CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉
လက်ရှိတွင် လွှတ်တော်နေရာ အများစု အနိုင်ရရှိထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မြန်မာ့တပ်မတော်တို့ကြား ရွေးကောက်ပွဲပြီးနောက် အစိုးရအဖွဲ့အား ဘယ်လိုဖွဲ့စည်း မလဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများရှိနေကြသည်။
ရွေးကောက်ပွဲပြီးနောက် သမ္မတနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပါတီဥက္ကဋ္ဌ ဦးခင်ရီတို့ကြား ညှိနှိုင်းသဘောတူထားမှု မရှိပါက လွှတ်တော်ကိုယ်စားလှယ်များ၏ အဆုံးအဖြတ်ကို ခံယူရမည် ဖြစ်ကြောင်း၊ ထိုမဲခွဲဆုံးဖြတ်မှုသည် စိတ်ဝင်စားဖို့ ကောင်းမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ရွေးကောက်ပွဲမတိုင်ခင်မှာ သူ့ဆီက သူ့ဘက်က ဗိုလ်ချုပ် တော်တော်များများကို တာဝန်ရှိတဲ့သူ တော် တော်များများကို ရွေးကောက်ပွဲဝင်ဖို့ ပြည်ခိုင်ဖြိုးကို စေလွှတ်လိုက်တာ၊ နောက်တစ်ခါ တစညကိုလည်း တချို့ စေလွှတ်တယ်လို့ သတင်းတွေ ထွက်လာတာ။ အဲဒါတွေကို ကြည့်ရင်တော့ သူက ကာကွယ်ရေးဦးစီးချုပ်က အခု ယာယီသမ္မတက နောင်ပေါ်လာမယ့် လွှတ်တော်မှာ သူ့ကို သမ္မတအဖြစ် ထောက်ခံဖို့၊ သူကတော့ သေချာပေါက် ကတော့ တပ်က ရွေးချယ်တဲ့ သမ္မတလောင်းကတော့ ဖြစ်မှာပဲပေါ့။ သမ္မတလောင်းဖြစ်မယ် သို့တည်းမဟုတ် ဒုသမ္မတတော့ သေချာတယ်ပေါ့။ သမ္မတလောင်းဖြစ်ဖို့အတွက် စိတ်မချနိုင်လို့ ထည့်တယ်လို့ ကျနော်က ယူဆ တယ်။ အဲဒါကြောင့်မို့လို့ သူတို့ ညှိနှိုင်းထားမှု မရှိဘူးလို့ ယူဆရတာပေါ့။ အဲဒါကြောင့် အဲဒီလိုတကယ်ပဲ ညှိနှိုင်း ထားတာ မရှိဘူး။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူမယ်လို့ သူတို့က သဘောတူထားတယ် ဆိုရင်တော့ လွှတ်တော်အတွင်းမဲခွဲမှုက တော်တော် စိတ်ဝင်စားစရာ ကောင်းမှာပေ့ါ” ဟု ပြောသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှ စတင်ကာ အပိုင်း ၃ ပိုင်းခွဲ၍ ကျင်းပနေခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့အထိ အပိုင်း ၂ ပိုင်း ကျင်းပပြီးစီး သွားခဲ့ပြီဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
လက်ရှိ အချိန်အထိ လွှတ်တော်နေရာ အများစုသည် USDP ပါတီမှ အနိုင် ရရှိနေခြင်းဖြစ်ကာ ဒုတိယအများဆုံး သည် တစညပါတီဖြစ်ကြောင်း သိရသည်။
USDP ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်နေရာ မည်မျှပင် အနိုင်ရရှိထားစေကာမူ တပ်နှင့် ဒွန်တွဲပြီးမှသာ အစိုးရဖွဲ့အသစ်ကို သွားမည့်ပုံစံဖြစ်ပြီး ပါတီထဲမှ တပ်ခေါင်းဆောင်များအား အစိုးရအကြီးအကဲတွင် ပါဝင်နိုင် စေရင်း USDP ဘက်မှလည်း ရွေးချယ်သွားမည့်ပုံဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဓိကကတော့ USDP က အားကောင်းတယ်ဆိုတဲ့ ဟာကတော့ ကြိုတင်မဲတွေ တော်တော်များများက အဲဒါနဲ့ပဲ သူများကို အနိုင်ယူတာပေါ့နော်။ ဒါကြောင့် အနိုင်ရတဲ့ USDP ကလည်း ဒါ ရိုးသားပွင့်လင်းတဲ့ အနိုင်ရလဒ် တော့ မဟုတ်ဘူး။ တစ်ဖက်ကလည်း ကြည့်မယ်ဆိုရင် USDP က ဘယ်လောက်ပဲ သူတို့က ကြိုတင်မဲတွေကြောင့် မကျေနပ်ချက်တွေပဲ ပြောနေပါစေ ဒါက မကျေနပ်ချက်ပဲပေါ့။ ဒါက တပ်ကို ခုခံနိုင်တဲ့ ပြောစကားတွေတော့ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ USDP ရဲ့ ဖြစ်ပေါ်လာမှုက တပ်ရဲ့ ကျောထောက် နောက်ခံပဲလေ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် တပ်နဲ့ USDP ကတော့ ဒွန်တွဲပြီးတော့မှ သွားမယ့်ပုံပါပဲ။ တခြားနည်းလမ်းတော့ မရှိနိုင်ပါဘူး။ ဘယ်လောက်ပဲ ညှိဖို့ လိုအပ်နေပါလိမ့်စေ။ သူတို့ရဲ့ ဖြစ်တည်လာမှုက အတူတူပဲဆိုတော့ ဒါက လက်ဝါးချင်း ရိုက်တဲ့ပုံစံပဲ ဖြစ်နေမှာပဲ။ USDP ကလည်း တပ်ရဲ့ လိုအပ်ချက်တွေကို ဖော်ဆောင်ပေးနေမှာပဲ။ တပ်ကလည်း USDP ကို ပံ့ပိုးပေးနေမှာပဲ။ USDP မနိုင်နိုင်အောင် USDP ထဲက တပ်ခေါင်းဆောင်တွေကို အစိုးရအကြီးအကဲမှာ ပါဝင်အောင် USDP ကလည်း ရွေးချယ်သွားမယ့်ပုံပဲ။ အခုက သိရှိချက် အရဆိုရင်တော့ လက်ဖဝါးနဲ့ လက်ဖမိုး ပဲ ဖြစ်နေမှာပဲ USDP နဲ့ တပ်က” ဟု ပြောသည်။

ဦးခင်ရီကို တွေ့ရစဉ်
တပ်မတော်၏ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)သည် နောက်ဆုံး ပိုင်း ရွေးကောက်ပွဲ မတိုင်ခင်အထိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အမတ် ၂၅ ရာခိုင်နှုန်းနှင့်အတူ အစိုးရတစ်ခု ဖွဲ့စည်းရန် လုံလောက်သော အမတ်နေရာ ရရှိထားသည်ကို တွေ့ရသည်။
အစိုးရတစ်ရပ် ဖွဲ့စည်းရန်အတွက် ပါတီ တစ်ခုသည် ပြည်ထောင်စုလွှတ်တော် ၅၈၈ နေရာတွင် ၅၀ ရာခိုင်နှုန်း (၂၉၄ နေရာ) ရရှိရန် လိုအပ်ပြီး USDP သည် ရွေးကောက်ပွဲ အပိုင်း ၂ ပိုင်းတွင် ၁၉၄ နေရာရထားကြောင်း သိရသည်။
ထို့ပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အမတ် ၁၆၆ နေရာနှင့် ပေါင်းလိုက်ပါက USDP ပါတီသည် လက်ရှိတွင် လွှတ်တော် ကိုယ်စားလှယ်နေရာ ၃၆၀ ကို ရရှိထားပြီး အစိုးရဖွဲ့ရန် လိုအပ်သည့် အများစု ၂၉၄ နေရာထက် ကျော်လွန်နေပြီလည်း ဖြစ်သည်။
