CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံသည် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး ပြည်ပအလုပ်အကိုင် ခန့်ထားရေး ဆိုင်ရာ မူဝါဒများ ပြောင်းလဲသွားခဲ့ပါက မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် မည်ကဲ့သို့ ရင်ဆိုင်ရနိုင်ခြေ ရှိလဲဆိုသည့်အပေါ် မေးခွန်းထုတ်လျက်ရှိနေသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ထိုင်းနှင့် မြန်မာလုပ်သားကြား ပဋိပက္ခဖြစ်ပြီးနောက် ထိုင်းနိုင်ငံသား အမျိုးသားလုံခြုံရေးအပေါ် စိုးရိမ်သည့်အနေဖြင့် မူဝါများ ပြောင်းလဲသွားနိုင်သလား သို့မဟုတ် မိခင်နိုင်ငံများသို့ ပြန်လည် စေပို့ခြင်းများ ပြုလုပ်လာနိုင်သလား ဆိုသည့်အပေါ် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စိုးရိမ်နေကြ သည်။
ထိုင်းနိုင်ငံ၏ စီးပွားရေးယန္တရားနှင့် ပတ်သက်၍ အဓိက မောင်းနှင်နေရသော သူများသည် မြန်မာရွှေ့ပြောင်း အလုပ်သမားက အများစု ဖြစ်သည့်အတွက် အမေရိကန်ကဲ့သို့ မူဝါဒ ချမှတ်သတ်မှတ်ခြင်းထိတော့ ဖြစ်နိုင်ခြေ မရှိကြောင်း၊ သို့သော်လည်း မြန်မာများအနေဖြင့် ကျီးလန့်စာစား နေရသည့် ပုံစံမျိုးတော့ ဖြစ်လာနိုင်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
၎င်းက “အဲဒီ ဟိုနိုင်ငံတွေနဲ့တော့ ပုံစံချင်းတော့ မတူဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာကတော့ သူတို့နိုင်ငံရဲ့ စီးပွားရေးယန္တရားနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမား အထူးသဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု ဖြစ်တယ်။ ဒါကို မောင်းနှင်နေတဲ့ လူတွေက မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ ဖြစ်တယ်။ ဆိုတော့ အဲဒီပုံစံကတော့ ဟိုမှာလိုမျိုး ဖြစ်တဲ့ ပုံစံနဲ့တော့ ဖြစ်ဖို့မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ် ရှင်တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံ၊ အလုပ်ရုံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို မှီခိုနေရတဲ့ဟာကို။ အဲဒီလောက် ထိတော့ မဖြစ်ဘူး။ ဒါပေမယ့် ဘာဖြစ်နိုင်လဲဆိုတော့ အရင်ကလိုမျိုး အေးအေးဆေးဆေးနဲ့ ကျနော်တို့ အသက် မွေးဝမ်းကျောင်း လုပ်ကိုင်စားသောက် နေလို့မရဘူး။ ကျီးလန့်စာစား ပုံစံမျိုးတွေဖြစ်မယ်။ ဖြစ်မယ်ဆိုတာက အခု ဆိုလို့ရှိရင် အခုလိုမျိုး ပြန်ပြီးတော့ ကြွလာတဲ့ မျိုးချစ်အုပ်စုကြောင့် နည်းနည်း အမြင်စောင်းတယ်။ အမြင်စောင်း တယ်ဆိုတာထက် တစ်ဖက်သတ် အနေနဲ့ ယူဆလိုက်တဲ့ ထိုင်းတွေအနေနဲ့က ကိုယ့်နိုင်ငံသားတွေကို ပြဿနာရှာ တဲ့ လူတွေအဖြစ် မြင်သွားမှာပေါ့နော်။ အဲဒါ စိုး(စိုးရိမ်)ရတာပေါ့။ အဲဒီအတွက်ကြောင့် ခုနက အကျိုးဆက်တွေက ဘာတွေဖြစ်မလဲဆို အခုအနည်းဆုံး စောင့်ကြည့်တာတွေ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်တော့ အပြင် လွတ်လွတ် လပ်လပ် သွားလာနေထိုင် စားသောက်ဖို့ အတွက်တောင်မှ အဲဒါနည်းနည်း ခက်လာပြီပေါ့နော်။ အထူးသဖြင့်တော့ မဲဆောက်(မြို့)တို့လို နေရာတွေ။ မြန်မာအများစု ရှိတဲ့ နေရာတွေမှာပေါ့။ နောက်ပြီးတော့ အဲဒီလိုတွေ ဖြစ်တဲ့အခါ ကျတော့ ဘာဖြစ်မလဲဆိုတော့ ကျန်တဲ့အပိုင်းတွေ အကုန်လုံးလည်း အကျိုးသက်ရောက်မှု ရှိတာပေါ့။ ကျန်းမာ ရေး၊ ပညာရေး စသဖြင့် ဒီလိုမျိုး ကိစ္စတွေပေါ့လေ။ မဖြစ်မနေ သွားရလာရမယ့် နေရာတွေမှာ မသွားရဲမလာရဲ အဲဒီလိုမျိုးတွေ ဖြစ်တဲ့အခါကျရင် အထူးသဖြင့် ကျန်းမာရေးလို ဟာမျိုးဆိုရင် ဆေးရုံဆေးခန်းတွေ သွားဖို့အတွက် မသွားရဲမလာရဲတွေ ဖြစ်မယ်။ ဒါဆိုလို့ရှိရင် ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေ ဒါတွေလည်း အဲလိုမျိုး အကျိုးသက် ရောက်မှုတွေ တဖြည်းဖြည်း ဖြစ်လာတာပေါ့” ဟု ပြောသည်။
ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် မူဝါဒများ မည်သို့ပင် ပြောင်းစေကာမူ ၎င်းတို့နိုင်ငံ၏ စီးပွားရေး ယန္တရားကို တကယ်တမ်း အခြေခံကျကျ လုပ်ကိုင်နေသော သူများသည် ရွှေ့ပြောင်းအလုပ်သမားများသာ ဖြစ်သည့်အတွက် ထိုအခြေအနေသည် မဖြစ်နိုင်သည့်ကိစ္စ တစ်ခုသာဖြစ်သည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူ ဦးအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းများကို တွေ့ရစဉ်
၎င်းက “ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲ ပြီးကြပြီးမှ ဘယ်ပါတီက လူထုထောက်ခံတဲ့ပါတီက တကယ်ပဲ အစိုးရဖွဲ့နိုင် မှာလား။ နောက် သူ့ရဲ့ မူဝါဒ ပေါ်လစီတွေက ဘယ်လိုတွေ ပြုပြင်ပြောင်းလဲမှာလဲ။ အဲဒီဟာကို ကျနော်တို့က လောလောဆယ်မှာ ကျနော်တို့က အတိအကျ မသိနိုင်သေးတဲ့ အတွက်ကြောင့် ပြောဖို့ခက်တယ်။ ဒါပေမယ့် အဓိက အရေးကြီးတာတော့ မူဝါဒတွေ ဘယ်လိုပဲပြောင်းပြောင်း၊ ထိုင်းနိုင်ငံရဲ့ ကုန်စွမ်းအားက သူ့နိုင်ငံသားတွေ ကိုယ်တိုင် လုံးဝ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အလုပ်လုပ် ကိုင်တယ်ဆိုတာ မရှိပါဘူး။ အင်မတန် ရှားပါးပါတယ်။ ကျနော်တို့ကိုယ်တိုင် လေ့လာကြည့်တဲ့အခါမှာ ထိုင်းရဲ့ကုမ္ပဏီတွေ အားလုံးမှာ တကယ်တမ်း အခြေခံကျကျ အလုပ်လုပ်နေတဲ့ လုပ်သားတွေဟာ ရွှေ့ပြောင်း အလုပ်သမားသာ ဖြစ်ပါတယ်။ နောက် ထိုင်းလူမျိုးတွေကတော့ အုပ်ချုပ်ရေး ယန္တရားလောက်မှာပဲ စီမံကွပ်ကဲတဲ့ နေရာလောက်မှာပဲ ရှိနေတဲ့ အတွက်ကြောင့် လုပ်သားရှားပါးမှု လက္ခဏာအရ မဖြစ်နိုင်တဲ့ကိစ္စ တစ်ခုလို့ပဲ ကျနော် သုံးသပ်ပါတယ်” ဟု ပြော သည်။
ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး နိုင်ငံရေးပါတီများက အနိုင် ရရှိရေး မူဝါဒ အမျိုးမျိုးဖြင့် မဲဆွယ်စည်းရုံးနေကြသလို ဗိုလ်နှုတ်ခမ်းမွှေးဆိုသော အမျိုးသားရေးသမားများက လည်း မြန်မာရွှေ့ပြောင်းများအပေါ် အာရုံစိုက်လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းတွင် ထိုင်းနှင့် မြန်မာများအကြား ဖြစ်ပွားသည့် ပဋိပက္ခများ များပြားနေသည့်အတွက် စစ်ဆေးမှုများ မူလထက် ပိုမိုများပြားနေကြောင်း၊ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားဝင် ၆ သန်းရှိသလို တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှုကြီးကြပ်ရေး စာရင်းများနှင့်အလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
