CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၈
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင်ရပြီး အမေရိကန်အစိုးရ အပြောင်းအလဲ ဖြစ်ပေါ်လာ မည်ဖြစ်၍ တတိယနိုင်ငံသို့ ထွက်ခွာရန်ပြင်ဆင်နေသည့် မြန်မာများအတွက် အခက်အခဲများ တွေ့လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အလုပ်သမားအရေး ဆောင်ရွက်နေသူများက ထောက်ပြကြသည်။
ထရမ့်သည် အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်မရခင် မဲဆွယ်စည်းရုံးရေး ကာလကတည်းက အမေရိကန် အစိုးရ၏ နိုင်ငံရပ်ခြား အကူအညီများ၊ ရွှေ့ပြောင်း အခြေချမှုနှင့် ဒုက္ခသည်ဆိုင်ရာ ကိစ္စရပ်များတွင် ပြင်းထန်စွာ ဝေဖန်ထောက်ပြထားသလို တင်းကြပ်စွာ ကိုင်တွယ်မည်ဟုလည်း ပြောကြားထားသည်။
ထို့ပြင် အမေရိကန်မှာ အထောက်အထားမဲ့ နေထိုင်နေသည့် သန်းနှင့်ချီ ရွှေ့ပြောင်း ဝင်ရောက်သူများအား ပြန်ပို့ မည်ဟု ကတိပေးထားသည့်အတွက် တတိယနိုင်ငံသို့ ပြောင်းရွှေ့မည့် မြန်မာများ အခက်အခဲ ပိုရှိလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတွေက ထရမ့်ရဲ့ ပြည်ဝင်ခွင့်တွေပိတ်ဆို့မှု မူဝါဒကြောင့် ပိုတောင်ဆိုးသွားလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့ အမျိုးသမီး သမ္မတဘက်က ဒီမိုကရက်တွေမှာ ပြည်ဝင်ခွင့်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သူတို့က တော် တော်လေး လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုခဲ့တယ်။ ထရမ့်ကတော့ ပြည်ဝင်ခွင့်တွေကို တားဆီးပိတ်ပင်ဖို့ ကြိုးပမ်းတဲ့ ဥပဒေပြဋ္ဌာန်းတယ်ဆိုတော့ သမ္မတဖြစ်လာတဲ့အတွက် အဲဒါက ကျနော်တို့အတွက် ပိုတောင်မှ အခက်အခဲ ရှိလာ နိုင်တယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မြန်မာဒုက္ခသည်များကို UNHCR က ထောက်ပံ့ပေးနေစဉ်
သို့သော် လက်ရှိ ရွေးကောက်ပွဲ အနိုင်ရသွားသည့် ထရမ့် အနေဖြင့် အစိုးရသစ်တစ်ရပ် မဖွဲ့စည်းရသေးသော ကြောင့် ရွှေ့ပြောင်းနေထိုင်သူများနှင့်ပတ်သက်၍ မည်သည့် မူဝါဒချမှတ်မည်ကို စောင့်ကြည့်ရမည့် အနေအထား ဖြစ်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြော သည်။
မဲဆွယ်ကာလ ကတိပေးထားသည့်အတိုင်း လုပ်ဆောင်မည်ဆိုပါက ရွှေ့ပြောင်း မြန်မာများအတွက် စိုးရိမ်စရာ အနေအထားရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ဦးသိန်းထွန်းဦးက “ထရမ့်တို့ဘက်က ပြောတဲ့အချက်အလက်တွေပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီး သုံးသပ်ရရင် တော့ သူ့အိမ်ကို ထပ်ဝင်မယ့်သူတွေ၊ ရောက်နေပြီးသားသူတွေ အဲဒီသူတွေကတော့ သိပ်သူတို့အတွက် ဆက်နေဖို့ ရော အမေရိကန်ကို ကူးဖို့အတွက်ရော အဲဒါတွေက တော်တော်လေး ခက်လိမ့်မယ်လို့ ထင်ပါတယ်။ အခု လော လောဆယ် ထရမ့်သည် သူကိုယ်တိုင်ရဲ့ နိုင်ငံတိုးတက်ရေးနဲ့ လုံခြုံရေးကို ပြန်ပြီး focus လုပ်တဲ့အတွက်ကြောင့် သူအခု ခန့်မယ်ဆိုတဲ့ လူတွေမှာလည်း ပြင်ပကနေ ကူးပြောင်း ရောက်ရှိလာတဲ့ လူတွေအတွက် တင်းတင်းကြပ် ကြပ် သဘောထား တင်းမာတဲ့သူတွေပဲ အဓိက ရွေးချယ်ထားတာဖြစ်တော့ အဲဒီလူတွေအတွက်ကတော့ နည်းနည်းလေး စိုးရိမ်စရာအနေထား ရှိလိမ့်မယ်ထင်ပါတယ်” ဟု ပြောသည်။
တတိယနိုင်ငံသို့ ခိုလှုံရန် ပြင်ဆင်နေကြသည့် မြန်မာများသည် ထိုင်းနှင့် မလေးရှားနိုင်ငံတို့တွင် အဓိက အများဆုံး ရှိပြီး မလေးရှားတွင် မွတ်ဆလင်ဒုက္ခသည်များ၊ ထိုင်းနိုင်ငံတွင် မြန်မာဘက်မှ တိုက်ပွဲရှောင်လာသည့် တိုင်းရင်းသားများ ဖြစ်ကြသည်။
၎င်းတို့အနေဖြင့် တတိယနိုင်ငံသို့ ခိုလှုံကြရာတွင် အမေရိကန် အပါအဝင် အခြားအနောက်နိုင်ငံများ၌ နေထိုင်ခွင့် ရရှိရေးကို ကြိုးပမ်းနေကြခြင်းဖြစ်သည်။
မြန်မာဒုက္ခသည်များကို တွေ့ရစဉ်
ထရမ့် အစိုးရတက်လာပါက တတိယနိုင်ငံသို့ ခိုလှုံခွင့် ရရှိရေးများသည် ရပ်တန့်မသွားနိုင်သော်လည်း ပုံမှန်ထက် ကြန့်ကြာမှုများ ရှိနိုင်သည်ဟု Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က CNI သတင်း ဌာနသို့ ပြောသည်။
၎င်းက “ပထမတစ်ခေါက် သူအာဏာရတုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့တာပဲ။ ဒါပေမယ့် ကျနော် နားလည်တာ ကတော့ သူ့ process နဲ့ သူကတော့ ရှိနေမှာပါပဲ။ ဒါပေမယ့် ကြာတာ၊ မြန်တာ ဒီလောက်ပဲ ရှိမှာပါ။ ဒီ process က သူ့ဟာနဲ့သူ ရှိနေတာပါပဲ။ ဒါပေမယ့် ကျနော့် အနေနဲ့ကတော့ သိပ်တော့ တတိယနိုင်ငံတစ်ခုခုကို သွားဖို့အတွက် သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာလည်း မူတည်သလို သူတို့ရဲ့ လုပ်ဆောင်ချက်ပေါ်မှာလည်း မူတည်တာကို။ ဒါပေမယ့် အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲ တစ်ခုခုဖြစ်လို့ဆိုတဲ့ ပုံစံမျိုးကတော့ ဝေဖန်ကြတာပါပဲ။ တကယ်တမ်း လက်တွေ့ကျကျ ပြန်စဉ်းစားကြည့်ရင် သူ ဒီအပေါ်မှာ ဘယ်လောက်အထိ အာရုံစိုက်မလဲဆိုတဲ့ဟာ ပဲ အရေးကြီးတယ်။ တတိယနိုင်ငံသွားဖို့အတွက် ရောက်နေတဲ့ အုပ်စုက ၂ အုပ်စု ဖြစ်သွားတာကို။ ထိုင်းမှာ ဒုက္ခ သည် စခန်းတွေမှာ နေထိုင်ပြီးမှ ရောက်နေတဲ့အုပ်စု၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြေးလာတဲ့ အုပ်စု။ သူတို့ အတွက် လုံခြုံရေးတွေ၊ ထောက်ပံ့ပေးလာတဲ့ ဟာတွေကတော့ လျော့သွားနိုင်တာပေါ့” ဟု ပြောသည်။
လာမည့် ၂၀၂၅ ခုနှစ်မှာ တတိယနိုင်ငံများသို့ ရွှေ့ပြောင်းနေထိုင်ခွင့်ရလိုသည့် အာရှနိုင်ငံများမှ ဒုက္ခသည်နှင့် ခိုလှုံ ခွင့် တောင်းခံသူ ၇၇၆,၅၀၀ ဦးရှိမှာဖြစ်ကြောင်း၊ ထိုဒုက္ခသည် အားလုံး၏ ၉၄ ရာခိုင်နှုန်းသည် မြန်မာနှင့် အာဖဂန် နစ္စတန် နှစ်နိုင်ငံက ဖြစ်မည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။