CNI International News
ဝါရှင်တန်၊ မတ်လ ၂၅
အီရန်နှင့် စစ်ပွဲ အဆုံးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မတ်လ ၂၄ ရက်တွင် ပြောကြားခဲ့သော်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများသည် အစ္စရေးနှင့် ပင်လယ်ကွေ့ အာရပ်နိုင်ငံများကို ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အေပီမှ ဖော်ပြခဲ့သည်။
ထို့ပြင် ထရမ့်သည် အီရန်နိုင်ငံအား ဟော်မုဇ် ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် သတ်မှတ်ထားသည့် အချိန်ကိုလည်း ရက်ရွှေ့ဆိုင်းပေးခဲ့သည်။
ထရမ့်သည် မတ်လ ၂၁ ရက်က ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း ပြန်ဖွင့်ရန် အီရန်ကို ပြောကြားခဲ့ပြီး ထိုအချိန်အတွင်း ပြန်မဖွင့်ပါက အီရန်၏ ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သို့သော် မတ်လ ၂၃ ရက်တွင် ထရမ့်က ဟော်မုဇ်ရေလက်ကြားကို ၅ ရက်အတွင်း ပြန်ဖွင့်ပေးရန် အီရန်အား အချိန် တိုးပေးခဲ့ပြီး အကယ်၍ ထိုကာလအတွင်း မဖွင့်လှစ်ပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ထားသည်။

အီရန်စစ်ပွဲအတွင်း ပျက်စီးမှုကိုတွေ့ရစဉ်
ထရမ့်၏ ရက်ရွှေ့ဆိုင်းမှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ ယာယီကျဆင်းသွားပြီး စတော့ရှယ်ယာ ဈေးကွက်များ ပြန်လည် ဦးမော့လာခဲ့သည်။
သမ္မတထရမ့်၏ ရက်ရွှေ့ဆိုင်းပေးမှုသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်နှင့် အီရန်တို့ကြား အပြန်အလှန် ခြိမ်းခြောက်မှုများကြောင့် မြင့်တက်ခဲ့သည့် တင်းမာမှုကို အနည်းငယ် တည်ငြိမ်စေခဲ့သည်။
သို့သော် အီရန်နှင့် ဆွေးနွေးနေသည်ဟု ထရမ့်က ပြောကြားခဲ့သော်လည်း အီရန်ဘက်ကမူ အမေရိကန်နှင့် မည်သည့်ဆွေးနွေးမှုမှ မရှိခဲ့ကြောင်း ငြင်းဆိုခဲ့သည်။
“အမေရိကန်နဲ့ ဘယ်လို ညှိနှိုင်းဆွေးနွေးမှုမှ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။ သတင်းမှားတွေဖြန့်ပြီး ဘဏ္ဍာရေးနဲ့ ရေနံ စျေးကွက်တွေကို ကစားနေတာ ဖြစ်ပါတယ်” ဟု အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ကာလီဘတ်ဖ် (Mohammad Bagher Qalibaf) က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) ကလည်း အမေရိကန်က အပစ်အခတ်ရပ်စဲရေးကို စဉ်းစားနေသော်လည်း အစ္စရေးအနေဖြင့် အီရန်နှင့် လက်ဘနွန်ရှိ ပစ်မှတ်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
Source: အေပီ
