CNI International News

ဘန်ကောက်၊ ဒီဇင်ဘာ ၁၂

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တွင် အပြန်အလှန် တိုက်ခိုက်နေကြခြင်းကြောင့် ဆိုးရွားစွာ ထိခိုက်ခဲ့သည့် စီးပွားရေး လုပ်ငန်းများကို ကူညီထောက်ပံ့ပေးရန် ထိုင်းအစိုးရက ပြည့်စုံကျယ်ပြန့်သော ဘဏ္ဍာရေးနှင့် ထောက်ပို့ အကူ အညီ အစီအစဉ်များကို ပြင်ဆင်နေကြောင်း The Nation မှ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်ခဲ့သည့် စီးပွားရေးဝန်ကြီးအဖွဲ့ အစည်းအဝေးအပြီး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပြုထားသည့် ကနဦးအဆင့် ပံ့ပိုးကူညီရေး အစီအမံများကို အရေးပေါ် ပြန်လည် ပြင်ဆင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနကို ပြန်လည်ပေးပို့ခဲ့ကြောင်း အစိုးရအိမ်တော်မှ သတင်းရင်းမြစ်များက အတည်ပြု ပြောကြားသည်။

စီးပွားရေးဝန်ကြီးအဖွဲ့က ကူညီထောက်ပံ့မှုကို ပိုမိုမြှင့်တင်ရန်နှင့် ပဋိပက္ခ၏ အခြေအနေနှင့် ကိုက်ညီမှုရှိသည့် ပြင်ဆင်ချက်များအား ဖြည့်စွက်ရန် တောင်းဆိုခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယား စီးပွားရေးကောင်စီနှင့် ပြည်နယ်အဆင့် ကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များ၊ ဘဏ္ဍာရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေးနှင့် ထောက်ပို့ စီမံခန့်ခွဲရေး အပါအဝင် ကဏ္ဍအသီးသီးမှ စီးပွားရေး ခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် ရေးဆွဲခဲ့သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကနဦး အစီအစဉ်တွင် ပုဂ္ဂလိက ကဏ္ဍအပေါ် ထိခိုက်မှုများအား အသေးစိတ် ဖော်ပြထားသည်။

ထိုင်း-ကမ္ဘောဒီးယား တိုက်ခိုက်မှု ထွက်ပြေးလာသူတွေနဲ့ သတင်းယူနေကြသူတွေကို တွေ့ရစဉ်

ထိုထုတ်ပြန်ချက်တွင် များပြားသည့် ကဏ္ဍများအပေါ် ဆိုးရွားသည့် သက်ရောက်မှုများရှိကြောင်း အတည်ပြု ခဲ့သည်။

ထောက်ပံ့ရေးကွင်းဆက် ပြိုလဲမှုကို ကြည့်မည်ဆိုပါက နယ်စပ်များကို ပိတ်ထားသည့် အချိန်တွင် ကုမ္ပဏီများ သည် ကုန်းလမ်းပို့ဆောင်မှုများ မလုပ်နိုင်တော့ဘဲ ရေလမ်းမှတစ်ဆင့် ပို့ဆောင်မှုများ ပြုလုပ်နေရသဖြင့် အကုန် အကျ ပိုမို များပြားခြင်းနှင့် ကုန်စည်များ ပို့ဆောင်သည့် အချိန်များကို ပိုမိုကြာရှည်စေခဲ့သည်ကို တွေ့ရမည်ဖြစ် သည်။

ထို့နောက် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ၏ ဝင်ငွေများ နည်းပါးခဲ့ပြီး ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုကို ရင်ဆိုင်ခဲ့ကြသလို အချို့ကုန်ကြမ်း ပစ္စည်းများကို ဗီယက်နမ်မှ တင်သွင်း ရမည့် အခြေအနေကို ရောက်ရှိနေကြသည်။

အလားတူ ကုန်သွယ်ရေး သပိတ်မှောက်မှုများကို ကြည့်ပါကလည်း ထိုင်းသစ်သီးများ၊ ဟင်းသီးဟင်းရွက်များနှင့် ဆီများကို ပိတ်ပင်မှု အပါအဝင် ကမ္ဘောဒီးယားအစိုးရ၏ အစီအမံများသည် ထိုင်းကုန်စည်များကို သပိတ်မှောက် သည့် လှုပ်ရှားမှု ဖြစ်သဖြင့် ဝင်ငွေများ လျော့ကျစေခဲ့သည်။

ကုန်သွယ်ရေးကို တွေ့ရစဉ် 

ထို့နောက် အော်ဒါများ ပယ်ဖျက်ခြင်း၊ စီပွားရေး စာချုပ်များ ဖျက်သိမ်းခြင်းတို့ရှိခဲ့ပြီး အထူးသဖြင့် လက်လီ ရောင်းချမှုနှင့် ဝန်ဆောင်မှု ကဏ္ဍများကို ထိခိုက်စေခဲ့သည်။

ထို့ပြင် စျေးကွက်ရှယ်ယာများ ဆုံးရှုံးခြင်းကို ကြည့်ပြန်ပါကလည်း နယ်စပ်ပဋိပက္ခကြောင့် ထိုင်းရင်းနှီးမြှုပ်နှံ သူများသည် ပရောဂျက် အသစ်များကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် အခြားနိုင်ငံများသို့ ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံခြင်း တို့ ပြုလုပ်ခဲ့ကြသည်။ 

အချို့စီးပွားရေး လုပ်ငန်းများသည် နယ်စပ်ပဋိပက္ခကြောင့် ၎င်းတို့၏ ထုတ်ကုန် အမည်များနှင့် လိုဂိုများကို ပြောင်းလဲခြင်းတို့အထိ လုပ်ဆောင်ခဲ့ကြသည်။ 

ထိုအပြောင်းအလဲက စျေးကွက်တွင် ယှဉ်ပြိုင်နေသည့် အခြားနိုင်ငံများအတွက် နေရာလွတ်များကို ဖန်တီးပေးရာ ရောက်နေပြီး ထိုင်းထုတ်ကုန်များအတွက် စျေးကွက်ရှယ်ယာများကို ရေရှည် ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

Source: ဘန်ကောက်ပို့စ်