CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၂၅
စက်သုံးဆီ ချွေတာသုံးစွဲရေးအတွက် မော်တော်ယာဥ်များကို “စုံ”ရက် နှင့် “မ” ရက်ခွဲခြားကာ ကန့်သတ် မောင်းနှင် စေခြင်း ပြဋ္ဌာန်းချက်က ပြည်သူလူထုကို ဥပဒေချိုးဖောက်မှု ဖြစ်လာအောင် တွန်းပို့နေသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုများက ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီ လိုအပ်မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် မော်တော် ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိ မြေပြင်တွင် ပြည်သူလူထုသည် နေ့စဉ် စားဝတ်နေရေးနှင့် စီးပွားရေးအတွက် မဖြစ်မနေ သွားလာနေရ ခြင်းကြောင့် စုံ/မ သတ်မှတ်ချက်ကို နည်းလမ်းပေါင်းစုံဖြင့် ကျော်လွှားနေရကြောင်း၊ ထိုသို့ ဖြတ်သန်းနေရခြင်းက ပြည်သူလူထုများသည် ဥပဒေ ချိုးဖောက်မှန်းမသိ ချိုးဖောက်လာနေကြရကြောင်း၊ ပြည်သူလူထုအား ဥပဒေ ချိုး ဖောက်အောင် တွန်းပို့နေသလိုဖြစ်ပေါ်နေကြောင်း အားလုံးက ထောက်ပြနေကြသည်။
ဥပဒေတစ်ရပ် ပြဋ္ဌာန်းသည့်အခါတွင် တိကျမှုနှင့် သက်ရောက်မှုရှိရန် အင်မတန်လိုအပ်ကြောင်း၊ ပြည်သူလူထု လိုက်နာနိုင်သည့် ဥပဒေတစ်ရပ် ဖြစ်ရန်လိုကြောင်း၊ ခေတ်စနစ်နှင့် မလျော်ညီသည့် ဥပဒေများကို ပယ်ဖျက်သင့် သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

စုံ/မ သတ်မှတ်ချက်ကို ထုတ်ပြန်ထားစဉ်
၎င်းက “ကျနော်တို့ မြန်မာနိုင်ငံမှာ အဲဒီဟာမျိုးတွေက တအားကို များတာပေါ့။ ဥပဒေတစ်ခု ထုတ်ပြန်ပြီဆိုရင် ဒီ ဥပဒေသည် တကယ့်ကို သက်ရောက်ရမယ်ပေါ့နော်။ တိတိကျကျ ဖြစ်နေရမှာပေါ့။ သို့ပေမယ့် ဥပဒေတွေက ကို့လို့ ကန့်လန့် ဖြစ်တဲ့အခါကျတော့ လူတွေကလည်း သိပ် လိုက်လုပ်ဖို့ အဆင်မပြေတဲ့ အခါကျတော့ ဒီလိုပဲ အဆင်ပြေ သလို လုပ်ကြတာပေါ့။ လုပ်ကြတဲ့ အခါကျတော့ လူတွေသည် မသိမသာ အကုန်လုံးက ဥပဒေကို ချိုးဖောက်တဲ့ လူတွေ ဖြစ်သွားတာပေါ့။ ကျနော်တို့ ဒီသီအိုရီ တစ်ခုရှိတယ်ပေါ့နော်။ broken window သီအီုရီဆိုတာ ရှိတယ်။ Broken window သီအိုရီဆိုတာ လမ်းဆုံလမ်းခွတစ်ခုမှာ ပြတင်းပေါက်မှန်တစ်ခု ကွဲနေတာကို ချက်ချင်း မပြင်လို့ ရှိရင် လူတွေအနေနဲ့က အော် ဒါက စိုးမိုးမှု လျော့နေတယ်ပေါ့၊ တရားဥပဒေစိုးမိုးမှုက လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ဟာမျိူး ယူသွားပြီးတော့ တဖြေးဖြေးနဲ့ အရဲတိုးပြီး စမ်းလာတယ်။ စမ်းလာရင်းနဲ့ ဒီဥပဒေ ဒုစရိုက်မှုတွေ များ လာတယ်ပေါ့။ ဆိုတော့ သေးသေးဖွဲဖွဲလေးတွေကို ဂရုစိုက်ခြင်းအားဖြင့်က ကြီးကြီးမားမား ပြဿနာတွေ ဖြစ်မလာတော့ဘူးဆိုတဲ့ သီအိုရီတစ်ခုရှိတယ်။ အဲဒါသည် ဗမာစကားနဲ့ ပြောမယ်ဆိုရင်တော့ အမှိုက်ကစ ပြဿာဒ် မီးလောင်ဆိုတဲ့ (ဥပမာနဲ့)ဆင်တာပေါ့။ တချို့ဟာလေးတွေက သေးသေးဖွဲဖွဲပဲ ဒါပေမယ့် နောက်ထပ် ပိုပြီးတော့ ပြန့်သွားတဲ့ သဘောပေါ့။ အဲဒီတော့ လူတွေဟာ မသိလိုက် မသိဘာသာ ဥပဒေတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ ဟာမျိုး ဖြစ်သွားလို့ရှိရင် ဥပဒေစိုးမိုးမှုတွေ လျော့နည်းသွားတတ်တယ်ဆိုတဲ့ သဘောရှိတာပေါ့။ လူတွေလိုက်နာ နိုင်တဲ့ ဥပဒေမျိုးတွေကို ဖြစ်ဖို့လိုတယ်။ တချို့ဟာတွေက ခေတ်စနစ်နဲ့ မလျော်ညီတဲ့ဟာတွေဆို ပယ်ဖျက်ဖို့ လိုတယ်ပေါ့လေ။ အဲဒီလိုမျိုးလေးတော့ သုံးသပ်လို့ရပါတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စုံ/မ သတ်မှတ်ချက်ကြောင့် ပြည်သူလူထုသည် ရာဇဝတ်မှု ကျူးလွန်ထားသူများကဲ့သို့ ခိုး ကြောင်ခိုးဝှက် သွားလာနေကြရသလို ဥပဒေ ချိုးဖောက်သူများ ဖြစ်မှန်းမသိ ဖြစ်လာနေကြောင်း ထောက်ပြကြ သည်။
ထို့ပြင် စုံ/မ သတ်မှတ်ချက်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ထိခိုက်လာနေကြောင်း၊ ကုန်ထုတ် လုပ်ငန်းများ ကျဆင်းလာနေကြောင်း၊ စီးပွားရေး လည်ပတ်မှု ထိခိုက်လာနေကြောင်း၊ လုပ်ငန်းခွင်များတွင် လုပ်အား ဆုံးရှုံးမှု များ ဖြစ်ပေါ်လာနေကြောင်း၊ အဂတိ တရားများ ကြီးထွားလာနေကြောင်း၊ အခွင့်ထူးခံ လူတန်းစာ တစ်ရပ်ပေါ် ပေါက်လာနေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ပြည်သူလူထု အနေဖြင့် ဥပဒေတစ်ခုအား ချိုးဖောက်လိုက်ခြင်းအားဖြင့် ဘာမှ မဖြစ်ပါဘူးဆိုသည့် အတွေးအခေါ် များ ဝင်လာပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် ဆိုးရွားလာနိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးထက်အောင်ကျော်မှ ဆက်ပြောသည်။

စက်သုံးဆီဆိုင်ကို တွေ့ရစဉ်
၎င်းက “မြန်မာနိုင်ငံသားတိုင်းက တစ်ခုမဟုတ်တစ်ခု ချိုးဖောက်နေကြတာပဲ။ ကိုယ့်ကိုယ်ကို သိချင်မှတောင် သိမှာလေ။ ဘယ်တော့မဆို ချိုးဖောက်နေတယ်။ အဲဒါကိုလည်း စိတ်ထဲမှာ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူးကွာ ဆိုတဲ့ အတွေးအခေါ်က မြန်မာပြည်သူပြည်သားများ အားလုံးရဲ့ ခေါင်းထဲမှာရှိနေပြီ။ အဲဒီလိုမျိုး ဖြစ်နေတဲ့ အတွက် ကြောင့် မို့လို့ကလည်း တချို့ဟာလေးတွေက အော် ဒါလေးက ဘာမှမဖြစ်ပါဘူးဘာတို့ အဲဒီလိုမျိုးပေါ့နော်။ အဲဒီလို လုပ်လိုက်တာတွေ အားလုံးသည် ကျနော်တို့ လူ့အဖွဲ့အစည်း တစ်ခုလုံးမှာ အဲဒီ အတွေးအခေါ် ဝင်သွားတယ်ဆိုရင် ကျနော်တို့က ဒါမကောင်းဘူးပေါ့နော်။ အဲဒီအတွက်ကြောင့်မို့လို့က အုပ်ချုပ်သူ၊ အစိုးရ၊ ဥပဒေပြု ဒီအဖွဲ့အစည်း တွေ အားလုံးက ဒါတွေကို ထည့်တွက်ပြီးတော့မှ စနစ်ကျနတဲ့ဟာမျိုး ဖြစ်အောင်ပေါ့လေ အဲဒါတွေကို သေသေ ချာချာ စဉ်းစားချင့်ချိန် လုပ်သင့်တယ်လို့တော့ မြင်ပါတယ်” ဟု ပြောသည်။
ပြည်သူများအနေဖြင့် စုံ/မ ကန့်သတ်ချက်ကို မလွဲသာမရှောင်သာ ချိုးဖောက်နေသည့် အခြေအနေများလည်း မြင်တွေ့နေရကြောင်း၊ သူခိုး နည်းလမ်းပြသည့် ညွှန်ကြားချက်မျိုး မလုပ်စေချင်ဘူးဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြည်သူက ချိုးဖောက်မှန်းမသိ ချိုးဖောက်တာက ပြည်သူက လိုက်နာချင်ပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် မဖြစ်မနေ သွားရတော့မယ်ဆိုတဲ့ အခါကျတော့ အရဲစွန့်ပြီး သွားကြရတာပေါ့။ ကျနော့် မိတ်ဆွေထဲကလည်း ကြုံဖူးပါတယ်။ အခု လောင်စာမရှိတဲ့ အခါကျတော့ ဒဏ်ကြေးဆောင်လည်း ဆောင်လိုက် တော့မယ်ဗျာ။ မိရင်လည်း အရဲစွန့်ပြီး ထွက်ရတော့မယ်ပေါ့နော်။ အဲဒါမျိုးတွေလည်း ကြုံရတာပေါ့ ဒီမြေပြင်မှာ။ အဲဒီအတွက်ကြောင့်မို့လို့ ဒီညွှန်ကြားချက်ကြီးကို ပယ်ဖျက်ပြီးမှ ခုနတုန်းက ဆီကိစ္စတွေ လုပ်ခဲ့မယ်ဆိုရင် ပြည်သူ လည်း ကျေနပ်ကြမှာပါ။ ပြည်သူကတော့ ရတဲ့အပေါက်ကနေ ထွက်ကြမှာပဲလေ။ တစ်ဖက်မှာလည်း ဒီကိစ္စကို လုပ်တဲ့ ဝန်ထမ်းတွေကလည်း သူတို့ရဲ့ လုပ်စားဂွင်ကြီးလို ဖြစ်သွားတာပေါ့နော်။ ဒါကျနော်တို့ ကြုံခဲ့ရတဲ့ ကိစ္စတွေ အရ ပြောတာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေ မဖြစ်ရလေအောင် ညွှန်ကြားချက် တစ်စောင်ထွက်ခဲ့မယ် ဆိုရင်တော့ တိတိကျကျနဲ့ ညွှန်ကြားစေချင်တယ်။ ညွန်ကြားချက် တစ်စောင် ထွက်ခဲ့ပြီဆိုရင်လည်း ပြန်ရုပ်သိမ်းဖို့ဆိုတာ အင်မတန် ခက်ခဲပါတယ်။ အဲဒီညွှန်ကြားချက်ကို ပြည်သူတွေက လိုက်နာရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ လိုက် နာနေတဲ့ သူတွေရဲ့ ဆိုးခြင်း၊ ကောင်းခြင်းကို သုံးသပ်ပြီးမှ ဒီညွှန်ကြားချက်တွေကို ကျနော်တို့ ထုတ်စေ ချင်တယ် လို့ ပြောချင်တယ်။ ပြည်သူတွေကို သူခိုးနည်းလမ်းပြတဲ့ ညွှန်ကြားချက်မျိုးတော့ မလုပ်စေချင်ဘူးပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိ စုံ/မ သတ်မှတ်ချက်ကို အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် ပြန်လည် ပယ်ဖျက်သိမ်းရန် အားလုံးက တောင်းဆိုနေကြသည်။
ထို့နောက် စက်သုံးဆီ ချွေတာရေးအတွက်ဆိုပါက အင်ဂျင်ပါဝါ အပေါ် မူတည်၍ တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ရောင်းချပေးခြင်း စနစ်ကို ထောက်ခံကြောင်း ပြည်သူလူထုများက ပြောသည်။
