CNI News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အာရက္ခတပ်တော် (AA) တို့ကို ရွေးကောက်ပွဲအား ပျက်ပြားအောင် နှောင့်ယှက်ဟန့်တားခြင်းဆိုသည့် အကြောင်းပြချက်ဖြင့် အမှုဖွင့် အရေးယူထားမှုက ထိရောက်မှု ရှိနိုင်လား ဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။
ဩဂုတ် ၃၀ ရက်တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့ သည့် KNU မှ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုစောဆဲဂေ၊ ပဒိုတာဒိုမူး အပါအဝင် ၁၁ ဦးကို စက်တင်ဘာ ၁ ရက်က လှိုင်းဘွဲ့မြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။
ထို့နောက် စောဆာပုလဲဒီဝမ်းကိုလည်း စက်တင်ဘာ ၉ ရက်၌ လှိုင်းဘွဲ့မြို့နယ်၊ ပိုင်ကျုံ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့ပြင် ဩဂုတ် ၂၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ ဘုန်းကြီးကျောင်း ၌ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်နေစဉ် Drop Bomb တစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် AA နှင့် PDF (စိစစ်ဆဲ)တို့ကို စက်တင်ဘာ ၄ ရက်တွင် အိုင်သပြုနယ်မြေ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
ယခုကဲ့သို့ KNU နှင့် AA တို့ကို အမှုဖွင့် အရေးယူမှု ပြုလုပ်ခြင်းသည် တစ်ပြည်နယ်လုံး၏ အချုပ်အခြာအာဏာကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း ပြသချင်သည့် ပုံစံဖြစ်သော်လည်း တစ်စုံတစ်ရာ ထိရောက်မှု မရှိကြောင်း တရုတ်-မြန်မာ အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
AA ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို တွေ့ရစဉ်
၎င်းက “သူတို့ဂိုက်က တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာကို သူတို့သာ ပိုင်တယ်ဆိုတဲ့ ဂိုက်ပေါ့။ ဟိုတစ်ခါ စစ် မာရှယ်လောကြေညာတုန်းကလည်း “ဝ” နယ်တို့၊ မိုင်းလားတို့ကိုတောင် ထည့်ကြေညာသေးတာ။ သူတို့ မရောက် တာတောင် နှစ်ပေါင်း ဘယ်လောက်ရှိနေပြီလဲ။ အဲဒါကိုတောင် ထည့်ကြေညာသေးတာ။ တကယ်တော့ ဗမာ တစ်ပြည်လုံးရဲ့ အချုပ်အခြာအာဏာပိုင်ဟာ သူတို့သာဖြစ်တယ်ဆိုတာ ပြချင်တာပေါ့။ ဒါမှ တခြားနိုင်ငံကလည်း ဆက်ဆံလို့ကောင်းမှာကို။ အခု တခြားနိုင်ငံတွေကလည်း ဒီစကားပဲ ပြောတာလေ။ တကယ့် de facto government လို့ ခေါ်တာပေါ့နော်။ တကယ် အုပ်ချုပ်နေတာက စစ်ကောင်စီပဲ ဖြစ်တာကို။ စစ်ကော်မရှင်ပဲ ဖြစ် တော့ အဲဒီဂိုက်ကို လိုက်ဖမ်းတာပေါ့။ သူတို့ပဲ ပိုင်တယ်၊ အာဏာက သူတို့ပိုင်တယ်ဆိုတဲ့ ဂိုက်နဲ့ ထုတ်တာပါပဲ” ဟု ပြောသည်။
ထိုသို့ အမှုဖွင့် အရေးယူထားမှုနှင့်ပတ်သက်၍ KNU ဘက်မူ သီးသန့်နယ်မြေထဲမှာ ရှိခြင်းဖြစ်သောကြောင့် ထိုတရားစွဲမှုသည် ဘယ်လိုမှ သက်ရောက်မှာ မဟုတ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောတောနီးက ဘီဘီစီကို ဖြေဆိုထားသည်။
ထို့အတူ အာရက္ခတပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ဘုန်းကြီးကျောင်းကို ဗုံးချတိုက်ခိုက် ခြင်း လုံးဝမရှိကြောင်း ငြင်းဆိုထားသည်။
လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအရ ထိုလက်နက်ကိုင် အဖွဲ့များအပေါ် အမှုဖွင့်လှစ်ထားသည့်အတိုင်း အရေးယူရန် မဖြစ်နိုင်သေးသော်လည်း ရွေးကောက်ပွဲပြီးနောက်တွင် တရားဥပဒေအရ ပြန်လည်ဆုံးဖြတ်ရန် အချိန်ရောက်လာမည်ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာန သို့ ပြောသည်။
KNU ခေါင်းဆောင်ဟောင်းများနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်
ထိုသို့ အမှုဖွင့် အရေးယူထားမှုသည် အစိုးရမှ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမှသာ အဆင်ပြေမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။
ဒေါက်တာအောင်မျိုးက “သူက တကယ် ထိရောက်မှု ရှိတာပေါ့နော်။ အဲဒါက ရှိတယ်။ ရှိတော့ သူတို့က ပြစ်မှု ဆိုင်ရာ ရာဇဝတ်မှုတစ်ခုနဲ့ ငြိသွားတာပေါ့။ အထူးသဖြင့်တော့ ဒီအဖွဲ့ထဲက တာဝန်ရှိသူတွေပေါ့။ တာဝန်ရှိသူတွေ က နောင်တစ်ချိန်မှာ ဒါကြီးပြီးသွားတဲ့ အခါကြတော့လည်း ဒီပြစ်မှုကို ရင်ဆိုင်ရမှာ ဖြစ်တယ်။ လက်ရှိကတော့ အရေး ဘယ်ယူ နိုင်ဦးမလဲ။ ဒါပေမယ့် နောင်တစ်ချိန်ကြတော့ သူက တရားဥပဒေအရ ပြန်လည်ဆုံးဖြတ်ပေးဖို့ အချိန်ရောက်မှာပေါ့။ ဘယ်သူမဆို ငြင်းမှာပဲ။ သူတို့က ခံရတဲ့လူတွေဖြစ်တာကို။ အဲဒီတော့ အနာဂတ်ဆိုတာ ဘယ်သူမှ ရေရာတာ မဟုတ်ဘူးလေ။ သေချာတာကတော့ အနာဂတ်မှာ သူတို့က အောင်မြင်မှုရဖို့က ဝေဝါးသွား ပြီလေ လက်ရှိအနေအထားမှာ။ အဲဒီတော့ မပြေမလည်ဘဲ သွားမလား။ ဒါကို သူတို့ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကြည့်ရမှာပေါ့။ ဒီဘက်မှာကတော့ အဲဒါမျိုး မရှိဘူး။ မရှိတဲ့အခါကြတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ဆူပူ သောင်းကျန်းသူတွေ အတွက်ကတော့ ဒါကြီးက နောင်တစ်ချိန်မှာ ပုံမှန် သူတို့ စေ့စပ်ဆွေးနွေးတယ်ဆိုရင် တောင် မှ ဒီကိစ္စကြီးက ကျန်နေတာပေါ့။ အဲဒါကြီးက ဦးနုခေတ်က လုပ်သလိုပေါ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လို ဟာမျိုး ပေးမှပဲ ရတော့မှာပေါ့ သူတို့အတွက်က။ တော်တော်လေးကို မကောင်းတဲ့ အခြေအနေလို့ ပြောရမှာပေါ့။ အစိုးရကလည်း လုပ်တတ်တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
ဩဂုတ် ၃၁ ရက်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၌ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပျက်ပြားစေရန် ဟောပြော ခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည့် ချင်းပြည်နယ် (Chinland) အစိုးရအဖွဲ့မှ ဦးပါထန်း အပါအဝင် ၁၇ ဦးကို စက်တင်ဘာ ၄ ရက်၌ ဟားခါးမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။
KNU, AA နှင့် အတိုက်အခံမှ ဖွဲ့စည်းထားသော ချင်းပြည်နယ်အစိုးရအဖွဲ့တို့အား ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားခြင်း ဖြစ်ကြောင်း သိရသည်။