပါတီထဲထည့်တဲ့ဟာလည်း တွေ့နေရတာ ပဲလေ ယူနီဖောင်း ဝတ်ထားတဲ့ကနေပြီးတော့ စစ်သားတွေပေါ့။ သူတို့ ဒီရွေးကောက်ပွဲ အခင်း အကျင်းကို ဖန်တီးတယ်၊ စီစဉ်တယ် တစ်ဖက်မှာကတော့ တိုက်ပုံဝတ်ထားတာ ကနေပြီးတော့ ဒီစစ်သားတွေပဲ ဒီအာဏာရှင်တွေပဲ သူတို့ပြန်ပြီး‌တော့ တစ်ဖက်လက်နဲ့ အာဏာယူဖို့အတွက် လုပ်တာပါ။ တစ်ခါ ဒီထဲမှာနေ ပြီးတော့ register လုပ်ပြီး တော့ ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတဲ့ ဟာတွေကလည်း တပ်နဲ့ပေါင်းမှ ငါတို့အာဏာ ရမယ်ဆိုတဲ့ အနေမျိုးနဲ့ လုပ်တာ ဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲနဲ့ ဒီမှာပါဝင်နေတဲ့ နိုင်ငံရေး အစုအဖွဲ့တွေပေါ့။ ပါတီတွေ‌ကိုက အစ ကျနော်တို့ ပြည်သူတွေအနေနဲ့ လုံးလုံးလျားလျားကို ဆန့်ကျင်ရလိမ့်မယ် ဘယ်လောက်ပဲ ပေးပေး တစ်မဲနဲ့ပဲရရ နှစ်မဲနဲ့ပဲရရ သူတို့အစိုးရ လုပ်ချင်လည်းလုပ်ပေါ့။ ဂုဏ်သိက္ခာမဲ့စွာနဲ့ပဲ အစိုးရလုပ်တာလို့ပဲ ကျနော်တို့ကတော့ ပြောချင်ပါတယ်”ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်မှ ဖြုတ်ချ၍ အရေးပေါ် အခြေအနေ ကြေညာပြီး အုပ်ချုပ်လျက်ရှိသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်း၍ နိုင်ငံရေးပါတီများ ကို ပြန်လည် မှတ်ပုံတင်ခိုင်းခဲ့သလို ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်လျက်ရှိသည်။

နိုင်ငံရေးပါတီများ ရွေးကောက်ပွဲဝင်ခြင်းက ပြည်သူပေးမည့်မဲကို ရရှိအောင် ကြိုးစားကြခြင်းဖြစ်ပြီး အာဏာမလို ချင်သည့်ပါတီ ဒီလောကတွင် မည်သည့်ပါတီရှိလဲဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)မှ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

 နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို NCA (၁၀)နှစ်ပြည့်ပွဲမှာ တွေ့ရစဉ်

၎င်းက “နိုင်ငံရေးပါတီ တစ်ခုဆိုတာလေ နိုင်ငံတော်နဲ့ နိုင်ငံသား ကောင်းကျိုးကို သူတို့ ကောင်းကျိုးပြုချင်ကြလို့ သာ နိုင်ငံရေးပါတီ ထောင်ကြတာကို။ အဲဒီလို ကောင်းကျိုးပြုပြီးတော့ လုပ်ဆောင်ဖို့ လုပ်ပိုင်ခွင့် ရဖို့ဆိုတာက ပြည်သူအပ်နှင်းတဲ့ မဲကိုရရှိအောင်လို့ ဘယ်နိုင်ငံရေးပါတီမဆို ကြိုးစားကြမှာပဲ။ အဲလို ကြိုးစားမှုပေါ်မှာတော့ အာဏာမလိုချင်တဲ့ အနိုင်မလိုချင်တဲ့ပါတီ ဒီလောကမှာ ဘယ်ပါတီရှိလဲ။ ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်သူ အတွက် နိုင်ငံအတွက် လုပ်မယ်ဆိုရင် လုပ်ပိုင်ခွင့်ဆိုတဲ့ဟာ ရှိမှသာလျှင် လုပ်လို့ရတယ်။ ပါတီတိုင်းဟာဆိုလို့ရှိရင် ရွေးကောက်ပွဲ အောင်နိုင်ရေး ရည်မှန်းချက်ဆိုတဲ့ဟာကို ချမှတ်ပြီးဆောင်ရွက်ကြတာ ပါတီတိုင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခြားသော ဝေဖန်နေကြသောသူများ ၎င်းတို့ကိုယ်တိုင် သက်ဝင်ယုံကြည်သော ပါတီကရော ဘယ်လို ရပ်တည်ခဲ့သလဲ တပ်နဲ့ပေါင်းချင်း မပေါင်းချင်းကတေ အဓိက မကျဘူး။ ဟိုဟာနဲ့ပေါင်းတယ် ဒီဟာနဲ့ပေါင်းတယ်ဆို တာကတော့ အလကား ပြောနေကျတဲ့ လူတစ်စုရဲ့စကားသာဖြစ်တယ်။ ဒီပေါ်မှာတော့ ကြိုက်သလိုသုံးသပ် ကြိုက် သလို ဝေဖန်မှုလုပ်ကြမှပဲ ပါတီတစ်ခုက ရပ်တည်ချက် ဆောင်ရွက်နေမှုရဲ့ မူဝါဒပေါ်မှာပဲ အခြေခံတယ်”ဟု ပြော သည်။

လက်ရှိမြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ မြို့နယ် ၁၀၂ မြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း(၁)ကို ကျင်းပမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာတော့ မြို့နယ် ၁၀၀ မြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လက် ကျင်းပ မည်ဖြစ်သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လွှတ်တော် ခေါ်မည်ဖြစ်ပြီး မတ်လ၌ အစိုးရသစ်ကို ဖွဲ့စည်းကြမည် ဖြစ်သည်။

၂၀၂၆ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရကို မြန်မာ့တပ်မတော်က ဦးဆောင်ဖွဲ့စည်းသော အစိုးရတစ်ရပ်သာ ဖြစ် လာကြမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများကတော့ မြန်မာ့တပ်မတော်မှ ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့ထဲမှာ ရွေးချယ်ခံရဖို့ စောင့်မျှော်ရမည့် အခြေအနေသာရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြ သည်။