CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၂

တရုတ်သည် ထိုင်ဝမ်ကို ကျူးကျော်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းရန်နှင့် ယခုလကုန်ပိုင်း တွင် ကုန်သွယ်ရေး သဘောတူညီချက် ရရှိရန် မျှော်မှန်းထားကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

“ကျနော်တို့က တရုတ်နဲ့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ တရုတ်ကလည်း အဲဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး” ဟု ထရမ့်က အိမ်ဖြူတော်တွင် ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်းနိစ် (Anthony Albanese) နှင့် တွေ့ဆုံချိန်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

“ထိုင်ဝမ်က သူ့ (ရှီ) အတွက် အရေးမကြီးဘူးလို့ ပြောတဲ့သဘောမျိုး မဟုတ်ပါဘူး။ သူ့အတွက် ထိုင်ဝမ်က အရေးကြီး ပါလိမ့်မယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဘာမှ ဖြစ်မယ်မထင်ပါဘူး” ဟု ထရမ့်က ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်သည် ကမ္ဘာပေါ်တွင် စစ်အင်အား အကြီးဆုံး ဆိုသည့်အချက်ကို တရုတ်က နားလည်ထား ကြောင်းလည်း ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီကို‌ တွေ့ရစဉ်

“ကျနော်တို့မှာ အကောင်းဆုံးအရာတွေ အားလုံးရှိပါတယ်။ ဘယ်သူကမှ လာပြဿနာရှာမှာ မဟုတ်ပါဘူး။ ထိုင်ဝမ်နဲ့ အခြားကိစ္စတွေ ရှိနေတယ်ဆိုရင်တော့ ကျနော်တို့ဟာ အဆင်ပြေပြေ ဆက်ဆံသွားနိုင်မယ်လို့ ထင်ပါတယ်”ဟု ထရမ့်က ဆိုသည်။

ထို့ပြင် ထရမ့်သည် ဩစတြေးလျဝန်ကြီးချုပ်နှင့် အစည်းအဝေးအတွင်း ဩစတြေးလျနှင့် ဒေါ်လာ ဘီလျံချီသည့် တွင်းထွက်ပစ္စည်း သဘောတူညီချက် ချုပ်ဆိုမှုကိုလည်း ဂုဏ်ယူကြောင်း ပြေကြားခဲ့သည်။

အမေရိကန်နှင့် ဩစတြေးလျသည် အရေးကြီးသည့် တွင်းထွက်သတ္တု စာချုပ်ကို အပြီးသတ် ချုပ်ဆိုနိုင်ခဲ့ပြီး ထိုစာချုပ်အရ မြေရှားသတ္တုများနှင့် အခြားအရေးကြီး တွင်းထွက်ပစ္စည်းများ ထောက်ပံ့မှုကို မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ထိုသဘောတူစာချုပ်သည် ဒေါ်လာ ၈ ဒသမ ၅ ဘီလျံ တန်ဖိုးရှိပြီး အမေရိကန်သည် မြေရှားသတ္တုများနှင့် အခြား အရေးကြီးသည့် တွင်းထွက်ပစ္စည်းများ အများအပြား ရရှိတော့မည်ဟု ထရမ့်က ပြောကြားခဲ့သည်။

အယ်လ်ဘန်းနိစ်ကလည်း ထိုသဘောတူညီချက်သည် အမေရိကန်-ဩစတြေးလျ ဆက်ဆံရေးတွင် နောက်ထပ် အဆင့်သစ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: South China Morning Post