CNI International News

မွမ်ဘိုင်း၊ ဧပြီ ၁၀

အိန္ဒိယသည် အမေရိကန်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ရုန်းကန်နေရသည့် စီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် အိန္ဒိယဗဟိုဘဏ်(RBI)က ကာလတို ချေးငွေများအတွက် အတိုးနှုန်းကို ဒုတိယအကြိမ်မြောက် လျှော့ချပေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ပြင် နောက်ထပ် အတိုးနှုန်းများ ထပ်မံလျှော့ချဖွယ်ရှိသည့် ငွေကြေးမူဝါဒကိုလည်း ပြောင်းလဲခဲ့သည်။

အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံမှုများ ကြေညာခဲ့ပြီးနောက် နယူးဇီလန် ဗဟိုဘဏ်သည် အတိုးနှုန်းများကို လျှော့ချခဲ့သည်။ 

ထို့နောက် အိန္ဒိယဗဟိုဘဏ်ကလည်း အတိုးနှုန်းကို လျှော့ချသည့် ဒုတိယမြောက် ဗဟိုဘဏ်တစ်ခု ဖြစ်လာခဲ့ သည်။

အမေရိကန်၏ ကုန်သွယ်ခွန် ကောက်ခံမှုများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို နှောင့်နှေးသွားစေနိုင်သည့် အန္တရာယ်ကို မြင့်တက်စေခဲ့သည်။

အိန္ဒိယဗဟိုဘဏ်ကို တွေ့ရစဉ်

စျေးကွက်ပေါ်ထွန်းစ နိုင်ငံများ၏ ဗဟိုဘဏ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် အတိုးနှုန်းများကို လျှော့ချမည်လော သို့မဟုတ် အားနည်းနေသည့် ၎င်းတို့၏ နိုင်ငံသုံးငွေကြေး တန်ဖိုးများကို မြင့်တက်စေရန် လုပ်ဆောင်မည်လော အစရှိသည့် အချက်နှစ်ချက်ထဲမှ တစ်ချက်ကို ခက်ခဲစွာ ရွေးချယ်နေရ သည်။

အိန္ဒိယဗဟိုဘဏ်၏ ထိပ်သီးတာဝန်ရှိသူ ၃ ဦးနှင့် ပြင်ပကျွမ်းကျင်သူ ၃ ဦး ပါဝင်သည့် အိန္ဒိယ၏ ငွေကြေးမူဝါ ကော်မတီ (MPC)သည် ကာလတို ချေးငွေများအတွက် အတိုးနှုန်းကို ၆ ရာခိုင်နှုန်းအထိ လျှော့ချပေးခဲ့သည်။

အိန္ဒိယဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ် မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက အတိုးနှုန်းကို လျှော့ချပေးခဲ့ဖူးသလို ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။

အိန္ဒိယဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆန်ဂျေး မယ်လ်ဟိုထရာကို တွေ့ရစဉ်

ထို့ပြင် အိန္ဒိယဗဟိုဘဏ်သည် ငွေကြေးဆိုင်ရာမူဝါဒ ရပ်တည်ချက်ကို ဘက်မလိုက် ရပ်တည်ချက်မှ လိုက်လျော ညီထွေ ရပ်တည်ချက်အဖြစ် ပြောင်းလဲခဲ့သည်။

အမေရိကန်က အိန္ဒိယ၏ ပို့ကုန်များအပေါ် အပြန်အလှန် ကုန်သွယ်ခွန် ၂၆ ရာခိုင်နှုန်း ကြေညာခဲ့ခြင်းသည် အိန္ဒိယ၏ စီးပွားရေးကို မရေရာမှုများ ဖြစ်စေခဲ့သော်လည်း သက်ရောက်မှု အတိုင်းအတာအား အတိအကျသိရန် ခက်ခဲကြောင်း ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ဆန်ဂျေး မယ်လ်ဟိုထရာ (Sanjay Malhotra) က ပြောကြားခဲ့သည်။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပမာဏဟာ ကျနော်တို့ မျှော်မှန်းထားတာထက် နိမ့်နေခဲ့ပေမယ့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်မှာ စီးပွားရေး စွမ်းဆောင်ရည် အားနည်းခဲ့ပြီး တိုးတက်မှု အနည်းငယ်တော့ ရှိခဲ့ပါတယ်”ဟု မယ်လ်ဟိုထရာက ပြောကြားခဲ့သည်။

 Source: ရိုက်တာ