CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၉

မောင်တောနယ်စပ် ကုန်သွယ်ရေးသို့ သွားရာလမ်းကြောင်းကို ကန့်သတ် ပိတ်ပင်ထားသည့်အတွက် မောင်တော ကုန်သည်များသည် စစ်တွေနယ်စပ် ကုန်သွယ်ရေးမှတဆင့် တင်ပို့နေရခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်နေ သည်ဟု ကုန်သည်များထံမှ သိရသည်။

မောင်တောမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရာတွင် အချိန် ၁ နာရီခန့်သာ ကြာမြင့်သော်လည်း စစ်တွေမှ တဆင့် ဘင်္ဂလားဒေ့ရှ်သို့ သွားရာ၌ ၁၀ နာရီခန့် ကြာမြင့်သည့်အတွက် ရေထွက်ကုန်ပစ္စည်းများသည် ပျက်စီးမှု၊ အရည်အသွေး ကျဆင်းမှုများနှင့် ကြုံတွေ့နေရပြီး ဈေးကောင်းမရဘဲ ဖြစ်နေသည်ဟု မောင်တောကုန်သည် ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေကနေသွားရင် ၁၀ နာရီလောက် ကြာတာပေါ့၊ စစ်တွေကနေ ဘင်္ဂလားကို။ မောင်တောနဲ့ကျတော့ ၁ နာရီ ပတ်ချာလည်ပေါ့။ အချိန်အများကြီး ပေးလိုက်ရတဲ့အတွက် ကြားထဲမှာ ရေခဲရိုက်ထားတဲ့ ငါးတွေ ဖြစ်တဲ့ အတွက် ရေခဲပျော်တာတို့၊ ငါးကွာလတီ ကျသွားတာပေါ့ အဓိကကလေ။ ကုန်တွေ ကွာလတီကျပြီးတော့ ဟိုဘက် မှာ ဈေးမရတာတို့ ဖြစ်တာပေါ့။ အဲဒါလေးတွေ ဖြစ်နေတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးတွင် ရေချိုငါး တစ်မျိုးဖြစ်သည့် ငါးမြစ်ချင်းသည် အဓိကကုန်စည် ဖြစ်ပြီး အများဆုံး တင်ပို့မှုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည် ဇူလိုင်လတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးမှတဆင့် ငါးမြစ်ချင်း တန်ချိန် ၉၀၀ ကျော် တင်ပို့ ထားနိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ရှိကုန်သည်များထံမှ သိရသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

လက်ရှိတွင် မောင်တောနယ်စပ် ကုန်သွယ်ရေးတွင် ကုန်သွယ်၍ မရခြင်းကြောင့် စစ်တွေမှတဆင့် ငါးမြစ်ချင်းများ ကို တင်ပို့နေရပြီး အရည်အသွေး ကျဆင်းမှုနှင့် ကြုံတွေ့နေရကြောင်း၊ သို့သော်လည်း ကုန်သည်များသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်သည်နှင့် စာချုပ်ချုပ်ဆိုထားပြီ ဖြစ်သည့်အတွက် မဖြစ်မနေ တင်ပို့နေရခြင်း ဖြစ်သည်ဟု ကုန်သည်ဦးသန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သက်ရောက်မှုကတော့ အရှုံးပေါ်ကြတာပေါ့နော်။ မဖြစ်မနေနဲ့ ဟိုဘက်က ကုန်အမှာစာ ရောက်တာနဲ့ မပို့မဖြစ် ပို့နေရတာပေါ့။ ပို့နေရတော့ အကျိုးအမြတ် မရှိဘူးပေါ့။ ဒီလမှာ ကုန်သည်တစ်ယောက် တန်ချိန် ၅၀၀ စာချုပ် ချုပ်ထားတယ်။ ဟိုဘက်မှာ ၅၀၀ ပြည့်အောင်တော့ ပို့ပေးရတာပဲလေ။ မကိုက်ရင်လည်းပို့၊ ကိုက်ရင်လည်း ပို့။ ကွာလတီကျပြီး ဟိုဘက်ရောက်ရင် ဈေးနှိမ်တာတို့၊ အရင်တုန်းက ဘယ်ဈေးနဲ့ ပြောထားတယ်၊ ဒါပေမယ့် ဘယ်လောက်ကြာသွားလို့ ငါးနာသွားလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ ဒီပုံစံတွေနဲ့ ဈေးချတာတို့ ကြုံရတာပေါ့” ဟု ပြောသည်။

မောင်တောကုန်သည်များ အနေဖြင့် စစ်တွေမှတဆင့် ကုန်သွယ်ရာတွင် အကျိုးအမြတ် နည်းပါးနေခြင်းကြောင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းသို့ သွားရာလမ်းကြောင်းကို ယခုအတိုင်း ဆက်လက် ကန့်သတ်ထားမည် ဆိုပါက ကုန်သွယ်မှု ရပ်တန့်ထားရတော့မည်ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ထိုသို့ ကုန်သွယ်ရာတွင် မောင်တောကုန်သွယ်ရေး၌ စက်လှေငယ်များဖြင့် ကုန်သွယ်နေကြသော်လည်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးမှာတော့ စက်လှေကြီးများနှင့် သင်္ဘောကြီးများကို အသုံးပြု၍ လုပ်ဆောင်နေခြင်းကြောင့် အဆိုပါ စက်လှေနှင့် သင်္ဘောအတွင်း ကုန်စည်မပြည့်မချင်း စောင့်ဆိုင်းနေရသည်။

ထို့အပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍လည်း ကုန်သွယ်နေရခြင်းကြောင့် ရာသီဥတု ဆိုးရွားသည့် ရက်များ တွင် ၁ ရက်၊ ၂ ရက်ခန့် စောင့်ဆိုင်းပြီးမှသာ ကုန်သွယ်ကြရသည်ဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်း ချုပ် အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး စက်လှေများကိုတွေ့ရစဉ်

၎င်းက “ကျနော်တို့ဘက်က အခက်အခဲကတော့ သင်္ဘောနဲ့ သွားရတယ်။ စက်လှေတွေနဲ့ သွားရတယ်ဆိုတော့ စက်လှေက သေးသေးနဲ့ မရဘူး။ အနည်းဆုံး တန် ၅၀၊ ၁၀၀။ စက်လှေအကြီးကြီးတွေ လိုတာပေါ့နော်။ စက်လှေ သေးတယ်ဆိုရင် ပင်လယ်ပြင်မှာ ဖြတ်လို့မရဘူးလေ။ မောင်တော နယ်စပ်ဘက်ကျတော့ စက်လှေအသေးနဲ့ တန် ၅၀ ပါပါ ဘယ်လောက်ပါပါ ပို့လိုက်လို့ ရတယ်လေ။ ကျနော်တို့ ဘက်ကျတော့ သင်္ဘော တန် ၁၀၀ လောက်မှ မပါ ဘူးဆိုရင် သွားလို့မရဘူး စက်လှေတွေကလေ။ ဆိုတော့ ကျနော်တို့ဘက်က အခက်အခဲက ဒီနေ့ဆိုရင် ရာသီဥတု က မကောင်းဘူး။ ရာသီဥတု မကောင်းတော့ ပင်လယ်ပြင်မှာ လှိုင်းတွေ၊ လေတွေ ကြီးတယ်။ လှိုင်းတွေကြီးတော့ ကျနော်တို့ဘက်က သွားလို့မရဘူး။ တစ်ရက်၊ နှစ်ရက်လောက် စောင့်ရဦးမယ်။ လှိုင်းလေတွေ ငြိမ်သက်တဲ့အခါမှ ဖြတ်ရမယ် ကျနော်တို့အနေနဲ့။ အဲလိုအခက်အခဲတွေတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေ ခြင်းကြောင့် မောင်တောနယ်စပ်သို့ ကုန်တင်ပို့ရာ လမ်းကြောင်းကို စက်တင်ဘာလ ပထမပတ်မှ စတင်ပြီး အကန့် အသတ်မရှိ ပိတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးသို့ ကုန်စည်များ ဝင်ရောက်မှု ရပ်တန့်နေပြီး ရောက်နှင့်ပြီးသား ကုန်စည်များကိုသာ တင်ပို့နေရကြောင်း၊ စစ်တွေနယ်စပ် ကုန်သွယ်ရေးတွင် ငါးမြစ်ချင်း၊ ကွမ်းသီး၊ ငါးခြောက်၊ ဇီးယို စသည်တို့ကို တင်ပို့လျက်ရှိပြီး ငွေလွှဲရာတွင် အခက်အခဲရှိနေခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်တင်သွင်းသည့်ကုန်သည် မရှိသလောက် ဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။