CNI News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၉

မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသားများနှင့် ပဋိပက္ခများ ပိုမို ဆိုးရွားလာခဲ့မည်ဆိုလျှင် ထိုင်းရောက် မြန်မာရွှေ့ပြောင်းများ မည်သည့် အခြေအနေ ရင်ဆိုင်လာရနိုင်ခြေ ရှိလဲဆိုသည်ကို ထိုင်းရောက် မြန်မာအလုပ်သမား‌အရေး ဆောင်ရွက်နေသူများက သတိပေးလာကြသည်။

ပြီးခဲ့သည့် ရက်ပိုင်း၌ ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားတချို့နှင့် ထိုင်းလူငယ်တချို့ ခိုက်ရန်ဖြစ်ပွားသည့် ကိစ္စရပ် များသည် ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းများ စိုးရိမ်မှုများ ရှိနေကြသည်။ 

မြန်မာများ အနေဖြင့် ပဋိပက္ခအသွင်ဆောင်သည့် အချင်းပွားမှုများ အကြိမ်ကြိမ် ဖြစ်လာခဲ့မည်ဆိုလျှင် ၎င်းတို့၏ နိုင်ငံ၌ နေထိုင်ခွင့်မပြုသည့် ဆန့်ကျင်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အစွန်းရောက် အမျိုးသားရေး လှုပ်ရှားနေ သည့် ထိုင်းမျိုးချစ်များကလည်း ရှိနေ၍ မြန်မာများ ပါးနပ်စွာ ဆင်ခြင်နေထိုင်ကြရန် လိုအပ်သည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးအောင်‌ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။ 

 ရွှေ့ပြောင်းအလုပ်သမားများကို တွေ့ရစဉ်

၎င်းက “ဒါကတော့ ကျနော်တို့ ပါးစပ် ထိန်းထိန်းသိမ်းသိမ်း နေရမယ့် အခြေအနေ  ဖြစ်ပါတယ်။ ကျနော်တို့ ဆယ်စုနှစ် ပေါင်းများစွာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ကျနော်တို့ နေထိုင်ခဲ့ကြတဲ့အခါမှာ ဒီလို ပဋိပက္ခ အသွင်ဆောင်တာတွေက သိပ်မဖြစ်ဘူး။ အခုချိန်မှာမှ ဒါတွေ ထပ်ဖြစ်လာတယ် ဆိုတာကလည်း  တော် တော် သတိထားရမှာ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှာလည်း အစွန်းရောက် အမျိုးသားရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေကလည်း ပေါ်ပေါက်လာတယ်။ ဟိုးတချိန် ကျနော်တို့ နေထိုင်တုန်းက အဲဒီလိုမျိုး မရှိကြဘူး။ အခုချိန်မှာ သူတို့က ကမ္ဘောဒီးယား ကိစ္စနှင့်ပတ်သက်လို့ စပြီးမှ သူ့နိုင်ငံထဲ နေထိုင်ခွင့် မပြုတို့ ဘာတို့ ညာတို့က ဟစ်ကြွေးနေတာတွေက တအားများလာတဲ့ အချိန်မှာ အခု ဒုတိယတစ်ဖန် မြန်မာနိုင်ငံသားက အခုလိုမျိုးစပြီး ဖြစ်လာတယ်ဆိုရင် သူတို့က အုံလိုက်ကျင်းလိုက်ပေါ့ဗျာ။ ကျနော်တို့ကို ဆန့်ကျင်ပြီးမှ ဒီနိုင်ငံမှာ နေခွင့်မပြုဘူးတို့ ဘာတို့ ဖြစ်လာရင် ကျနော်တို့ရဲ့ တည်ငြိမ်အေးချမ်းနေတဲ့ အလုပ်အကိုင်တွေဟာ လုံးဝပျက်စီးပြီးမှ အခုချိန်မှာ ကိုယ့်တိုင်းကိုယ့်ပြည်မှာ ပြန်ပြီး ကောင်းရာကောင်းဝယ် လုပ်ကိုင်စားဖို့ဆိုတာလည်း အခြေအနေက မပေးသေး ဘူးလေ အဲဒါကြောင့် တစ်ဦးတစ်ယောက် အတွက်ကြောင့် အများကိုလာပြီး ဆန့်ကျင်မှုတွေဖြစ်မှာ စိုးရိမ်တယ်။ ဒီထက် ပိုမိုပြီးမှ ဒီလိုဖြစ်မှုတွေ အကြိမ်ကြိမ် အခါခါ ဖြစ်လာမယ်‌ဆိုရင်တော့ ဆိုးဝါးတဲ့ အနေအထားတွေ ရင်ဆိုင် ရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော့်အနေနဲ့ အဓိက ပြောချင်တာ‌တော့ ဧည့်သည်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် ကြောင့် မိမိရဲ့ ဦးတည်ချက် အလုပ်အကိုင်မှအပ ကျန်တဲ့ဟာတွေကို စိတ်ဝင်တစားမရှိဖို့ လိုအပ်တယ်လို့ သုံးသပ် ချင်ပါတယ်” ဟု ပြောသည်။

ထိုပဋိပက္ခဖြစ်စဥ် နောက်ပိုင်း၌ ထိုင်းနိုင်ငံသားများသည် ကမ္ဘောဒီးယားကဲ့သို့ မြန်မာရွှေ့ပြောင်း အလုပ်သမား များအပေါ် အမြင်စောင်း သွားနိုင်ကြောင်း၊ မြန်မာများ အနေဖြင့် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ကိုက်ညီမှုရှိအောင် နေထိုင် ဆင်ခြင်သင့်သည်ဟု ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အလုပ်သမား‌ရေးတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

 ထိုင်းရောက် မြန်မာရွှေ့ပြောင်းများကို တွေ့ရစဉ်

၎င်းက “ဒီဖြစ်စဥ် နောက်ပိုင်းမှာပေါ့နော် ထိုင်းနိုင်ငံသားတွေအနေနဲ့ ရွှေ့ပြောင်းအလုပ်သမား မြန်မာတွေအပေါ်  အမြင် ဆိုးသွားမှာပေါ့ အမြင်စောင်းသွားမှာပေါ့ အဲ့ဒါဆိုးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘောဒီးယား ဖြစ်စဥ် တုန်းကဆိုရင် ကြည့်ပေါ့နော်။ ကမ္ဘောဒီးယား ဖြစ်စဥ်တုန်းကဆိုရင် နယ်စပ်မှာ တစ်ဖက်နဲ့တစ်ဖက် ပစ်ကြခတ်ကြ နောက်ပိုင်းမှာကျတော့ ဒီအတွင်းထဲက ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ လာပြီးတော့ ရိုက်ခတ်တာပဲ။ နောက်ဆုံးဗျာ သူတို့လမ်းမှာ တွေ့တယ်ဆိုလို့ရှိရင် ရိုက်ပြီး ပြဿနာရှာတာတို့ ရိုက်တာ ပုတ်တာ အဲဒီလောက်ထိ တောင် ဖြစ်လာတာပေါ့နော်။ အဲဒါတွေကတော့ အဲလိုမျိုး အသွင်ဖြစ်သွားမှာကို ကိုယ်တွေက စိုးရိမ်ရတာပေါ့နော်။ ဒါပေမယ့် ဘာပဲပြောပြော ကိုယ်တွေက ဒီမှာနေနေတာဆိုတော့ ထိုင်းနိုင်ငံထဲမှာဆိုတော့ ကိုယ်ကတော့ ဂရုစိုက်ရ မှာပဲ။ ဂရုစိုက်သင့်တာပေါ့နော် ကိုယ်ရဲ့ အပြောအဆိုအမူ(အယာ) အားလုံးက တစ်ဦးထဲအတွက် မဟုတ်ဘူးပေါ့ နော်။ အဲဒီလိုမျိုး စဥ်းစားဆင်ခြင်သင့်တယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒီအထူးသဖြင့်‌ ‌ရွှေ့ပြောင်းအလုပ် သမားတွေ အနေနဲ့ ပြောတာပေါ့နော်” ဟု ပြောသည်။ 

ထိုင်းနှင့် မြန်မာများအကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် ယခုရက်ပိုင်းတွင် စစ်ဆေးမှုများ မူလထက် ပိုမိုများပြား နေကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားဝင် ၆ သန်းရှိပြီး တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေး စာရင်းများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများထံမှ သိရသည်။