CNI News

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သော ပြည်တွင်းက ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ခံထားရသည့်အတွက် ရခိုင်ဒေသခံများသည် အိန္ဒိယကုန်စည်များကို အဓိကအားထားနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အား မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း မှ စတင်၍ ကုန်စည်စီးဆင်းသော လမ်းကြောင်းအားလုံးကို ပိတ်ထားခြင်းကြောင့် လက်ရှိတွင် ရခိုင်ဒေသခံများ သည် အိန္ဒိယကုန်စည်ကို အဓိကအားထားနေရခြင်း ဖြစ်သည်။

အဓိကအားဖြင့် ရခိုင်မြောက်ပိုင်း ဒေသများဖြစ်သည့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် ဒေသများသည် အိန္ဒိယကုန်စည်ကို အသုံးပြုနေရကြောင်း၊ ရခိုင်ဒေသသည် ဆန်တစ်ခုသာ ထွက်ရှိသည့်အတွက် ဆန်မှအပ တခြားကုန်စည်များကို အိန္ဒိယမှ တင်သွင်းနေရကြောင်း မြောက်ဦးမြို့နယ်မှ ဓညဝတီတောင်သူ လယ်သမားအသင်းချုပ်မှ ဦးမောင်သိန်းလှက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယကနေ ပလက်ဝ-ရခိုင်ပြည်နယ်အတွင်း စီးဆင်းနေသည့် ကုလားတန်မြစ်ကိုတွေ့ရစဉ် 

၎င်းက “ရခိုင်မြောက်ပိုင်းက မြောက်ဦးတို့၊ ကျောက်တော်တို့ကျတော့ အဲဒီကလူတွေကတော့ အိန္ဒိယနဲ့ နီးတဲ့ အတွက် အဲဒီကဟာကိုပဲ အားထားရတဲ့သဘော ရှိတယ်။ အဓိကကတော့ လက်တလောကတော့ စားသုံးကုန် ပစ္စည်းတွေပေါ့နော်၊ ဆေးဝါးနဲ့ စားသုံးကုန်ရယ်၊ စက်သုံးဆီရယ်၊ မိုးတွင်းမှာ တောင်သူတွေသုံးတဲ့ ရိတ်ခြွေစက်၊ ထွန်စက်အပိုပစ္စည်းတွေရယ်၊ အခုချိန်ဆိုလို့ရှိရင် ရိတ်ခြွေစက် အပိုပစ္စည်းတွေက အဓိကကျပါတယ်။ စားသောက် ကုန်ဆိုတာက ဆန်ကလွဲရင် အကုန်သွင်းရတာပေါ့။ ဆီ၊ ဆား၊ ငရုတ် စသဖြင့်ပေါ့” ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော ကုန်ဈေးနှုန်းသည် ၂၀၂၃ နှစ်ကုန်ပိုင်းတွင် အိန္ဒိယမှ တင်သွင်းသည့် ကုန်စည်၏ ကုန်ဈေး နှုန်းနှင့် နှိုင်းယှဉ်ပါက အဆမတန် မြင့်တက်လာနေကြောင်း၊ ယခင်က စားသုံးဆီ ၁ လီတာလျှင် ၃၀၀၀ ကျပ် ရှိပေ မယ့်လည်း လက်ရှိတွင် ၁၀,၀၀၀ ကျပ် ဖြစ်ပေါ်နေကြောင်း သိရသည်။

အလားတူ စက်သုံးဆီ ၁ လီတာလျှင် ယခင်က ၁၀,၀၀၀ ကျပ်မှ လက်ရှိတွင် ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်လျက် ရှိနေ သည်။

ဒေသခံများ စိုက်ပျိုးထားသည့် စပါးဈေးနှုန်းသည် နည်းပါးနေပြီး အိန္ဒိယမှ တင်သွင်းနေသော ကုန်စည်သည် အဆမတန် ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် အခက်အခဲ ဖြစ်ကြရသည်ဟု ကျောက်တော်ဒေသခံ ဦးမောင်မောင် ဆန်းက CNI သတင်းဌာနသို့ ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို တွေ့ရစဉ်

၎င်းက “အိန္ဒိယက သွင်းတဲ့ ကုန်စည်တွေထဲမှာ ဘာပါလဲဆိုတော့ အဓိက စက်သုံးဆီရယ်၊ ဓာတ်ဆီရယ်၊ ရေနံဆီ ရယ်ပေါ့နော်။ အဲဒါ တစ်ပိုင်းပါတယ်။ ငရုတ်သီးပါတယ်၊ ဘတ်ထရီအိုးတွေ၊ ဆိုလာပြားတွေ၊ အဲဒီပစ္စည်းတွေ ပါတယ်ပေါ့။ အဲဒါတွေကတော့ ဒီကို ရောက်ပြီဆိုလို့ရှိရင် ပုံမှန်လမ်းကြောင်းက လာရတာ မဟုတ်တဲ့အတွက် တော်တော့်ကို စရိတ်စက ကြီးပါတယ်။ လမ်းစရိတ်က တော်တော်ကြီးတဲ့အခါမှာ ဒီကိုရောက်တဲ့အခါ၊ စားသုံးသူ လက်ထဲကို ရောက်တဲ့အခါမှာ ဒီမှာက အဓိက ထွက်တာက စပါး။ အဲဒီစပါးက ၁ တင်းကိုမှ ၁၀,၀၀၀ လောက်ရတဲ့ အဲဒီအခြေအနေမျိုးမှာ အဲဒီစရိတ်ကို စပါးရောင်းရငွေနဲ့ စပါးငွေ မမျှတဲ့အခါမှာ တော်တော်ကို အထိနာတဲ့ အနေအထားမှာ ရှိတယ်” ဟု ပြောသည်။

အိန္ဒိယကုန်စည်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ရေလမ်းကြောင်းဖြင့် သယ်ဆောင်၍ ကျောက်တော်မြို့သို့ သယ်ဆောင်ကြကြောင်း၊ ထို့နောက် ကျောက်တော်မြို့မှတဆင့် ရခိုင် ပြည်နယ်အတွင်းရှိ တခြားမြို့နယ်များသို့ ဖြန့်ဖြူးကြကြောင်း သိရသည်။

လက်ရှိတွင် ပွင့်လင်းရာသီ ရောက်ရှိနေပြီဖြစ်သည့်အတွက် ထိုကုန်စည် သယ်ဆောင်သည့် လမ်းကြောင်း ကောင်းမွန်လာနိုင်သော်လည်း အိန္ဒိယနိုင်ငံဘက်က ပိတ်လိုက်မည်ဆိုလျှင် ကုန်ဈေးနှုန်းများ ပို၍ မြင့်တက် သွားမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။