CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၀

စပါးအထွက်နှုန်းတိုးရန်အတွက် ကြိုးစားရမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည့်အတွက် စပါးအထွက်နှုန်း တိုးစေလိုပါက ယခုလ(ဩဂုတ်အတွင်း) ဓာတ်မြေဩဇာ ထောက်ပံ့ပေးရန် လိုအပ်ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

စပါးစိုက်ပျိုး ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး တောင်သူများကို မြေဩဇာ၊ ပိုးသတ်ဈေးနှင့် စိုက်ပျိုးရေများကို ရရှိအောင် မဖြစ် မနေ ဆောင်ရွက်ပေးမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၈ ရက်နေ့က ပြောသည်။

ထိုသို့ ထောက်ပံ့ပေးမည်ဆိုပါက ဩဂုတ်လအတွင်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ ဩဂုတ်လ ကျော်လွန်သွားမည် ဆိုပါက စပါးများ ထွက်ရှိလာပြီဖြစ်သည့်အထွက် အချိန်မမှီနိုင်တော့ကြောင်း လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းအောင်က “သူတို့က တကယ်လုပ်ရင်တော့ သူတို့ ယန္တရား ရှိတဲ့အတွက် သက်ဆိုင်ရာ တိုင်းဝန်ကြီးချုပ်တွေကို ဒီစီမံ ကိန်းကို အမြန်ဆုံး အကောင်အထည် ဖော်ခိုင်းမယ်။ တိုင်းကနေပြီးတော့ ခရိုင်၊ ခရိုင်ကနေ မြို့နယ်၊ မြို့နယ်ကနေ ပြီးတော့ ကျေးရွာ အုပ်ချုပ်ရေးတွေအလိုက် အဲဒါတွေကို အားခြင်း လုပ်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ သူတို့မှာ ယန္တရား ရှိတာ ပဲလေ။ လည်ပတ်နေတာပဲ ရနိုင်ပါတယ်။ သို့သော် ဘာဖြစ်လဲဆိုတော့ အခု ဩဂုတ် ၁ လ အတောတွင်းမှာ လုပ်ပေးနိုင်ရင် တော့ ထိုက်သင့်တဲ့ အတိုင်းအတာတစ်ခု မှီနိုင်ပါသေးတယ်။ ဩဂုတ်လ ကျော်သွားလို့ စက်တင်ဘာလဆိုရင် စပါးတွေလည်း ထွက်ပြီဖြစ်တဲ့အတွက် အဲဒီလလောက်ဆိုရင်တော့ မမှီနိုင်တော့ဘူးလို့။ နွေစပါးတော့ မှီမှာပေါ့” ဟု ပြောသည်။

နစက အစည်းအဝေး

ယခုနှစ်တွင် တောင်သူများသည် စပါးစိုက်ပျိုးရာတွင် စက်သုံးဆီ၊ ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုစရိတ်များ ဈေးနှုန်း ကြီးမြင့်နေခြင်းကြောင့် ဓာတ်မြေဩဇာများကို လျှော့ချ အသုံးပြုခဲ့ကြကြောင်း၊ ထိုသို့ ဓာတ်မြေဩဇာ လျှော့ချ အသုံး ပြုခဲ့ခြင်းကြောင့် စပါးအထွက်နှုန်း လျော့ကျမည်ဖြစ်ကြောင်း တောင်သူများက ပြောသည်။

ထို့ကြောင့် စပါးအထွက်နှုန်း တိုးစေရန် ဩဂုတ်လအတွင်း ဓာတ်မြေဩဇာများကို ထောက်ပံ့ပေးမည်ဆိုလျှင့် ရနိုင်ကြောင်း၊ သို့သော် ထောက်ပံ့မှုကို အောက်ခြေ လယ်သမားများအထိ ရရှိမှုမရှိပါက စပါးအထွက်နှုန်း တိုးမည် မဟုတ်ကြောင်း ဦးသိန်းအောင်က ပြောသည်။

၎င်းက “တောင်သူတွေဘက်ကတော့ မျိုးကောင်းမျိုးသန့် ထိုက်သင့်သလောက် ရနိုင်အောင်လို့ မျိုးကောင်းမျိုးသန့် စိုက်တဲ့သူ တွေလည်း ရှိတယ်။ သို့သော်လည်းပဲ မိုးစပါး အတွက်ကတော့ စိုက်ပြီးကြပြီပေါ့။ သို့သော် နောက်ဆုံး တစ်ရစ်အနေနဲ့ စိုက်ထားတဲ့ စပါးတွေ အထွက်ကောင်းဖို့အတွက် လုံလောက်တဲ့ မြေဩဇာ အာဟာရ ကျွေးနိုင်အောင်လို့ နောက်ကနေ ပံ့ပိုး ပေးမယ် ဆိုရင်တော့ ထွက်နိုင်ပါတယ်လို့။ သို့သော် ဉုံဖွနဲ့တော့ ရတာ မဟုတ်ဘူးလို့။ တကယ်ကို အစာထောက်ပံ့နိုင်မှ ရမယ် လို့။ အဲဒီလို လုပ်ပေးနိုင်ရင်တော့ ရပါတယ်။ အဲဒီဥစ္စာက အပေါ်က စီမံကိန်း ရှိသော်လည်းပဲ အောက်မှာ ရောက်မလာနိုင်ရင် လည်း ဘယ်တိုးနိုင်မလဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဓာတ်မြေဩဇာ လုံလောက်စွာ သုံးစွဲနိုင်မှု မရှိဘဲ လျှော့ချ သုံးစွဲခဲ့ရခြင်းကြောင့် ယခုနှစ်တွင် မိုးစပါးထွက်ရှိမှုနှုန်း ၁၀ ရာခိုင်နှုန်း အထိ လျော့ကျမည်ဟု တောင်သူလယ်သမားများက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်တွင် စပါးများကို စိုက်ပျိုးသော်လည်း ပျိုးကျဲပြီးနောက် မိုးရွာသွန်းမှုမရှိဘဲ မိုးခေါင်မှုနှင့် ကြုံတွေ့ရ ခြင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဓိကမှာ ဓာတ်မြေဩဇာများ လိုအပ်နေကြောင်း သိရသည်။

တောင်သူများ စပါးစိုက်ပျိုးနေစဉ်

ထို့ကြောင့် တောင်သူများကို အစိုးရမှ လိုအပ်သည့် အထောက်အပံ့များအား ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အတိုင်းအတာ တစ်ခုထိ အကျိုးရှိနိုင်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ဇံက CNI သတင်းဌာနသို့ ပြောသည်။

ဦးကျော်ဇံက “အခု ကျနော်တို့ ဘက်မှာလည်း အစိုးရ အထောက်အပံ့နဲ့ မဟုတ်ဘဲနဲ့ ကိုယ်ထူကိုယ်ထလေး ကျနော်တို့ ပြန်ပြီး တော့ အဖက်ဆယ် နေတာလေး ရှိတယ်။ တချို့ကျတော့ လက်လွှတ်လိုက်ကြပြီဆိုတဲ့ အနေအထားတောင် ရောက်နေကြပြီ ပေါ့နော်။ တချို့ကျတော့ မျှော်လင့်ချက် တပိုင်းတစနဲ့ပေါ့ ပြန်ပြီးတော့ တချို့ဒေသတွေမှာတော့ မိုးက ပြန်ပြီးတော့ ရွာလာတဲ့ အနေအထားမှာ ရှိတယ်။ ရှိတော့ ပြန်ပြီးတော့ လုပ်နေကြတဲ့ အနေအထားတော့ တွေ့ရတယ်ပေါ့နော်။ ဒီအချိန်မှာ အစိုးရက လိုအပ်တဲ့ အထောက်အပံ့တွေကို ပေးနိုင်မယ်ဆိုရင်တော့ ရာနှုန်းပြည့် မဟုတ်ရင်တောင်မှ အတိုင်းအတာ တစ်ခုထိတော့ အကျိုး ရှိနိုင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးထားသည့် စပါးများ ပျက်စီးခဲ့ရခြင်းကြောင့် ပြန်လည်စိုက်ပျိုးရန် မတတ်နိုင် သည့် တောင်သူများလည်း ရှိကြောင်း၊ တချို့သော တောင်သူများသည် လယ်မြေများကို စွန့်ခွာ၍ ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်သူများလည်း ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်၊ မြေပုံမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့တွင် လယ်ယာမြေများကို ပို၍ စွန့်ခွာလာကြသည်ဟု ရခိုင်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။