CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄
မြန်မာနိုင်ငံတွင် စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် “စုံ” ရက်နှင့် “မ” ရက် ခွဲခြားကာ မော်တော်ယာဥ် ကန့်သတ် မောင်းနှင်စေခြင်း ညွှန်ကြားချက်သည် ပြည်သူများအတွက် အခက်အခဲများစွာ ဖြစ်ပေါ်လာ သည့်အတွက် ပယ်ဖျက်ပေးသင့်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော်ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
စက်သုံးဆီပြဿနာမှ နောက်ဆက်တွဲ ပေါ်ပေါက်လာသည့် စုံ/မ ကိစ္စရပ်သည် ပြည်သူများအတွက် အင်မတန် အခက်တွေ့စေကြောင်း၊ ထို စုံ/မ ကိစ္စရပ်အား ပယ်ဖျက်ကာ စက်သုံးဆီကို အကန့်အသတ်နှင့် ရောင်းချသည့် ပုံစံမျိုးဖြင့်သာ သွားသင့်သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ညွှန်ကြားချက်တစ်စောင် ထွက်တော့မယ်ဆိုရင် အစိုးရအနေနဲ့ ဆိုးခြင်းကောင်းခြင်းကို သေချာ ပြန်သုံးသပ်စေချင်တယ်ဗျ။ ဒီညွှန်ကြားချက် ထွက်လိုက်ပြီဆိုရင် ပြည်သူတွေရဲ့ အခက်အခဲ တွေ့သွားနိုင် သလား။ ပြည်သူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မလား။ ဒါမှမဟုတ် ပိုပြီးမှ အခက်အခဲ တွေ့သွားနိုင် မလား ဆိုတဲ့ဥစ္စာလေးကို ပြန်လည်သုံးသပ်ပြီးမှ ထွက်စေချင်တယ်။ နောက်ထပ် ညွှန်ကြားချက် ထွက်ခဲ့ ပြီဆိုရင်လည်း ပြည်သူရဲ့ လက်ရှိဘဝတွေကို အမှန်တိုင်းကို အစိုးရအနေနဲ့ သိစေချင်တယ်။ ဒီညွှန်ကြား ချက် ထွက်လိုက်တဲ့ နောက်ပိုင်းမှာ ပြည်သူတွေဘဝက ဘယ်လို ဖြစ်သွားသလဲ။ နောက် စီးပွားရေး အလားအလာတွေ၊ စီးပွားရေး လုပ်ငန်းတွေ နောက်ဆက်တွဲ လုပ်ငန်းတွေ ဘယ်လိုတွေ ဖြစ်သွားသလဲ ဆိုတာ ပြန်လည်ပြီးမှ သုံးသပ်စေချင်တယ်။ အခုက ကျနော်တို့ ထွက်လာတဲ့အပိုင်းမှာ စုံ/မ ရက် ထွက် လာတယ်ညွှန်ကြားချက်။ နောက်မကြာဘူး QR Code နဲ့ ဆီထည့်တဲ့ကိစ္စတွေ ထွက်လာတယ်။ နောက် အခု မနေ့တုန်း က ဆိုရင်တော့ သူက ကားအင်ဂျင်ပါဝါ အလိုက်ကို ကြည့်ပြီးမှ ဆီထည့်ပေးမယ်ဆိုတဲ့ အကြောင်းပေါ့ နော်။ တစ်ပတ်မှာ တစ်ကြိမ်သော်လည်းကောင်း၊ နှစ်ကြိမ်သော် လည်းကောင်းပေါ့နော်။ ပြောမယ်ဆိုရင်တော့ ဆီထည့်ပေးမယ်ဆိုပြီးထွက်လာတဲ့ဟာ အဲ့ဒါကတော့ သင့်လျော်တယ်။ ဘာကြောင့်လဲဆိုတော့ ဆီတန်းစီရတဲ့ ဒုက္ခတွေက ပြည်သူမှာ တော်တော်ဒုက္ခရောက်ကြရတယ်။ စုံ/မ ကိစ္စကလည်း မခွဲခြားသင့်တော့ဘူး။ အဲဒီလိုနည်းသာ ဆီထည့် ပေးမယ်ဆိုရင်တော့ ပြည်သူတွေ အဆင်ပြေကြမှာပါ။ ယနေ့အချိန်မှာ အရှေ့အလယ်ပိုင်း ပြဿနာ ကြောင့်မို့ ရေနံတွေ ဘယ်လိုဖြစ်မလဲဆိုတာ ပြည်သူလည်း သိပါတယ်။ နိုင်ငံတော်ကိုလည်း ငဲ့ညှာပါ တယ်။ ဒါကြောင့်မို့လို့ အစိုးရ အနေနဲ့ကတော့ ဒီ စုံ/မ ကိစ္စကိုတော့ ပယ်ဖျက်ပြီးမှ ဒီ QR Code နဲ့ ကား တစ်စီးကို တစ်ပတ်ကို သူ့ခွဲတမ်းအလိုက် အင်ဂျင်ပါဝါ အလိုက်ပေါ့ဗျာ တစ်ပတ်ကို တစ်ကြိမ်ပဲ ထည့် ထည့် နှစ်ကြိမ်ပဲထည့်ထည့် ဒါကို မနေ့က ထုတ်တဲ့ညွှန်ကြားချက်လို မျိုးလေးဆိုရင်တော့ ပိုပြီးမှ သင့်တော်တယ်လို့တော့ ပြောချင်တယ်”ဟု ပြောသည်။

စုံ/မ သတ်မှတ်ချက်ကို ဖမ်းဆီးနေစဉ်
စက်သုံးဆီ ဝယ်ယူရာတွင် အဆင်ပြေမှု ရှိစေရန်အတွက် ယာဥ်၏ စက်စွမ်းအားပေါ် မူတည်ကာ တစ်ပတ်အတွင်း ဝယ်ယူခွင့်ရှိသည့် ပမာဏကို သတ်မှတ်ပြီး တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ်သာ ဝယ်ယူနိုင်မည့်စနစ်ကို ဆောင်ရွက်သွားမည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၏ ပြည်တွင်း စက်သုံးဆီ ရည်ညွှန်းစျေး ထုတ်ပြန်ချက်အရ (92 Octane) တစ်လီတာလျှင် ၃,၆၁၀ ကျပ်၊ (95 Octane) တစ်လီတာလျှင် ၃,၈၅၀ ကျပ်၊ ရိုးရိုး ဒီဇယ်တစ်လီတာ ၄,၃၉၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၄,၈၂၀ ကျပ် အထိ ရှိနေသည်။
စုံ/မ ကိစ္စရပ်အား ပယ်ဖျက်ပြီး စက်သုံးဆီ ရောင်းချသည့် နေရာတွင်သာ အကန့်အသတ်ဖြင့် သတ်မှတ် လိုက်ခြင်းသည် အကောင်းမွန်ဆုံး စနစ်တစ်ခုဖြစ်နိုင်ကြောင်း၊ စုံ/မ ကိစ္စရပ်သည် ပြည်သူများအတွက် မည်ကဲ့သို့မျှ အဆင်ပြေသည့် ကိစ္စရပ်မျိုး မဟုတ်ဘူးဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင် ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ရှိသမျှလူ အကုန်လုံး မေးလိုက်ရင် ဘယ်သူမဆိုကတော့ ပယ်ကိုပယ်ဖျက်ရမယ့် ကိစ္စ ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒါအစိုးရအနေနဲ့ သွင်းလို့ရတဲ့ဟာနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ရှိတဲ့ ကား ဆိုင်ကယ် ယာဉ်တွေအကုန်လုံး ဘယ်လောက်ထိ ခွဲတမ်းရမလဲဆိုတာ တွက်ချက်လိုက် ပြီးတော့ တစ်ရက်ကို တစ်ဂါလံပဲရမလား နှစ်ဂါလံ ရမလား တွက်လိုက်။ တွက်ပြီးရင် အခုလိုမျိုးပေါ့ နော် တစ်ရက်ခြားတစ်ခါ ဆီတန်းတာတောင်မှ တအားအဆင်မပြေဘူး။ တစ်ပတ်စာလောက်ကို တစ်ခါ တည်း ထည့်ပေးလိုက်ပေါ့နော်။ သူသည် လီတာ သုံးဆယ် ရမလား၊ လေးဆယ်ရမလား။ အဲဒါဆိုရင် ဆီဆိုင်ရဲ့ ပိနေတဲ့ ဝန်ထုပ်ဝန်ပိုလည်း ပေါ့သွားမယ်။ ကားတွေ တန်းစီနေရတာ လူတွေရဲ့ ရှိသမျှ အချိန်တွေက အဲဒီနားလေးမှာ သွားပြီးတော့ ကုန်ဆုံးနေရတာလည်း အဆင်မပြေဘူး။ ဆိုတော့ အဲဒီဆီကို အဲဒီအပိုင်းနဲ့ ထိန်းချုပ်ထားလိုက်ပြီဆိုရင် သူ့ပါ့သာသူ "စုံ"ရက်ထွက်ထွက် "မ"ရက် ထွက်ထွက် မနက်ထွက်ထွက်၊ နေ့လယ်ထွက်ထွက်၊ ညထွက်ထွက် သူအရေးကြီးတဲ့ အချိန်မှာ ထွက်မယ် ဆီနည်းနေတယ်ဆိုရင် အရေးတကြီး ဖြစ်တဲ့အချိန်ကိုပဲ ဂရုစိုက်ပြီး ထွက်မယ်။ ကျန်တဲ့ကိစ္စတွေကို ဘယ်နေ့ထွက်ပါ ဘယ်အချိန် ထွက်ပါတွေကျတော့ ဒါ မလုပ်သင့်ဘူးလို့တော့ မြင်တယ်။ မိတ်ဆွေတွေ အလုပ်လုပ်တဲ့ လူတွေ အကုန်လုံးက ငါတို့က စုံကားတွေ ဝယ်လိုက်ကြပြီးတော့ “စုံ”ရက်ထွက်ပြီး ငါတို့ ဆုံကြပြီးတော့ အလုပ်ကိစ္စအတူတူ လုပ်ကြမယ်ဆိုပြီးမှ လုပ်လို့မရတာ။ “မ” သမားလည်းရှိတယ် “စုံ” သမား လည်း ရှိတယ်။ တော်တော်ကို (အခက်အခဲ) ဟိုဟာဖြစ်နေတာပေါ့။ ဒါကြီးကတော့ ဘယ်လိုမှတော့ အဆင်မပြေဘူး။ အဓိက,က ဆီသုံးစွဲမှုကို ထိန်းချုပ်လိုက်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့က အဲဒီဟာကို ချုပ်ထားနိုင်ပြီဆိုရင် ဒီဟာကတော့ ကျန်တဲ့ဟာ ကြိုက်သလို ထွက်ကြပေါ့နော်။ အဲဒီလိုက ပိုကောင်းပါ လိမ့်မယ်” ဟု ပြောသည်။

စက်သုံးဆီ ရောင်းချမည့် ပုံစံကို ထုတ်ပြန်ထားစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော စုံ/မ သတ်မှတ်ချက်ကြောင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း အပါအဝင် အလုပ်ရုံ၊ စက်ရုံများ ထိခိုက်လာနေသလို စီးပွားရေး ကျဆင်းမှု ပိုမိုဖြစ်ပေါ်လာနေကြောင်း လုပ်ငန်းရှင်များက ပြောသည်။
အလားတူ ပြည်သူလူထုကြားမှာလည်း စုံ/မ သတ်မှတ်ချက်က ပြည်သူလူထု ဥပဒေ ချိုးဖောက်မှု ဖြစ်လာအောင် တွန်းပို့သလို ဖြစ်ပေါ်နေကြောင်းနှင့် အာဏာပိုင် အဖွဲ့အစည်းများ အဂတိတရား လုပ်ဆောင်လာအောင် တွန်းပို့သလိုဖြစ်နေသည်ဟု ထောက်ပြနေကြသည်။
ထို့အပြင် ပြည်သူများ၏ စက်သုံးဆီ အခက်အခဲများကြားထဲတွင် စက်သုံးဆီ မှောင်ခို စျေးကွက်သည် လည်း အဆမတန် ကြီးထွားလာနေကြောင်း၊ ထိုမှတဆင့် စီးပွားရေးကဏ္ဍများကို ရိုက်ခတ်မှုများရှိလာ ကြောင်း၊ ပြည်သူများ၏ သွားလာရေး အခက်အခဲများစွာ ဖြစ်ပေါ်လာနေသည်ဟု ပြည်သူများက ပြော သည်။
