CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၃၀
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော စက်သုံးဆီ အကျပ်အတည်းကို အစိုးရအနေဖြင့် ကိုင်တွယ် ဖြေရှင်းသည့် အခါတွင် ပြည်သူလူထု သက်သောင့် သက်သာဖြစ်စေမည့် ဖြေရှင်းမှုမျိုး ဖြစ်ရန်လိုအပ်သည်ဟု နိုင်ငံရေး လေ့လာသုံးသူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ပြည်သူများကြားထဲတွင် အခက်အခဲ ဖြစ်နေသည့် စက်သုံးဆီ ပြဿာနာ ကို ဖြေရှင်းရာတွင် လူထုအား ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် သေချာစဥ်းစားချင့်ချိန်၍ လုပ်ဆောင်ရန် လိုအပ် ကြောင်း၊ ပြည်သူလူထု သက်သောင့်သက်သာ ဖြစ်စေသည့် နည်းလမ်းကို ရွေးချယ်ရန် လိုအပ်သည်ဟု ၎င်းက ပြောသည်။
ဦးထက်အောင်ကျော်က “ဒါကြီးက တစ်ကမ္ဘာလုံးထိကြတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဖြစ်မှာပဲပေါ့နော်။ ဖြစ်တဲ့အပေါ်မှာ ကိုယ်ရှိသလောက် အနေအထားနဲ့ ကိုယ်စွမ်းသလောက် အနေအထားကို ဖြေရှင်းတဲ့အခါမှာ လူထုနဲ့ သက်သာအောင်ပေါ့လေ။ သက်သက်သာသာနဲ့ ဖြစ်အောင် သက်သာအောင်ဆိုတာ ဈေးသက်သာအောင် ပြောတာမဟုတ်ဘူး။ လူထု ဝန်ထုပ်ဝန်ပိုး မဖြစ်အောင် အတတ်နိုင်ဆုံး စဉ်းစားပြီးတော့မှ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြေရှင်းနည်းပေါ့နော်။ ပြီးရင် ဒီကိစ္စကလည်း ဘာကြောင့် လုပ်ရပါတယ်ဆိုတာလည်း လူထုကိုက ပြောပေးရင် လိုရာလေး သွင်းပြီးပြောပေးရင် လူထုအနေနဲ့ စိတ်ထဲဘာမှ ဖြစ်စရာအကြောင်း မရှိဘူးလေ။ တစ်ကမ္ဘာလုံး ဒီလိုဖြစ်နေတဲ့ကြားမှာ ဘယ်လိုလေး ကြိုးကြိုးစားစားနဲ့ အဆင်ပြေအောင် လုပ်ပေးနေရှာသားပဲ ဆိုတဲ့ အမြင်မျိုးလေးရအောင် စီမံခန့်ခွဲရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့” ဟု ပြောသည်။

စုံ/မ သတ်မှတ်ချက်ကို စစ်ဆေးနေစဉ်
၂၀၂၆ ခုနှစ်၊ မတ်လ ၇ ရက်နေ့မှ စတင်ကာ စက်သုံးဆီချွေတာ သုံးစွဲရေးအတွက် မော်တော်ကားများနှင့် မော်တော် ဆိုင်ကယ်များကို စုံ/မ ခွဲခြားပြီး မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မတ်လ ၃ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ စုံ/မ သတ်မှတ်ချက်သည် လက်ရှိမြေပြင်တွင် ပြည်သူများအတွက် အခက်တွေ့မှုများ ပိုဖြစ်စေသလို ကုန်ထုတ်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ လူမှုစီးပွားရေးကဏ္ဍများတွင် တိုက်ရိုက်ထိရောက်မှုများ ရှိလာကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပြည်သူသက်သာစေသည့် ဖြေရှင်းမှုမျိုး စဥ်းစားရန်လိုအပ်သည်ဟု ပြည်သူများက ထောက်ပြကြသည်။
အစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် စက်သုံးဆီ အခက်အခဲကို မည်ကဲ့သို့ ဖြေရှင်းလျှင် အကောင်းမွန်ဆုံး ဖြစ်နိုင်သည်ကို ဦးထက်အောင်ကျော်မှ ဆက်ပြောသည်။
စက်သုံးဆီ အခက်အခဲများနှင့်ပတ်သက်၍ အစိုးရသည် တတ်နိုင်သမျှ ကိုင်တွယ်ဖြေရှင်း ပေးနေသည့်အတွက် ကြောင့် ပြည်သူများ အနေဖြင့်လည်း ဖြစ်ပေါ်နေသည့် အခက်အခဲများကြားထဲတွင် နားလည်မှုရှိရှိနှင့် သည်းခံ ပေးရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်ကိုတွေ့ရစဉ်
၎င်းက “အစိုးရက တတ်နိုင်သလောက် သူ လုပ်လို့ ဖြစ်တာလည်း မဟုတ်ဘူးပေါ့နော်။ ဒါက ကမ္ဘာတစ်လွှား ဖြစ်နေတဲ့ ကိစ္စမှာတော့ လူတွေက ဒါ သည်းခံရမှာပဲ။ အစကတည်းက အစိုးရက ဘာဖြစ်လို့ ညာဖြစ်လို့ အစိုးရကို မကြည်တာနဲ့ ဒါကို အကြောင်းပြတယ်ဆိုရင်တော့ ကျနော်တို့က ဒါ လက်မခံသင့်ဘူး။ ဒီအခြေအနေက ဘယ် အစိုးရတက်တက် ဒီထက်ကောင်းအောင် ဘယ်သူမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ လူထုက ဒီအခြေအနေမှာတော့ အစိုးရအပေါ်မှာ နားလည်မှုရှိရှိနဲ့ ကျနော်တို့ သည်းခံပေးဖို့ လိုတယ်ပေါ့နော်။ ဒီလိုပဲ ကျနော်တို့ တွေးရမှာပေါ့နော်။ အစိုးရကလည်း အခုဆိုရင် ရုံးဆိုလို့ရှိရင် ဗုဒ္ဓဟူးနေ့ တစ်ရက်တောင်မှ ရုံးမတက် ခိုင်းဘူးလေ။ ဒါသူလည်း တတ်နိုင်သမျှ လုပ်နေတာပဲပေါ့နော်။ ဒီသဘော သွားတွေ့တာပေါ့” ဟု ပြောသည်။
စက်သုံးဆီ ချွေတာနိုင်ရေးအတွက် စုံ/မ ရက် သတ်မှတ်ပြီး နောက်ပိုင်းတွင် ပုဂ္ဂလိက ရုံးလုပ်ငန်းများနှင့် ကျောင်း သား မိဘများ အခက်အခဲများ တွေ့နေကြသလို ခရီးသွားမည့် သူများနှင့် စီးပွားရေးအရ နေ့စဉ် သွားလာနေရသူ များလည်း အခက်အခဲများ ကြုံတွေ့နေကြရကြောင်း၊ ခရီးသွားလောကကို အကြီးအကျယ် ထိခိုက်မှုများ ရှိလာ သည်ဟု ခရီးသွားလုပ်ငန်းရှင်များနှင့် ပြည်သူများက ကျယ်ကျယ်လောင်လောင် ပြောဆိုမှုများ ရှိနေကြသည်။
