CNI News

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄

မိမိတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)သည် တိုင်းပြည် တိုးတက်အောင်လုပ်ပြီး ၅ နှစ်မက အုပ်ချုပ်သွားရန် ရည်မှန်းထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက CNI သတင်းဋ္ဌာနသို့ ပြောသည်။

USDP ပါတီသည် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် လွှတ်တော်နှင့် အစိုးရကို ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ 

သို့သော် လက်တွေ့မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စီစဉ်ရေးဆွဲထားသော အခြေအနေ အတိုင်းသာ လွှတ်တော်နှင့်အစိုးရကို ဖွဲ့စည်းခဲ့ခြင်းသာ ဖြစ်သည်ဟု ‌ထောက်ပြကြသည်။

ဦးလှဆွေက “ပထမထဲက ကျနော်တို့က အဲဒီလို ယုံကြည်တယ်။ ဒါ‌ပေမယ့် သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာ သမ္မတကြီး ဦးသိန်းစိန်က ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပြီးတော့ NLD ကို ဝင်ခိုင်းလိုက်တယ်။ NLD ၅ နှစ်တာ တာဝန်ယူလိုက်တာဟာ တော်တော်လေး ပြဿနာတက်သွားတယ်။ သူက မဟုတ်က၊ ဟုတ်ကတွေ တကယ့်ကို တိုင်းပျက်ပြည်ဖျက်ကိစ္စတွေ သူလုပ်သွားတယ်။ အားလုံးက ဒါတွေသိပြီးသားပါ ဒါတွေပြန်ပြီး ပြောနေ စရာ မလိုတော့ဘူး။ အဲဒီတော့ ကျနော်တို့က နောက်တစ်ခါတော့ ကျနော်တို့ ဒီ ၅ နှစ်ကိုတော့ ကြုံးရုန်းပြီးတော့ တိုင်းပြည်တိုးတက် အောင်လုပ်မယ်။ ဖွံ့ဖြိုးစည်ပင်အောင်လုပ်မယ်။ ပထမ ၂၀၁၀ ကနေ ၂၀၁၅ အထိ အာရှမှာ ကျားတစ်ကောင်ပေါ် လာပြီလို့တောင် အပြောခံရတယ်။ အဲဒီလောက်ထိအောင် မြန်မာပြည်က အုန်းခနဲတိုးတက် လာတာ ဒေါ်စုကြည် လက်ထက်မှာ ကျနော်တို့က တစ်ခါတည်း လှေလှော်ရင်း တက်ကျိုးတာပဲ အဲဒါမျိုးမဖြစ် အောင် ကျနော်တို့က ၅ နှစ်တန်သည်၊ ၁၀ နှစ်တန်သည်၊ ၁၅ နှစ်တန်သည်၊ နှစ် ၂၀ တန်သည် ကျနော်တို့က ရည် မှန်းချက် ထားပြီးတော့၊ ကျနော်တို့က ကြိုးစားပြီးတော့ မဲရအောင်လည်းလုပ်မယ်၊ တိုင်းပြည်ကိုလည်း တိုးတက် အောင်လည်း လုပ်မယ်၊ ပြည်သူယုံကြည်အောင်လည်း လုပ်မယ်၊ ပြည်သူမယုံကြည်ရင် ကျနော်တို့ မဲထည့်မှာ မဟုတ်ဘူးလေ၊ ပြည်သူယုံကြည်အောင်လည်း ကျနော်တို့က လုပ်ရမှာကို။ တိုးတက်အောင် လုပ်ပြရမယ်၊ အဲဒါ ကြောင့် ကျနော်က အာမခံပြီး ကျနော်ပြောတာ။ ကျနော် တိုးတက်အောင် လုပ်မယ်၊ ပြည်သူကလည်း ယုံကြည် ပြီးတော့ မဲထည့်အောင် ကျနော်က ဆွဲဆောင်ရမယ် အဲဒါကိုပြောတာ”ဟု ပြောသည်။

USDP ပါတီကို တွေ့ရစဉ်

ဦးလှဆွေ၏ ပြောစကားသည် လူကြီးလူကောင်း မဆန်ကြောင်း၊ ယခု စစ်တပ်နှင့် USDP ပူးပေါင်းပြီး ယခင် အခင်းအကျင်း ပုံစံမျိုး ဆောင်ရွက်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ စိုင်းမိဏ်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အမှန်တော့ ဒီအာဏာရှင်တွေက သူတို့လုပ်လို့ရနိုင်တဲ့ အပိုင်းတွေကနေ ဒီသူတို့လုပ်သွားတဲ့ သမိုင်းမှာ  လည်း ကျနော်တို့ တောက်လျှောက် ကြည့်လာခဲ့တာပေါ့နော်။ အရင်တုန်းကတော့ ဒီတစ်ပါတီ စနစ်နဲ့ ၁၉၆၂ ကနေ ပြီးတော့မှ ၁၉၈၈ အထိ၊ နှစ်ပေါင်း ၃၀ နီးနီးပေါ့နော်၊ နှစ်ပေါင်း ၃၀ နီးနီး အုပ်ချုပ်လာနိုင်ခဲ့တယ်။ အဲဒီ ၈၈ အရေးအခင်းကြီးပေါ်မှပဲ အဲဒီစနစ်က ပျောက်သွားတာပေါ့နော်။ အခုက ဒီ နအဖ၊ နဝတ ခေတ်တုန်းကလည်း ဒီတိုင်းပြည်ကို အာဏာသိမ်းပြီးတော့မှ NLD က အနိုင်ရပေမယ့်လည်း အာဏာ လွှဲမပေးဘဲနဲ့ ဒါအာဏာကို ထိန်းချုပ်လာခဲ့တာ နှစ်ပေါင်း ၃၀ ပေါ့နော်။  အခုလည်း ဒီစစ်တပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးက ပူးပေါင်းပြီးတော့မှ ဒီအရင်တုန်းက စစ်တပ်နဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီနဲ့ ပူးပေါင်းပြီးတော့မှ နှစ်ပေါင်း ၃၀၊ အဲဒီလိုမျိုးပုံစံမျိုး မဖြစ်လာနိုင်ဘူးလို့ လုံးဝကို မပြောနိုင်ပါဘူး။ ဘာလို့ဆိုတော့ ဒီတပ်နဲ့ အခုဒီဟန်ပြ ရွေးကောက်ပွဲ ကနေပြီးတော့မှ အခုတော့ ဟန်ပြ လွှတ်တော် ပြန်ဖြစ်လာတယ်။ အဲဒီလို အနေအထားဆိုတော့ မဖြစ်နိုင်ဘူးလို့တော့ မပြောနိုင်ဘူး ပေါ့နော်။ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိပါတယ်။ အမှန်တော့ ဒီနိုင်ငံရေးပါတီတွေက တောက်လျှောက်ပေါ့နော် ဒီသူတို့ရဲ့အလုပ်က ကိုယ့်ကိုယ်ကို ဂုဏ်ဖော်မယ်ဆိုရင် သူတခြားတစ်ဖက်ကို ဖိနိမ့်ပြီးပြောတာ၊ သူပြောတဲ့ အတိုင်းကတော့ သက်သက်ကြီးကို တစ်ဖက်ကနေ တစ်ဖက် အပုတ်ချတဲ့ သတင်းလောက်ပဲလို့တော့ မြင်မိတယ် လေနော်။ ဒါအဲဒီလူ အပြောကတော့ လူကြီးလူကောင်း သိပ်မဆန်ဘူး၊ ကိုယ်ကောင်းစားဖို့၊ ကိုယ်တော်တဲ့ အကြောင်း ချီးမြှောက်ဖို့ သူများတစ်ဖက်ကို နှိမ်ပြီးပြောတဲ့ဟာကျတော့ စမတ်ကျတဲ့ politicion မဟုတ်ဘူးပေါ့ နော်”ဟု ပြောသည်။

NLD ပါတီ ခေါင်းဆောင်များကို‌ တွေ့ရစဉ် 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ဟု အမည်ပြောင်းလဲခဲ့သည်။

ထို့နောက် ဦးသိန်းစိန် ဦးဆောင်သည့် USDP ပါတီက အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီအား ရွေးကောက်ပွဲရှုံးနိမ့်ကာ နိုင်ငံတော်အာဏာကို လွှဲပြောင်းပေးခဲ့ရသည်။

အလားတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း USDP ပါတီက NLD ပါတီအား ရှုံးနိမ့်ခဲ့သော်လည်း NLD ပါတီသည် မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခံလိုက်ရ ပြီးနောက် တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာရယူလိုက်သည်။ 

ထို့နောက် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အတွင်း တပ်မတော်က ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်း ခွဲခြား၍ ကျင်းပခဲ့ရာ USDP ပါတီက အနိုင်ရရှိခဲ့သည်။