CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံရေးတွင် ပါဝင် ပတ်သက်နေသူများ အနေဖြင့် နိုင်ငံရေးမူဝါဒများကို လက်လွတ်စပယ် မပြောသင့်ဘူး ဟု ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဗဟို အလုပ်အမှုဆောင်များနှင့် သာကေတမြို့နယ် ပါတီဝန်းရံသူ မိတ်ဆွေများ တွေ့ဆုံပွဲတွင် ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်က တိုင်းပြည်ကို မငြိမ်အောင်လုပ်သည့် သူအားလုံးကို သတ်ရန် မီဒီယာတစ်ခုနှင့် အင်တာဗျူးလုပ်စဉ် ပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံရေးလောကတွင် နိုင်ငံရေး မူဝါဒနှင့်ပတ်သက်ပြီး အရေးကြီးသည့် အရာများကို လက်လွတ်စပယ် မပြောသင့်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

 ဦးနေအောင်နဲ့ USDP ဥက္ကဋ္ဌ ဦးခင်ရီကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ တကယ့် အရေးကြီးတဲ့ နိုင်ငံရေးမူဝါဒတွေနဲ့ ပတ်သက်ရင်တော့ လက်လွတ်စပယ်တွေ မပြော သင့်ဘူးလို့မြင်တယ်၊ တစ်ဘက်က ကျနော်တို့ အရင့်အရင်ကလည်းပဲ အကြမ်းဖက် အဖွဲ့အစည်းလို့ ကြေညာလိုက် ဆွေး နွေးလို့ အဆင်ပြေသွားရင် ပြန်ပြီးပယ်ဖျက်ပေးလိုက် အစရှိသဖြင့် ဒါပစ်လိုက် ဆွေးနွေးလိုက်ဆိုတဲ့ ဖြစ်စဉ် တွေက ကျနော်တို့ တလျှောက်လုံးလည်း ရှိခဲ့တယ်။ နိုင်ငံတွင်းမှာ ဖြစ်နေတဲ့ကိစ္စက မိသားစုတွင်း ပြဿနာပဲ အဲတော့ တစ်ယောက်ကို တစ်ယောက် အပြတ်ချေမှုန်းပစ်မယ်၊ သတ်ပစ်မယ်၊ ဖျက်ဆီးပစ်မယ်ဆိုတဲ့ကိစ္စက အနှစ် ၇၀ ကျော် ၈၀ နီးပါး ဖြစ်လာခဲ့ပြီ။ သို့သော် ဒါဟာ ကျနော်တို့ အကုန်လုံး ပြန်ပြီးတော့ စုစည်းရမယ်ဆိုတဲ့ အမြင်ကို တော့ မျက်ခြေပျက်လို့မရဘူး။ ပြဿနာက နိုင်ငံရေး ဖြေရှင်းမှုတွေ မအောင်မြင်လို့ ဒီလက်နက်ကိုင်ပဋိပက္ခက အနှစ် ၇၀ ကျော် ၈၀ ဖြစ်လာတာ ၁၉၆၂ ကတည်းကသာ ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်ခဲ့မယ်ဆိုရင် အာဏာ သိမ်းတဲ့ ပုံစံမျိုးနဲ့ မဖြေရှင်းပဲနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် တချို့အကျိုးဆက်တွေက ဆက်မဖြစ်ဘူး။ ဟိုစစ်ရေးသက်သက်နဲ့ ဖြေရှင်းတာက ဘက်အသီးသီးပေါ့၊ လက်နက်ကိုင်နည်းနဲ့ ဖြေရှင်းတယ်ဆိုတဲ့ ကိစ္စဟာ တစ်ယောက်ကို တစ်ယောက် ပြုတ်သွားတဲ့အထိ ခြေမှုန်းနိုင်ခဲ့တဲ့အထိ မဖြစ်ခဲ့ဘူးဆိုတာ နှစ် ၇၀ ကျော် ၈၀ အတွေ့အကြုံတွေအရ အားလုံးခံစားခဲ့ပြီးသား ဖြစ်ပါတယ်”ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)သည် တပ်မတော်မှလာသည့် သူများနှင့် ဖွဲ့စည်းထားသော ပါတီဖြစ်ပြီး ၎င်းသည်လည်း စစ်သားသားသမီး ဖြစ်သည့်အတွက် စစ်တပ်ကျေးဇူး ရှိ၍ USDP ပါတီကို ဝန်းရံနေ ခြင်း ဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်က ပြောကြားခဲ့သည်။

၎င်းက “နိုင်ငံရေး အခင်းအကျင်းက တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့ကောင် အကုန်သတ် သိဖို့။ တပ်မတော် မကာကွယ်ရင် အခုဆိုလူတွေ ဘဝပျက်ကုန်ပြီ။ ဒီပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ချစ်တာ သူများ ဝတ်ခိုင်းလို့ မဟုတ်ဘူး၊ ချစ်လို့ဝတ်တာ။ ပြည်ခိုင်ဖြိုးသည် We Come From the military တပ်မတော်ကလာတဲ့ အဖွဲ့အစည်းများက လူတွေကြီးပဲ တပ်မတော် မကာကွယ်ရင် အခုဆိုလူတွေ ဘဝပျက်ကုန်ပြီ။ ဒါမပြောတော့ဘူး လေ၊ ကျနော်တို့လည်း စစ်သားသားသမီးလေ ယူနီဖောင်းမြင်ရင် ချစ်တယ်လေ၊ သေပေါ့ ဆဲတဲ့ကောင် သေကြ ပေါ့”ဟု ပြောသည်။ 

ဦးခင်ရီနဲ့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကို တွေ့ရစဉ် 

ရုပ်ရှင်သရုပ်ဆောင် ဦးနေအောင်ကို USDP ပါတီ၏ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မဲဆွယ်စည်းရုံးပွဲများ၊ ဆိုင်းဘုတ်တင်ပွဲများနှင့် USDP ကလုပ်သည့် အခမ်းအနားများတွင် မကြာခဏ မြင်တွေ့လာရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ဖြုတ်ချ၍ နိုင်ငံတော်အာဏာကို ရယူခဲ့သည်။

ထို့နောက် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာ၍ အုပ်ချုပ်လာခဲ့ရာ ယနေ့ ၂၀၂၅ ခုနှစ်အထိပင် ဖြစ်သည်။

ထို့ကြောင့် မြန်မာ့တပ်မတော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲ အပိုင်း(၁)ကိုလည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ အပိုင်း(၂)ကိုလည်းကောင်း၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှာတော့ ရွေးကောက်ပွဲအပိုင်း(၃)ကိုလည်းကောင်း ကျင်းပမည်ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို နိုင်ငံတော်အာဏာ လွှဲပြောင်းပေးမည်ဖြစ်ပြီး တပ်မတော်က ကာကွယ်ရေးတာဝန်ကိုသာ ထမ်းဆောင်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။