CNI International News
တိုကျို၊ နိုဝင်ဘာ ၂၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အချိန်မရွေး ဖုန်းခေါ်နိုင်ကြောင်း ပြောသည်ဟု ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi)က ပြောကြားလိုက်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) သည် နိုဝင်ဘာ ၂၅ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ဖုန်းဆက်သွယ် ပြောဆိုခဲ့သည်။
ဂျပန်သည် ထိုင်ဝမ် အရေးနှင့်ပတ်သက်ပြီး တရုတ်နှင့် သံတမန်ဆက်ဆံရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် တာကာအီချီနှင့် ထရမ့်တို့သည် ပထမဆုံးအကြိမ် ဖုန်းဆက်သွယ် ပြောဆိုခဲ့ခြင်းဖြစ်သည်။
တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်မည်ဆိုပါက ဂျပန်ကလည်း စစ်ရေးဖြင့် ဝင်ပါရလိမ့်မည်ဟု ယခုလ အစောပိုင်း တွင် တာကာအီချီက လွှတ်တော်၌ ပြောကြားခဲ့ပြီးနောက် တရုတ်နှင့် ဂျပန်ကြား တင်းမာမှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ထရမ့်ကမူ ၎င်း၏ လုံခြုံရေးမဟာမိတ်ဖြစ်သည့် ဂျပန်နှင့် ၎င်း၏ စူပါပါဝါ ပြိုင်ဘက်ဖြစ်သည့် တရုတ်ကြား အငြင်း ပွားမှုအပေါ် လူသိရှင်ကြား မှတ်ချက်ပေးခဲ့ခြင်း မရှိခဲ့ပေ။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတွေ့ရစဉ်
ထရမ့်၏ နှုတ်ဆိတ်နေမှုကြောင့် ဂျပန်အရာရှိအချို့က အမေရိကန်၏ ရပ်တည်ချက်အပေါ် စိုးရိမ်ကြလိမ့်မည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။
သို့သော် တာကာအီချီကမူ သူသည် နိုဝင်ဘာ ၂၅ ရက်က ထရမ့်နှင့် ဖုန်းပြောဆိုခဲ့ပြီး ဂျပန်အပေါ် အမေရိကန်၏ ထောက်ခံမှုနှင့်ပတ်သက်ပြီး သံသယများ မဝင်စေရန် ပြောကြားခဲ့သည်။
“သမ္မတကြီး ထရမ့်က ဘာပြောလဲဆိုတော့ သူနဲ့ ကျမဟာ အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေပါတဲ့။ ပြီးတော့ ကျမ အနေနဲ့လည်း သူ့ဆီ အချိန်မရွေး ဖုန်းခေါ်နိုင်တယ်လို့ ပြောပါတယ်” ဟု တာကာအီချီက သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့ပြင် ထရမ့်က သူသည် နိုဝင်ဘာ ၂၄ ရက်ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) နှင့် ဖုန်းပြောဆို ခဲ့ကြောင်း အပါအဝင် မကြာသေးမီက အမေရိကန်-တရုတ် ဆက်ဆံရေးများနှင့်ပတ်သက်ပြီး ရှင်းပြခဲ့သည်ဟု တာကာအီချီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်တွင်မူ ရှီနှင့် ထရမ့်တို့၏ ဖုန်းပြောဆိုမှုအတွင်း ရှီက ထိုင်ဝမ်ကို တရုတ်နှင့် ပြန်လည်ပေါင်းစည်းရေးသည် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းအတွက် အဓိက အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
Source: ရိုက်တာ
