CNI International News

မနီလာ၊ မတ်လ ၂၅

ဖိလစ်ပိုင်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘန်ဆာမိုရို (Bangsamoro) ဒေသတွင်  ပထမဆုံးအကြိမ် လွှတ်တော် ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၌ ကျင်းပရန် သတ်မှတ်လိုက်ကြောင်း The Diplomat သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုရွေးကောက်ပွဲသည် ဘန်ဆာမိုရိုဒေသ၏ လက်နက်ကိုင်ပဋိပက္ခမှ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်သို့ ကူးပြောင်းရာတွင် အရေးကြီးသော အလှည့်အပြောင်းတစ်ခုသို့ ရောက်ရှိနိုင်ခြေရှိသည်။

ဖိလစ်ပိုင်လွှတ်တော်သည် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ်သည့် ဥပဒေမူကြမ်းအား မကြာသေးမီက အတည်ပြုခဲ့ပြီး ယခုအခါ သမ္မတ၏ လက်မှတ်ရေးထိုး အတည်ပြုချက်ကို စောင့်ဆိုင်းနေသည်။

မွတ်ဆလင် မင်ဒါနာအို (Muslim Mindanao) ရှိ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် ရွေးကောက်ပွဲ အချိန်ဇယားနှင့် ပတ်သက်ပြီး နှစ်ရှည်လများ နှောင့်နှေးကြန့်ကြာခဲ့ရသည်။

 ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ လူထုကို တွေ့ရစဉ်

ယခုအခါတွင် ရွေးကောက်ပွဲ ကျင်းပရန် ဥပဒေကြောင်းအရ အရှိန်အဟုန် ရလာခြင်းသည် အသွင်ကူးပြောင်းရေး၏ နောက်တစ်ဆင့်အတွက် ရှင်းလင်းသော လမ်းစဉ်ကို ပေါ်ထွက်လာစေခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲ အချိန်ဇယားအသစ် သတ်မှတ်နိုင်ခဲ့ခြင်းသည် အသွင်ကူးပြောင်းရေးကာလနှင့် ပတ်သက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မေးခွန်းများကို အပြည့်အဝ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။

ဖိလစ်ပိုင် တရားရုံးချုပ်ထံ တင်သွင်းထားသည့် အသနားခံစာ အမြောက်အမြားသည် ဥပဒေကြောင်းအရ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

ထိုစိန်ခေါ်မှုများသည် ဘန်ဆာမိုရို အသွင်ကူးပြောင်းရေး အစိုးရ၏ ဖွဲ့စည်းပုံအပေါ်တွင်သာမက ဒေသတွင်း လွှတ်တော်ရွေးကောက်ပွဲများကို စီမံခန့်ခွဲမည့် ဥပဒေမူဘောင်များ အပေါ်တွင်ပါ သက်ရောက်မှု ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

တရားရုံးချုပ်တွင် ရင်ဆိုင်နေရသော အဓိက ပြဿနာများမှာ ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(BARMM) ၏ ပါလီမန်စနစ်သည် ဖိလစ်ပိုင်၏ သမ္မတစနစ်အခြေပြု ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှု ရှိ၊ မရှိ ငြင်းခုံမှုများ ရှိနေသည်။

ထို့ပြင် အချို့ နယ်မြေဒေသ အစိတ်အပိုင်းများကို ဘန်ဆာမိုရို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(BARMM)အတွင်းသို့ ထည့်သွင်းခြင်း သို့မဟုတ် ဖယ်ထုတ်ခြင်းနှင့်ပတ်သက်ပြီး ဥပဒေကြောင်းအရ ကန့်ကွက်မှုများရှိနေခြင်း၊ BARMM ပါလီမန်က ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများသည် နိုင်ငံတော်အဆင့် ရွေးကောက်ပွဲ ကော်မရှင်(COMELEC)၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်နေခြင်း ရှိ၊ မရှိ စစ်ဆေးခံနေရခြင်း စသည့် ပြဿနာများ ဖြစ်သည်။

Source: The Diplomat