CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆
လက်ရှိအချိန်တွင် ထိုင်းနိုင်ငံရှိ ကမ္ဘာဒီးယား ရွှေ့ပြောင်းလုပ်သားများ မရှိတော့သည့်အတွက်ကြောင့် ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အားထားနေရသည့် အခြေအနေဖြစ်နေသည်ဟု ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးအောင်ကျော်မှ CNI သတင်းဌာနသို့ ပြောသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာ၊ ဗီယက်နမ်၊ လာအို နိုင်ငံ ၃ နိုင်ငံမှ အထောက်အထားမဲ့ နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ်သမားများအတွက် ပန်းရောင်ကဒ် အထောက်အထားသစ်လုပ်ရန် နာမည်စာရင်း တင်သွင်း သည့် လုပ်ငန်းစဥ်ကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်နေ့အထိ ပြုလုပ်ရန် ခွင့်ပြုထားသည်။
အဆိုပါ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားများအတွက် ပန်းရောင်ကဒ်သစ်သည် Work permit နှင့် ဗီဇာရပြီးလျှင် တစ်နှစ် နေထိုင် အလုပ်လုပ်ခွင့် ရရှိမှာဖြစ်ပြီး ထိုပန်းရောင်ကဒ် ပြုလုပ်ရန်အတွက် ကုန်ကျစရိတ် သည် အနည်းဆုံး ဘတ် ၅၀၀၀ မှ ဘတ် ၈၀၀၀ အထိရှိကြောင်း သိရသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားအကြား စစ်ရေးပဋိပက္ခများကြားတွင် ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုစွမ်းအား မနှောင့်နှေး စေရန် ထိုင်းအစိုးရမှ မြန်မာရွှေ့ပြောင်းများကို အားထားရသည့် အခြေအနေရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမား ရေး ဆောင်ရွက်ပေးနေသည့် ဦးအောင်ကျော်မှ CNI သတင်း ဌာနသို့ ပြောသည်။

ပန်းရောင်ကဒ် ကိုင်ထားတဲ့ ရွှေ့ပြောင်းများကိုတွေ့ရစဉ်
၎င်းက “အဲလို သုံးသပ်မယ်ဆို သုံးသပ်လို့ရပါတယ် ခင်ဗျ။ ဘာလို့ဆို ကျနော် ခုနက ပြောခဲ့သလိုပဲ နိုင်ငံခြားသား အလုပ်သမား မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ဆိုပေမယ့် တကယ်တမ်းကျတော့ လူဦးရေ သန်းနဲ့ချီပြီး ရှိနေတာ မြန်မာဖြစ်နေပါတယ်။ အဲတော့ အခု ကမ္ဘောဒီးယား ဒုတိယနေရာမှာ ရောက်ရှိနေပါတယ်။ ဒုတိယ နေရာမှာ ရောက်ရှိနေတဲ့ လုပ်သားတွေအားလုံးကို သူတို့က ပဋိပက္ခအသွင်ကြောင့် အားလုံးပစ်ပယ်လိုက်ပြီ ဖြစ်တဲ့ အတွက်ကြောင့် မြန်မာကိုပဲ အဓိက ဦးစားပေးမှာ ဖြစ်ပါတယ်။ အိမ်နီးနားချင်းနို င်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ သူတို့ နဲ့ကလည်း ပဋိပက္ခ အခြေအနေ ဆောင်နေတော့ လုပ်သားဦးရေက ကမ္ဘောဒီးယားတွေကလည်း အလုံးအရင်း နဲ့ အိမ်ကို ပြန်သွားကြပြီ အဲတော့ လစ်လပ်နေတဲ့ နေရာတွေမှာ သူ့ရဲ့ကုန်ထုတ်လုပ်မှု စွမ်းအားတွေ မြှင့်တင်နိုင်ဖို့ အတွက် ကျနော်တို့ ကျန်နေခဲ့တဲ့ နိုင်ငံသား သုံးမျိုးပေါ့။ အရင်တုန်းက သူတို့ထုတ်ပြန်ရင် လေးမျိုးကြေညာတယ် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်လို့ သူက သုံးတာ။ ဒီတစ်ခါတော့ မြန်မာရယ်၊ လာအိုရယ်၊ ဗီယက်နမ် ရယ်ကို ထိုင်းနိုင်ငံထဲမှာ အကြောင်းကြောင်းကြောင့် ရောက်ရှိနေပြီး အထောက်အထား မရှိတာသော်လည်း ကောင်း၊ စာရွက်စာတမ်း ဗီဇာတွေ သက်တမ်းတိုးမရလို့ ရပ်တန့်နေတာ သော်လည်းကောင်း၊ အဲလို ပုဂ္ဂိုလ်တွေ အားလုံးကို အထောက်အထားသစ်တွေ ပြန်လည် ပြုလုပ်ပေးမယ်ဆိုပြီးမှ ဒီဇင်ဘာ ၁၂ ကနေ ၂၆ အထိ ၁၅ ရက် အတွင်းမှာ ပြုလုပ်ဖို့ စာရင်းတင်သွင်းဖို့ကို ကြေညာလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပန်းရောင် ကဒ်(ဘတ်) အထောက်အထားသစ်ကို လုပ်ဆောင်ထားသင့်ကြောင်း၊ ထိုင်းတွင် လုပ်သား လိုအပ်ချက်များ ကြောင့် မြန်မာကို ဦးစားပေးသည့် အခြေအနေဟု ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက်ပေးနေသည့် ဦးမင်းဦး မှ CNI သတင်းဌာနသို့ ပြောသည်။

ပန်းရောင်ကဒ် ကိုင်ထားတဲ့ ရွှေ့ပြောင်းများကိုတွေ့ရစဉ်
၎င်းက “တရားမဝင် အထောက်အထား ပျောက်နေတဲ့လူတွေ ဒါမှမဟုတ် မရှိတဲ့လူတွေကတော့ လုပ်ထားသင့် တာပေါ့။ ဒါက သက်တမ်း သူသတ်မှတ်ထားတဲ့ ကာလ ကျော်သွားပြီဆိုလို့ရှိရင် လုပ်လို့မရတော့ဘူးလေ၊ အဲတော့ တရားမဝင် ကိုယ့်မှာ အထောက်အထား ဘာမှမရှိဘူးဆိုရင် တရားမဝင် ဖြစ်သွားပြီပေါ့။ အဲတော့ လုပ်ထားတာ ကတော့ ကိုယ့်အတွက် အကောင်းဆုံးပေါ့။ ဒါကို ဗီဇာနဲ့ပြောမယ်ဆို work permit ပေါ့ဗျာ၊ အလုပ်လုပ်ခွင့် တစ်နှစ် ရမှာပေါ့။ လက်ရှိကတော့ သူက ပြောရရင်တော့ဗျာ ထိုင်းအစိုးရက သူတို့က လုပ်သားလိုတယ်ပေါ့၊ နောက် ကမ္ဘောဒီးယားနဲ့ အခု ပြဿနာတက်တဲ့ အခါကျတော့ အဲဒီထွက်သွားတဲ့ လူတွေနေရာမှာ အစားထိုးဖို့လိုတယ်။ နောက် အရင်ထဲကလည်း ဒီ လုပ်သား လိုအပ်ချက်တွေရှိလို့လည်း သူတို့က အသစ်ခေါ်ဖို့ကတော့ ပထမ သူတို့ စဥ်းစားတာတော့ MOU တို့ ဘာတို့နဲ့ အဲလိုပေါ့။ အဲ့တာ ကျန်တဲ့နိုင်ငံတွေနဲ့ နိုင်ငံတွေကနေ ခေါ်မယ်ဆိုလို့ရှိရင် ဘယ်လိုခေါ်မလဲ အဆင့်အဆင့်တွေ ဖြတ်ရမှာဆိုတော့ သိပ်အဆင်မပြေနေဘူးပေါ့။ အဲဒါကြောင့်မို့လို့ ဒီအထောက်အထား မရှိတဲ့သူတွေ အမှန်တော့ ဒါက ကျန်ခဲ့တဲ့အခေါက်က ခေါ်လိုက်ပြီးသားပဲ။ ကျန်ခဲ့တဲ့လက ပေါ့၊ သို့သော် ဒီ Work Permit ကို အွန်လိုင်းကနေတဆင့် လျှောက်လို့ရအောင်၊ အဲ့ဒါလုပ်တဲ့စနစ်က စလုပ်တာ ဖြစ်တဲ့ အတွက်ကြောင့် အဲ့မှာ ပြဿနာတက်တယ်။ ပြဿနာတက်တော့ သူတို့က ရပ်လိုက်ရတယ်၊ ရပ်ပြီးတော့မှ အခုတစ်ခါ ဒါကိုပြန်ပြီးတော့ သူတို့လုပ်ပြီးတော့ ပြန်ဖွင့်ပေးတာပေါ့။ ၁၂ ကနေ ၂၆ ရက်နေ့အထိ အဲ့အတော အတွင်းမှာ လုပ်ရမှာ” ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်း တရားဝင် ၆ သန်းရှိသလို တရားမဝင် ၄ သန်းရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး စာရင်းများနှင့် အထောက်အထားများအရ သိရသည်။
