CNI News

၂၀၂၂ အောက်တိုဘာ ၁၄

မြန်မာ့ရေချို ငါးမြစ်ချင်းငါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လိုအား များပြားလာနေသော်လည်း ရခိုင်နယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့ရာတွင် စစ်ဆေးမှုများကြောင့် အချိန်ကြန့်ကြာပြီး နှောင့်နှေးမှုများ ဖြစ်ပေါ်နေ ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ပြောသည်။

ယခုကာလသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ငါးမဖမ်းရကာလ သတ်မှတ်ထားခြင်းကြောင့် မြန်မာ့ရေချို ငါးမြစ်ချင်း ငါးများကို ဝယ်ယူမှု များပြားလာကြောင်း၊ သို့သော် တင်ပို့ရာတွင် စစ်ဆေးမှုများ ရှိနေ၍ အချိန်ကြန့်ကြာကာ ငါးအရည်အသွေး ကျဆင်းမှုများ ဖြစ်ပေါ်နေကြောင်း စစ်တွေဆိပ်ကမ်းတွင် ငါးမြစ်ချင်း တင်ပို့သည့် မောင်တော ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက လမ်းမှာ အစစ်ဆေးတွေ များတာနဲ့ ဘာနဲ့ဆို နည်းနည်း သွားရလာရ အဆင်မပြေဘူးပေါ့။ ရက် ကြာတာပေါ့။ အကန့်အသတ်တွေရှိတော့ ညနေ ၆ နာရီ မသွားရတာတွေ ရှိတော့ ၂ ရက်နဲ့ ရောက်မယ့် ခရီးက ၃ ရက်နဲ့ ရောက်တာတို့ အဲလိုဖြစ်တာပေါ့။ မောင်တောဘက်က သွားမရတော့ စစ်တွေမှာ ကားတွေက ပုံသွားတာ ပေါ့။ အဓိကကတော့ အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေးပါပဲ။ မောင်တောကဆိုရင်တော့ ကားတစ်စီး ရတာနဲ့ တစ်စီးကို ဘင်္ဂလား(ဘင်္ဂလားဒေ့ရှ်)ကို ပို့လို့ရတယ်။ ဈေးကွက်ပေါ် အချိန်မှီ ရောက်သွားတဲ့အတွက် ငါး ကွာလတီ ကောင်းပြီး ဈေးကောင်းရတာပေါ့။ စစ်တွေကျတော့ စက်လှေအပြည့်မှ သွားနိုင်တော့ ကား ၅ စီး အဲလို စုရတာပေါ့။ ကုန်သည်က ၅ ယောက်လောက်ရှိရင် တစ်ယောက် ၅ စီးလောက် စုလိုက်ရင် ဟိုဘက်ကို ရောက်သွား ရင် ကုန်အဝင်များပြီး ဈေးကျတာတို့၊ ဒီမှာ စောင့်နေရတဲ့အတွက် ငါးကွာလတီကျတာတို့ ဖြစ်တာပေါ့ဗျာ” ဟု ပြောသည်။

အငူမော်လမ်းပေါ်ရှိ ရဲစခန်းတစ်ခုကိုတွေ့ရစဉ်

မြန်မာ - ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ငါးမြစ်ချင်းသည် အဓိကကျသည့် ကုန်ဖြစ်သည်။

ထို့နောက် စစ်တွေ - အငူမော် - မောင်တော ရေလမ်းနှင့် ကုန်လမ်းကြောင်း အပါအဝင် စစ်တွေ - မောင်တော ပြေးဆွဲနေသည့် ဇတ်ရေယာဉ်နှင့် ကုန်တင်ကား လမ်းကြောင်း တို့ကို ပြီးခဲ့သည့် စက်တင်ဘာလက သက်ဆိုင်ရာ မှ ဖြတ်သန်းခွင့် ပိတ်လိုက်ကြောင်း၊ ထို့ကြောင့် ငါးမြစ်ချင်း တင်ပို့မှုများလည်း အားနည်းသွားကြောင်း သိရသည်။

အဆိုပါ လမ်းပိတ်ထားမှုများကြောင့် မောင်တောသို့ သွားရာ ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်ပေးစေလိုကြောင်း မောင်တောကုန်သည် ဦးနိုင်မြင့် (အမည်လွှဲ)က ပြောသည်။

၎င်းက “ကျနော်တို့ အငူမော် - မောင်တောက တိုက်ပွဲတွေဘာတွေလည်း ဖြစ်တာ မရှိတော့ဘူးပေါ့နော်။ လမ်းတွေ ဖွင့်စေချင်တယ်။ အဲကျရင် မောင်တော စီးပွားရေးဇုန်ကလည်း အသက်ဝင်လာပြီပေါ့နော်။ နိုင်ငံတော်အတွက် လည်း ဝင်ငွေ တစ်ဖက်တစ်လမ်းက ရှာပေးထားတာပဲလေ။ အခုက လမ်းပိတ်ထားတယ်။ အကုန်လုံး အခက်အခဲ ဖြစ်သွားတာပေါ့။ ကုန်စည်စီးဆင်းမှု ရပ်သွားတဲ့အတွက် အဲဒီအနီးအနားက ရွာတွေ ကုန်ဈေးနှုန်း ကြီးမြင့်တာတို့ ဘာတို့ ခံစားရတာပေါ့နော်။ ကျနော်တို့ ဘင်္ဂလား(ဘင်္ဂလားဒေ့ရှ်)ကို ပို့တဲ့ ပို့ကုန်တွေကလည်း အများကြီး ထိခိုက် သွားတာပေါ့နော်။ ကျဆင်းသွားတာပဲ။ အဲဒီလမ်းကို ဖွင့်စေချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်က လမ်းဆုံတစ်ခုကိုတွေ့ရစဉ်

ငါးမြစ်ချင်းများကို ရန်ကုန်မြို့ရှိ ငါးဈေးများနှင့် ငါးမွေးကန်များမှ ဝယ်ယူပြီး အအေးခန်း ကုန်တင်ယာဉ်များဖြင့် ရန်ကုန် - စစ်တွေ လမ်းကြောင်းကနေ စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းသို့ တင်ပို့ကြကြောင်း၊ ထို့နောက် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်းကောင်း၊ ရန်ကုန် - စစ်တွေ - အငူမော် - မောင်တော လမ်းကြောင့်ဖြင့် မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လည်း ကောင်း တင်ပို့ကြကြောင်း သိရသည်။
လက်ရှိတွင် မောင်တောသို့ သွားရာ ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားသဖြင့် မောင်တော ကုန်သည်များ သည် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့နေရကြောင်း၊ ထိုသို့ စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့နေရခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချို ငါးတစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းသည် အဓိကကုန်စည် နှင့် အများဆုံး တင်ပို့မှုရှိနေသည်။ ပြီးခဲ့သည် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ငါးမြစ်ချင်း တန်ချိန် ၉၀၀ ကျော် တင်ပို့ထားနိုင်ကြောင်း သိရသည်။