CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၁
သမ္မတရွေးကောက်ပွဲအပြီး အမေရိကန်နိုင်ငံတွင် အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာတော့မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ငွေကြေးခိုင်မာဖို့ ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုသည့်အပေါ် စီးပွားရေးလေ့လာသုံးသပ်သူ များအကြား ဆွေးနွေးမှုများရှိနေကြသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်နေ့က ကျင်းပခဲ့သော အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ဟားရစ် ရှုံးနစ်ပြီး ရီပတ်ဘလီကန်ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီး အစိုးရအပြောင်းအလဲ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထရမ့်သည် စီးပွားရေးကို အဓိကဦးစားပေး ဆောင်ရွက်သူဖြစ်သဖြင့် ဒေါ်လာငွေ ပြန်မာလာခဲ့လျှင် နိုင်ငံခြားငွေ ဈေးများ ပြန်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ထိုအခြေအနေ မဖြစ်စေရန် ဗဟိုဘဏ်၏ ထိန်းချုပ်မှု ပေါ်လစီကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
အမေရိကန် ဒေါ်လာကို တွေ့ရစဉ်
၎င်းက “ဒေါ်လာဈေးကလည်း အမေရိကန်အနေနဲ့ သူတို့စီးပွားရေးအင်အား တောင့်တင်းလာလို့ရှိရင် အမေရိကန် ဒေါ်လာ ဈေးနှုန်းပိုပြီး မာလာမယ့် အနေအထားမျိုးမှာရှိတယ်။ အဲဒီလို အနေအထားမျိုးမှာ ကျနော်တို့နိုင်ငံ အတွက်က လက်ရှိဖြစ်နေသည့် ဒေါ်လာဈေးသည် ၄၄၀၀၊ ၄၅၀၀၊ ၄၀၀၀ ပတ်ချာလည်ဖြစ်နေတဲ့ အနေအထား ကနေ ၅၀၀၀၊ ၆၀၀၀ ပြန်မဖြစ်အောင်လို့တော့ ကျနော်တို့ဘက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာနိုင်အောင် ဆောင်ရွက်နိုင်ရင် ဒေါ်လာဈေး ဘယ်လိုပဲ မာမာ ကျနော်တို့ ကျပ်ကလည်း ဈေးလိုက်မာနေမှာပဲ ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံက ဒီဘက်က အပြောင်းအလဲတွေ မလုပ်နိုင်ဘဲ ကျနော်တို့ ကျပ်ငွေဈေးက ကျဆင်းလာမယ်ဆိုရင် ဒေါ်လာက အဆမတန် ပြန်တက်လာမှာကို မြင်ရနိုင်တယ်။ အဲဒီလိုမဖြစ်အောင် ဗဟိုဘဏ်က ကောင်းကောင်း ထိန်းချုပ်နိုင်အောင် ဘယ်လိုသွားမလဲဆိုတဲ့ ပေါ်လစီကို စောင့်ကြည့်ရမယ်။ အခုလိုမျိုး ဈေးကွက်ထဲ ဒေါ်လာတွေ အလုံးအရင်းနဲ့ ထည့်နေတာက အတိုင်းအတာ ဘယ်လောက်အထိ ကျားကန်ပေးထားနိုင်မလဲလို့။ သေချာတာ ကတော့ အမေရိကန်ရွေးကောက်ပွဲ အပြောင်းအလဲကြောင့် နိုင်ငံခြားငွေဈေးနှုန်းက အပြောင်းအလဲတစ်ခု ဖြစ်လာ နိုင်ဖို့ ရှိပါတယ်” ဟု ပြောသည်။
လာမည့် အမေရိကန်အစိုးရသစ်၏ မူဝါဒများသည် သမ္မတဘိုင်ဒန် လက်ထက်တွင် ချမှတ်ထားသော မူဝါဒများနှင့် သမ္မတသစ်ဖြစ်လာမည့် ထရမ့် လက်ထက်၌ ပြန်လည်ချမှတ်မည့် မူဝါဒများမှာ ကွဲပြားမှုများ ဖြစ်နိုင်ကြောင်း၊ ထိုကွဲပြားမှုအား လိုချင်သည့်အတွက်လည်း ထရမ့်ကို မဲပေးခဲ့ကြခြင်းဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ များက ပြောသည်။
အမေရိကန်အနေဖြင့် စီးပွားရေးနှင့် ဒေါ်လာ ငွေကြေးကို ပြန်လည် ခိုင်မာလာစေရန် လုပ်ဆောင်မည်ဖြစ်ပြီး ဒေါ်လာ ပြန်မာလာပါက အခြားနိုင်ငံခြား ငွေကြေးများမှာလည်း မခံနိုင်သဖြင့် မြန်မာကျပ်ငွေ အနေအထားအရ ဒေါ်လာငွေ ပြန်တက် လာနိုင်ဖွယ်ရှိကြောင်း ဘဏ်ရေးရာကျွမ်းကျင်သူ ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။
ဒေါ်လာနဲ့ကျပ်ငွေ လဲလှယ်နေစဉ်
၎င်းက “စီးပွားရေးပညာ သဘောတရားအရတော့ ဘယ်ငွေကြေးမဆို တအားကြီး မာအောင်လုပ်လို့ မရဘူး။ တက်တိုင်းလည်း ကောင်းတာမဟုတ်ဘူး။ ကျတိုင်းလည်း မကောင်းဘူး။ တရုတ်ငွေဆိုရင် သူ့ငွေကို တန်ဖိုး တအားကြီး တက်အောင်လည်း မလုပ်ဘူးလေ။ ယေဘုံယျအားဖြင့် ဒေါ်လာတန်ဖိုး တက်တယ်ဆိုရင် export တို့ဘာတို့ ကောင်းတာပေါ့။ သို့သော်ငြားလည်း export လုပ်ဖို့က import ကလည်း လုပ်ရသေးတယ်လေ။ အစ အဆုံး ၁၀၀ ရာခိုင်နှုန်း ဘယ်တိုင်းပြည်မှ ထုတ်နိုင်တာမျိုး မဟုတ်ဘူး။ semifinished သွင်းရတယ်။ raw material တွေ သွင်းရတယ်။ ထရမ့် ကိုယ်တိုင်ကလည်း သူတို့ဆီက businessman တွေက နိုင်ငံကြီးတွေပေါ့ တောင်ကိုရီးယားတို့၊ အမေရိကတို့၊ ဂျပန်တို့က economy ရဲ့ သဘောကို ကောင်းကောင်း နားလည်ကြတာပေါ့။ international trade မှာ တိုင်းပြည် deficient မဖြစ်အောင် သူတို့က ကာကွယ်မှာပေါ့။ ဆိုတော့ မာအောင်လုပ် မယ့် အကြောင်းအရာတွေလည်း ဖြစ်တော့ဖြစ်နိုင်တာပေါ့” ဟု ပြောသည်။
တရုတ်ဘက်မှ ရရှိလာမည့် ချေးငွေအပေါ် မူတည်ကာ ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများကို ဆက်တိုက် ထုတ်ရောင်း ပေးနိုင်သော်လည်း မည်သည့် အတိုင်းအတာအထိ ထုတ်ရောင်း ပေးနိုင်မည်ကို မေးခွန်း ထုတ်ရမည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
လက်ရှိတွင် ဗဟိုဘဏ်မှ ဒေါ်လာများ ထုတ်ရောင်းပေးနေမှုသည် ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ သန်း ၁၀၀၀ ကျော် ရောင်းချထားပေးပြီး ဖြစ်သည်။