CNI International News

ဘန်ကောက်၊ မတ်လ ၃၁

ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်သူများက လောင်စာဆီဈေးနှုန်း ၂၀ ရာခိုင်နှုန်း မြင့်တက်လာမှုကို ၎င်းတို့ဘာသာ တာဝန်ယူ ဖြေရှင်းသွားမည်ဖြစ်ပြီး စားသုံးသူများအပေါ် သက်ရောက်မှု မရှိအောင် ကုန်ဈေးနှုန်းကို ကာကွယ် ပေးထားမည်ဖြစ်ကြောင်း The Nation မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် လောင်စာဆီ ဈေးနှုန်းများ မြင့်တက်နေသော်လည်း အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ လူသုံး ကုန် ပစ္စည်းများ၏ လက်လီဈေးနှုန်းများကို တည်ငြိမ်အောင် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၏ နာမည် ကြီး ကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီများက ပြည်သူလူထုကို အသိပေး ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခသည် ၁ လကျော်ပြီး ၂ လထဲသို့ ရောက်ရှိလာသည်နှင့်အမျှ ကမ္ဘာ့စွမ်းအင် ဈေးကွက် မတည်ငြိမ်မှုများကြောင့် ထိုင်းနိုင်ငံ၏ လက်လီ စက်သုံးဆီ ဈေးနှုန်းမှာ တစ်လီတာလျှင် ၆ ဘတ် ခန့်အထိ မြင့်တက်လာခဲ့ပြီး ကုန်စည်ပို့ဆောင်ရေး ကုန်ကျစရိတ်များကို ချက်ချင်း မြင့်တက်စေခဲ့သည်။

ထိုသို့ ဖိအားများ ရှိနေသော်လည်း ခေါက်ဆွဲခြောက် ထုတ်လုပ်သူများမှအစ Coca Cola ကဲ့သို့  ကမ္ဘာကျော် အဖျော်ယမကာ ကုမ္ပဏီများအပြင် ထိပ်သီး ကျန်းမာရေး စောင့်ရှောက်မှု အမှတ်တံဆိပ်များအထိ ပါဝင်သော လုပ်ငန်းရှင်ကြီးများသည် မြင့်တက်လာသော ကုန်ကျစရိတ်များကို ၎င်းတို့ဘာသာ အဆင်ပြေသလို တာဝန်ယူ ဖြေရှင်းသွားမည်ဟု ကတိပြုထားကြသည်။

စားသောက်ကုန်များ စာရင်းကို စစ်ဆေးနေစဉ်

စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းသည် အားနည်းနေသဖြင့် ကုန်ဈေးနှုန်းများ မြှင့်တင်လိုက်ပါက အရောင်းပမာဏ ကို မလွဲမသွေ ကျဆင်းစေလိမ့်မည်ဟု လုပ်ငန်းအဖွဲ့အစည်းများ၏ ဘုတ်အဖွဲ့ဝင်များက တစ်ညီတစ်ညွတ်တည်း လက်ခံထားကြသည်။

နာမည်ကျော် မာမား (Mama) ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် Thai President Foods PCL ၏ ဥက္ကဋ္ဌ ပွန် ပန်နီယန်ဗစ် (Pun Paniangvait) ကလည်း ၎င်းတို့ ကုမ္ပဏီအနေဖြင့် ခေါက်ဆွဲခြောက် ဈေးနှုန်းများကို မြှင့်တင် ရန် အစီအစဉ်မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ဆီလီတာ ၁၀၀ လျှင် ယခင်ကထက် ဘတ် ၆၀၀ ခန့် ပိုမိုကုန်ကျနေပြီ ဖြစ်သော်လည်း ကုမ္ပဏီ အနေဖြင့် ဂျုံမှုန့်နှင့် စားအုန်းဆီများကို ကြိုတင်စုဆောင်းထားသည့် မဟာဗျူဟာကြောင့် အနည်းဆုံး စက်တင်ဘာလအထိ လောင်စာဆီ ဈေးနှုန်းမြင့်တက်မှု၏ ဂယက် ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

ဈေးကွက် ကျွမ်းကျင်သူများကမူ ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေနိုင်သော်လည်း လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမတင်ဘဲ ကုန်ပစ္စည်း၏ ပမာဏကို လျှော့ချနိုင်မည့် နည်းလမ်းကို စောင့်ကြည့် နေကြောင်း သုံးသပ်ခဲ့သည်။

ဥပမာ ပြရမည်ဆိုပါက အချိုရည်ဘူး တစ်ဘူး၏ ဈေးနှုန်းကို ပုံမှန်အတိုင်း ထိန်းထားသော်လည်း ထိုအချိုရည်ဘူး ၏ အရွယ်အစားကို အနည်းငယ် ချုံ့ပစ်လိုက်ခြင်းဖြင့် အချိုရည်ပါဝင်မှု ပမာဏ လျှော့ချလိုက်သည့် နည်းလမ်း မျိုးအား လုပ်ငန်းရှင်များက စဉ်းစားနေနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: The Nation