CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ ဟုမ္မလင်း-ခန္တီးမြို့ အပါအဝင် မြို့ပေါင်း ၁၁ မြို့ကို လေကြောင်းခရီးစဉ်များ ဦးစားပေးအနေဖြင့် မဖြစ်မနေ ပြေးဆွဲပေးသွားရမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် ကျင်းပသည့် စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျ ဖြစ်စေ ရေး အစည်းအဝေးမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ ပူတာအို၊ ခန္တီး၊ မြစ်ကြီးနား၊ ဟုမ္မလင်း၊ တာချီလိတ်၊ ကလေး၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ မြိတ်၊ ကော့သောင်း စသည့် မော်တော်ယာဉ်ဖြင့် သွားလာရန် ခက်ခဲသည့် မြို့များသို့ လေကြောင်းခရီးစဉ်များကို ဦးစားပေး အနေဖြင့် မဖြစ်မနေ ပြေးဆွဲပေးသွားရမည်”ဟု ပြောသည်။

အလားတူ အခြားသွားလာရန် ခက်ခဲသည့် ဒေသများသို့လည်း ဒုတိယ ဦးစားပေး အနေဖြင့် ‌ပြေးဆွဲပေးသွားရန် လိုကြောင်း၊ အများပြည်သူများ ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် မီးရထားများ တိုးချဲ့ပြေးဆွဲခြင်းနှင့် အများပြည်သူသုံး ဘတ်စ်ကားလိုင်းများ ပုံမှန်အတိုင်း ပြေးဆွဲနိုင်ရေးအတွက် စဉ်းစား ဆောင်ရွက်သွားကြရန်လို ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင် အကျပ် အတည်းဖြစ်ကာ စက်သုံးဆီများ ချွေတာရေး နိုင်ငံတိုင်း ကြိုးပမ်းလာနေကြသည်။

ထို့နောက် မြန်မာနိုင်ငံသည်လည်း စက်သုံးဆီများ ချွေတာနိုင်ရေးအတွက် မော်တော်ယာဉ်များအား စုံ/မ သတ်မှတ်၍ သွားလာခိုင်းခြင်း၊ QR Code ဖြင့် စက်သုံးဆီ ထည့်ခိုင်းခြင်း၊ အင်ဂျင်ပါဝါ အပေါ် မူတည်၍ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ စက်သုံးဆီ ဝယ်ယူခွင့်ရရှိခြင်း၊ အစိုးရဝန်ထမ်းများ ဗုဒ္ဓဟူးနေ့တိုင်း အိမ်ကနေ အလုပ်လုပ်ခိုင်းခြင်း စသည့် သတ်မှတ်ချက်များကို ဖော်ဆောင်လျက်ရှိသည်။

တခြား တစ်ဖက်မှာတော့ လောင်စာဆီ အကျပ်အတည်းကြောင့် ပြည်တွင်း ပြေးဆွဲနေသော လေကြောင်းလိုင်းများ ရပ်ဆိုင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။