CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် အစိုးရသည် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူထားသော်လည်း ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဒေါ်နယ်ထရမ့်က အစိုးရသစ်ဖွဲ့စည်းမည်ဖြစ်၍ မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ ထားမှုများ ပြန်ဖွင့်ပေးနိုင်သလားဆိုသည့်အပေါ် စီးပွားရေးလေ့လာသုံးသပ်သူများကြား ဆွေးနွေးလျက်ရှိနေသည်။

ဘိုင်ဒန် အစိုးရ၏ အရေးယူပိတ်ဆို့ခြင်းသည် စီးပွားရေးထက် အုပ်ချုပ်သည့် ယန္တရားကို မကြိုက်သဖြင့် လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲများ ဖြစ်ပေါ်ချိန်မှစတင်ကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်လည်း အစိုးရဘဏ် ၂ ခုအား အရေးယူပိတ်ဆို့ထား သည်။

သို့သော် ထရမ့်သည် စီးပွားရေးဆန်သည့် သမ္မတတစ်ဦးဖြစ်၍ အရေးယူပိတ်ဆို့ထားမှုများအား မည်သည့် အတိုင်းအတာအထိ ပြန်ရုပ်သိမ်းပေးမည်ကို စောင့်ကြည့်ရဦးမည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သေချာတာ ပြောလို့ရတာ တစ်ခုကတော့ ဘိုင်ဒန်ထက် ထရမ့်က စီးပွားရေး နည်းလမ်းဆန်တဲ့ သမ္မတ တစ်ယောက် ဖြစ်တဲ့အတွက်ကြောင့် ဘယ်နိုင်ငံကိုပဲဖြစ်ဖြစ် စီးပွားရေးအရ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ပြောရမယ်ဆို ရင်တော့ နိုင်ငံ့ခေါင်းဆောင်တွေသည် သူတို့နိုင်ငံ အကျိုးစီးပွားကိုပဲ အဓိကကြည့်တာ ဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံ တွေက ဒုတိယဦးစားပေး ဖြစ်ပါတယ်။ သူတို့နိုင်ငံ အကျိုးစီးပွားအတွက် အကျိုးရှိမယ်ထင်ရင်တော့ အကျိုးရှိမယ့် အလုပ်ကို လုပ်မှာပေါ့။ အဲဒီလို အလုပ်တွေထဲမှာ အမေရိကန်ရဲ့ အကျိုးစီးပွားက မြန်မာပြည်ကို ဘယ်လို သက်ရောက်နိုင်လဲ။ အဲဒီအကျိုးစီးပွားထဲကနေ ကျနော်တို့ကရော ဘယ်လိုအခွင့်အရေးမျိုးတွေ ပြန်ရနိုင်မလဲ ဆိုတာကတော့ တကယ့်ကိုပဲ ဉာဏ်ပညာကြီးကြီးနဲ့ စောင့်ကြည့်ပြီး ဆောင်ရွက်ရမယ့်အပိုင်း ဖြစ်ပါတယ်။ စီးပွားရေး sanctions တွေကို ဘယ်လောက်အထိ ပြန်ရုပ်ပေးသွားမလဲဆိုတဲ့ အပိုင်းကတော့ စောင့်ကြည့် ရဦးမယ်လို့ပဲ ပြော ချင်ပါတယ်”ဟု ပြောသည်။

ကုန်သွယ်မှုကို တွေ့ရစဉ်

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဟားရစ် ရှုံးနိမ့်ပြီး ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့၍ အမေရိကန်နိုင်ငံ၌ အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်း ဟားရစ်သာ အနိုင်ရရှိခဲ့ပါက မြန်မာအပေါ် အရေးယူပိတ်ဆို့ထားမှုများမှာ ဆက်လက် ရှိနေဦးမည်ဖြစ်သော်လည်း ထရမ့် အနိုင်ရရှိသွားသောကြောင့် ဘိုင်ဒန် အစိုးရအဖွဲ့ ပိတ်ဆို့ထားမှုများကို ပြန်လည် ရုပ်သိမ်းပေးနိုင်သည်ဟု စီးပွားရေးလေ့လာသုံးသပ်သူများက သုံးသပ်နေကြသည်။

လက်ရှိတွင် အမေရိကန်၌ ရွေးကောက်ပွဲ ပြီးသွားသည်မှာ မကြာသေးသဖြင့် ထရမ့် လက်ထက်တွင် ပြောင်းလဲ လာမည့် မူဝါဒများကိုလည်း စီးပွားရေးလေ့လာသုံးသပ်သူများက အာရုံစိုက် စောင့်ကြည့်နေကြသည်။

ထရမ့် လက်ထက်တွင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ လျော့သွားနိုင်ဖွယ်ရှိသော်လည်း အများ အပြား လျော့သွားရန်မှာ မဖြစ်နိုင်သေးကြောင်း၊ ထို့အပြင် စီးပွားရေးနှင့်ပတ်သက်၍ ပို၍ ဆိုးလာနိုင်ဖွယ် မရှိကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

၎င်းက “ထရမ့်က ဘယ်လိုပဲ လုပ်ချင်လုပ်ချင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို တော်တော်လေး လေ့လာဖူး တယ်။ တစ်ယောက်နဲ့ တစ်ယောက် control လုပ်ထားတာတွေ အများကြီးပဲ။ သမ္မတက လွှတ်တော်ထဲ အာဏာရှိ တယ်။ ဒါပေမယ့် အချို့ကိစ္စ တော်တော်များများမှာ လွှတ်တော်သည် သမ္မတထက် အာဏာရှိတယ်။ ထရမ့်က သွားမယ့် ideology သူ့ပုံစံက အခုတော့ မပြောသေးဘူးပေါ့လေ ရှေ့သမ္မတသက်တမ်းတုန်းက အမေရိကန် first ပေါ့။ international environment မှာ ဆက်ဆံတဲ့ ကိစ္စတွေ ဒီမိုကရေစီအရေးတို့၊ လူ့အခွင့်အရေးတို့ ဒီလိုကိစ္စ တွေမှာ အာရုံလျော့ကောင်းလျော့သွားမှာပေါ့။ ဒါဒုတိယအချက်ပေါ့။ ပထမအချက်ကို ပြန်ကောက်ရင် သူက ဘယ်လိုပဲ လုပ်ချင်လုပ်ချင် နိုင်ငံတကာဆက်ဆံရေးမှာ ကျောရိုးတွေရှိတာပေါ့။ အဲဒီကျောရိုးတွေကို သူကျော်လေ့ ကျော်ထတော့ မရှိဘူး။ ဆိုတော့ ပိုပြီးတော့ မဆိုးလာတာမျိုးကတော့ ဖြစ်သွားနိုင်တာပေါ့။ လျော့သွားတာမျိုး လည်း ရှိကောင်းရှိနိုင်တာပေါ့။ ဒါပေမယ့် သို့သော်ငြားလည်း တအားကြီး လျော့သွားတာမျိုးက ချက်ချင်း မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ထို့အပြင် ထရမ့်သည် စီးပွားရေးကို အဓိကဦးစားပေး ဆောင်ရွက်သူဖြစ်သဖြင့် ဒေါ်လာငွေ ပြန်မာလာခဲ့လျှင် နိုင်ငံခြားငွေဈေးများ ပြန်တက်လာနိုင်ဖွယ်ရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ယူဆထားကြသည်။

ထိုသို့ နိုင်ငံခြားငွေဈေးများ ပြန်တက်လာပါက မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွနေမှုကြောင့် နိုင်ငံခြားငွေ ပေါက်ဈေးမှာ ယခုထက် ပိုမြင့်လာနိုင်သဖြင့် ဗဟိုဘဏ်မှ ထိုအခြေအနေကို ထိန်းချုပ်နိုင်ရန် မူဝါဒများ ကြိုတင် ပြင်ဆင်ထားသင့်ကြောင်းလည်း စီးပွားရေးလေ့လာသုံးသပ်သူများက အကြံပြုသည်။