CNI Sport News

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၀

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပေါ်တူဂီအသင်း ခေါင်းဆောင် ရော်နယ်လ်ဒိုနဲ့ အိမ်ဖြူတော်ရှိ Oval Office မှာ တွေ့ဆုံပြီး အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။ 

The Whie House က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရော်နယ်လ်ဒိုတို့ လမ်းလျှောက်ပြီး စကားပြော ပြုံးရွှင် နေတဲ့ ဗွီဒီယိုကို Two Goats Cr7 နဲ့ 45/47 ဆိုပြီး ခေါင်းစဉ်တပ်ကာ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေမှုပြုလုပ် ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၊ ရော်နယ်လ်ဒို အပါအဝင် နာမည်ကြီး အများအပြားကို တည်ခင်းဧည့်ခံခဲ့တဲ့ ညစာစားပွဲမှာ သား ဖြစ်သူ ဘာရွန်ဆီကနေ ချစ်ခင်မှုတွေ ပိုပြီးရခဲ့တဲ့အတွက် ရော်နယ်လ်ဒိုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်က သားဖြစ်သူ ဘာရွန်ဟာ ရော်နယ်လ်ဒိုရဲ့ အမာခံ ပရိသတ် ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။ 

နှုတ်ခမ်းဖတ် ကျွမ်းကျင်သူတစ်ဦးက ဒေါ်နယ်ထရမ့်ဟာ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံချိန်မှာ သားဖြစ်သူ ဘာရွန်ရဲ့ အားကစားစွမ်းရည်တွေအကြောင်းကို ပြောနေတယ်လို့ ပြောခဲ့ပါတယ်။ 

ရော်နယ်ဒိုနဲ့ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ရော်နယ်လ်ဒိုက သူတို့ကို ဧည့်ခံမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကျေးဇူးတင်တယ်လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

ရော်နယ်လ်ဒိုက “ဖိတ်ကြားမှုအတွက်ရော ကျနော်နဲ့ ကျနော့်ရဲ့ အနာဂတ် ဇနီးလောင်းကို နွေးထွေးစွာ ကြိုဆိုမှု အတွက် ကျေးဇူးတင်ပါတယ် သမ္မတကြီး။ ကျနော်တို့ တစ်ဦးချင်းစီမှာ အဓိပ္ပါယ်ရှိတဲ့ တစ်စုံတစ်ရာ ပေးဖို့ရှိပြီး ရဲရင့်မှု၊ တာဝန်ယူမှု၊ ထာဝရငြိမ်းချမ်းရေးတို့နဲ့ အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ အနာဂတ်ကို တည်ဆောက်ဖို့ မျိုးဆက်သစ် တွေကို လှုံဆော်ရာမှာ ကျနော့်ရဲ့ အခန်းကဏ္ဍကို တာဝန်ယူဖို့အသင့်ရှိတယ်”လို့ ရေးသားခဲ့တာပါ။ 

ရော်နယ်လ်ဒိုဟာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံချင်တဲ့ သူ့ရဲ့ဆန္ဒကို ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်တဲ့ ပြီးခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပြီး ဒေါ်နယ်ထရမ့်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို ချီးကျူးခဲ့ပါတယ်။ 

ဒါ့ပြင် ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ဇူလိုင်လက သူလက်မှတ် ရေးထိုးထားတဲ့ ပေါ်တူဂီဂျာစီကို ဥရောပကောင်စီ အကြီးအကဲ အန်တိုနီယိုကော်စတာထံကနေ သမ္မတ ဒေါ်နယ်ထရမ့်ကို ပေးခဲ့တာလည်းဖြစ်ပါတယ်။ 

Source: Dailymail