CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁

ရခိုင် - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိနေခြင်းနှင့် ကုန်စည်စီးဆင်းမှု နည်းပါးခြင်းကြောင့် ကုန်သွယ်မှု ကျဆင်းနေသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။

လက်ရှိတွင် ရာသီဥတု အခြေအနေ ကောင်းမွန်မှု မရှိခြင်း၊ ကုန်သွယ်ရေးစရိတ် မြင့်တက်ခြင်းတို့ကြောင့် စစ်တွေနယ်စပ် ကုန်သွယ်ရေး ရပ်နားထားသည်မှာ တစ်ပတ်နီးပါး ရှိပြီဟု ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးအောင်အောင်က “မိုးတွင်းမှာ ကျနော်တို့ စစ်တွေဘက်မှာ ရာသီဥတု ကြမ်းရင်လည်း သွားလို့မရဘူး။ ကျနော်တို့ ရပ်ထား ရတာ တစ်ပတ်လောက် ရှိပြီ။ စစ်တွေမှာလည်း ဟိုဘက်ကို ပို့လို့မရဘူး။ တစ်ပတ်လောက်တော့ မရှိသေးပါဘူး။ ၅ ရက် လောက်တော့ ပြောလို့ရပါတယ်။ ရာသီဥတု မကောင်းဘူးဆိုတာက ပင်လယ်ပြင်မှာ ရာသီဥတုက ကြမ်းနေရင် ကျနော်တို့ လှေတွေက ထွက်လို့မရဘူးလေ။ ကုန်သွယ်လို့ မရတဲ့အခါကျတော့ မောင်တောဘက်ကိုသွား။ မောင်တော ဘက်သွားပြန် တော့ မောင်တောဘက်မှာ လမ်းခရီးတွေက မကောင်း၊ စရိတ်စကတွေက ပို။ မကိုက်ကြတဲ့ အခါကျတော့ အဲလိုလေးတွေ ရှိတာပေါ့ဗျာ”ဟု ပြောသည်။

မောင်တော နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ဇွန်လတွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ သန်း အထိ ကုန်သွယ်နိုင်ခဲ့ကြောင်း၊ ဇူလိုင်လမှာတော့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၅၂ သန်းဖိုးသာ ကုန်သွယ်နိုင်ခဲ့ကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေး တစ်ခုကိုတွေ့ရစဉ်

ယခု ဩဂုတ်လပိုင်းတွင် လမ်းပိုင်းအခြေအနေ ဆိုးရွားနေခြင်းနှင့် ကုန်စည်ဝင်ရောက်လာမှု နည်းပါးနေခြင်းကြောင့် ကုန်သွယ်မှု ထပ်မံ ကျဆင်းနိုင်သည်ဟု မောင်တောနယ်စပ် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက ပြောသည်။

ဦးအောင်စံသိန်းက “မိုးတွင်းကာလဆိုတော့ တော်တော်လေး ကျတော့ကျတယ်။ မိုးတွင်းကာလဆိုတော့ လမ်းက မကောင်း တာ တစ်ကြောင်းရယ်၊ ကုန်စည်ကလည်း စီးဆင်းမှု နည်းတယ်လေ။ မိုးတွင်းကာလ ဖြစ်လို့လေ ကုန်တွေ သိပ်မလာဘူး။ ဒီလမှာလည်း ဒီထက်တောင် ကျနိုင်တယ်လို့ ကျသွားမယ်လို့ ကျနော်ကတော့ အဲလိုပဲ တွက်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်းနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ရေချိုငါးမြစ်ချင်း တင်ပို့နိုင်သည့် ပမာဏပေါ် မူတည်၍ ကုန်သွယ်မှု အတက်အကျကို တွက်ချက်ရခြင်း ဖြစ်သည်။

လက်ရှိ ကာလသည် ရေချိုငါးမြစ်ချင်းများ ပေါများစွာ ထွက်ရှိသည့် ရာသီမဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် ပွင့်လင်းရာသီနှင့် ရေချို ငါးမြစ်ချင်း ပေါများစွာ ရရှိသည့် အချိန်မှသာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် မြင့်တက် လာမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်ရှိ ကုန်သည်များက ပြောသည်။