CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၀
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာပို့ကုန်များအား အခွန် ၄၄ ရာခိုင်နှုန်း စည်းကြပ်မည့်အတွက် အခြား ပို့ကုန်ကဏ္ဍအပြင် အထည်ချုပ်လုပ်ငန်းများမှာ ပိုမို အခက်တွေ့နိုင်ကြောင်း စီးပွားရေးပညာရှင်များက CNI သတင်းဌာနသို့ ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၂ ရက်က ကမ္ဘာ့နိုင်ငံ အသီးသီးအပေါ်သို့ ကောက်ခံမည့် အခွန်နှုန်းထား များကို တိုးမြှင့်လိုက်ရာ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။
ထိုသို့ အခွန်စည်းကြပ်မှု အပါအဝင် ငလျင်ဘေးကြောင့် ရှိနေပြီးသား ရင်းနှီးမြှုပ်နှံမှုများ အနေဖြင့် ရုန်းကန်ရမည့် အနေအထားရှိကြောင်း၊ အခြားသော ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာရန် မျှော်လင့်ရခက်ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ထရမ့် ကနေပြီးတော့မှ ကုန်သွယ်ခွန်တွေကို တိုးမြှင့်လိုက်တဲ့အထဲမှာ မြန်မာပြည်လည်းပါတယ်။ ဒီဧပြီလထဲ ထင်တယ်။ အခု အထည်ချုပ်တွေ ဒုက္ခရောက်မယ်လို့ အသံထွက်နေတာပေါ့။ မြန်မာပြည်က တချို့ brand တွေက မြန်မာပြည်မှာ ချုပ်တာပေါ့။ ချုပ်ပြီးတော့မှ ပြန်ပို့ရတာလေ။ အဲဒီအတွက် အခွန်အခတွေ မြင့်လာပြီဆိုရင် ဒီမှာအထည်ချုပ်စက်ရုံတွေ ရပ်တည်နိုင်မှုကအစ ပြဿနာတက်ပြီပေါ့။ ဆိုတဲ့အခါကြတော့ ရှိနေပြီးသား investment တွေတောင်မှ ဒီလိုကုန်သွယ် Trade War ကြောင့်မို့လို့ တော်တော်လေးကို struggle လုပ်ရမယ့် အနေအထား ဖြစ်နေတဲ့အခါမှာ နောက်ထပ် investment ရောက်လာဖို့ဆိုတဲ့ဟာကတော့ မလွယ် လောက်ဘူးပေါ့နော်။ တစ်ခုရှိတာကတော့ နစကဥက္ကဋ္ဌက ရုရှားနဲ့ ဘယ်လာရုစ်ကို သွားတုန်းကတော့ လက်မှတ် ထိုးခဲ့တာတွေရှိတယ်။ စွမ်းအင်ကဏ္ဍတို့ လုပ်မယ့်ဟာတွေကတော့ မပြောတတ်ဘူး။ နဂိုစီစဉ်ထားတဲ့အတိုင်း ဝင်လာမလားလို့။ ဒါပေမယ့် တခြား investment တွေကတော့ မျှော်လင့်ဖို့ သိပ်ခက်တယ်။ အခု Trade War ကြောင့်လည်းပါတယ်။ နောက်တစ်ခုက infrastructure ကြောင့်လည်း ပါတယ်ပေါ့။ အခုဆိုရင် မန္တလေးမြို့မှာ ငလျင်ဘေးသင့်တဲ့ ဒေသမှာတောင်မှ လျှပ်စစ်မီးတွေ ပုံမှန်ပြန်ပြီး မပေးနိုင်သေးဘူးပေါ့။ ဒီလိုအနေအထားနဲ့ ကတော့ investment ထပ်ဝင်လာဖို့ ဖြစ်နိုင်ခြေ တအားနည်းတယ်။ သူက Trade War ကြောင့် charges တွေ အရမ်းမြင့်တဲ့အတွက် ရှိနေပြီးသား investment တွေတောင် မနည်းရုန်းကန်ရမယ့် အနေအထားဖြစ်နေပြီ ဆိုတော့လေ” ဟု ပြောသည်။
ကုန်ထုတ်ဆိပ်ကမ်းကို တွေ့ရစဉ်
ယခုကဲ့သို့ အခွန်တိုးကောက်ခြင်းသည် အမေရိကန်နှင့် ကုန်သွယ်ရေးတွင် မျှတမှုရှိရေး၊ အလွန်အကျွံ အမြတ် မထုတ်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထား သည်။
အမေရိကန်အနေဖြင့် မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၈၀ ကျော်အပေါ် အခွန်တိုးမြှင့်လိုက်ခြင်းသည် လွန်ခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံအများအပြားအပေါ် စံချိန်တင် အခွန်တိုးမြှင့်ကောက်ခံမှု ဖြစ်လာကြောင်း နိုင်ငံတကာမှ ထောက်ပြမှုများရှိသည်။
ထိုသို့ အခွန်တိုးမြှင့်မှုကြောင့် အမေရိကန်မှ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းအပေါ် မူတည်ပြီး အခွန်နှုန်းထား သက်သာသည့် နိုင်ငံများကို ရွေးချယ်ကာ ဝယ်ယူသွားကြမည့် အနေအထားဖြစ်ကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာငလျင်ဘေး ကယ်ဆယ်ရေးလုပ်နေကြစဉ်
၎င်းက “သူလည်းခံရမှာပဲ။ တရုတ်ပြည်က ပို့တယ်ဆိုရင် ဒါ သွင်းကုန်ခွန် ခေါ်တာပေါ့။ သွင်းကုန်ခွန်ဆိုတာ အမေရိကားက သွင်းတဲ့လူတွေက ခံရမယ့်ပိုက်ဆံ၊ ဆိုတော့ အမေရိကားက လူတွေက ခံရမယ့်ဟာဆိုတော့ အမေရိကန် importer တွေက ဈေးနှုန်းတင်မှာလေ။ တင်တော့ ဘယ်သူနောက်ဆုံး ထိမလဲဆိုတော့ အမေရိကန် စားသုံးသူပဲထိမှာပေါ့။ တစ်ခုရှိတာက ဗမာနိုင်ငံအနေနဲ့ကြတော့ နဂိုကတည်းက ထိလွယ်ရှလွယ် ဖြစ်နေတာပေါ့ လေ။ တစ်ခုတော့ရှိတာပေါ့ ရွေးချယ်စရာ ပစ္စည်းတွေရှိတယ်ဆိုရင် ဗမာပစ္စည်းနဲ့ တရုတ်ပစ္စည်းနဲ့၊ ဗမာပစ္စည်းနဲ့ ဗီယက်နမ်ပစ္စည်းနဲ့ ရွေးချယ်စရာ ရှိတယ်ဆိုရင်တော့ အမေရိကန်က importer တွေက သွင်းကုန်ခွန် လျော့နည်း တဲ့တိုင်းပြည်ကို ရွေးပြီးဝယ်သွားမှာပေါ့။ ဥပမာ ဆန်ပေါ့ ထိုင်းကိုကြတော့ လျှော့ပေးထားတယ်၊ ဗမာပြည်ကို ၃၄ ဆိုရင် ထိုင်းကနေ သူဝယ်သွားမှာပေါ့။ ထရမ့်က လုပ်တယ်ဆိုတာ သူ့တိုင်းပြည်ထိခိုက်တာ တစ်(ကယ်)ကိစ္စပေါ့ ကျနော်တို့လည်း ထိခိုက်နိုင်တာပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံသည် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှု၊ သဘာဝဘေးအန္တရာယ်များ၊ အခြေခံ ကုန်စည်ရှားပါးမှု တို့ကြောင့် မြန်မာ့စီးပွားရေးသည် ၂၀၂၅ ခုနှစ်၊ မတ်လ၌ အနုတ် ၁ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်၏ ဒီဇင်ဘာ ၁၁ ရက်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့် အစီအရင်ခံစာတွင် ပါရှိသည်။
သို့သော် ထိုအစီအရင်ခံစာသည် မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ မှတဆင့် စီးပွားရေး သက်ရောက်နိုင်မှု အခြေအနေများကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပေ။