CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

ပြည်တွင်း၌ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးပါက ၆ လအကြာမှ အသစ်လျှောက်ခွင့်ပြုခြင်းသည် ပြည်ပသို့ အလုပ် သွားရောက် လုပ်ကိုင်မည့်သူနှင့် ဆေးကုသမည့် သူများအတွက် အခက်တွေ့စေကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် ပြည်ပ အလုပ်အကိုင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ပြည်တွင်း/ပြည်ပ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီးမှုများ ပြန်လည်လျှောက်ထားမှု အသိပေးကြေညာ ချက်ထဲတွင် ပြည်တွင်း၌ ပျောက်ဆုံးသူများသည် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲစခန်း  ထောက်ခံချက်တို့ဖြင့် နိုင်ငံပိုင်သတင်းစာ တစ်ခုခုတွင် အချက်အလက်မှန်ကန်စွာ ဖြည့်စွက်ပြီး ထည့်သွင်း ကြော်ငြာရမည်ဖြစ်ကြောင်း ပါရှိသည်။

ကြော်ငြာပါရှိပြီး ၆ လ အကြာတွင် ၎င်းသတင်းစာ မူရင်းနှင့်အတူ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ သို့ သွားရောက်၍ ကိုယ်တိုင်ခံဝန်ကတိပြု လက်မှတ်ရေးထိုးကာ စာအုပ်ဖိုးငွေ ၃၅,ဝဝဝ ကျပ်၊ ပျောက်ဆုံး/ ပျက်စီး ဒဏ်ကြေးငွေ ၅၆,ဝဝဝ ကျပ်၊ စုစုပေါင်း ၉၁,ဝဝဝ ကျပ် ပေးဆောင်ခြင်းတို့ ပြုလုပ်ပြီး အသစ် ပြန်လည် လျှောက် ထားရမည် ဖြစ်သည်။

ပွင့်ဖူးအောင် ပြည်ပအလုပ်အကိုင်အေဂျင်စီမှာ မန်နေးဂျင်းဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက “အခက်အခဲ ဖြစ်တာပေါ့။ ထိုင်းကနေ ပြန်လာတဲ့ကလေးတွေဆို လွယ်လွယ်ကူကူပဲလေ ဟိုမှာ တုံးတွေ စုံအောင် မထုခဲ့တဲ့ အတွက်ကြောင့်မို့လို့ ဘာလုပ်လဲဆိုတော့ စာအုပ် အပျောက်လျှောက်ကြတယ်။ အပျောက်မလျှောက်ရင်လည်း စာအုပ်က ဟိုဘက်ကိုပြန်ဝင်ရင် immigration တွေက မိတာပေါ့နော် ဒီတုံးတွေရှိတဲ့ဟာတွေကို မိတဲ့အခါကြ တော့ အဓိကကတော့ ထိုင်းသွားမယ့်သူအတွက်မှာ ဂယက်ထတာပေါ့နော်။ ဥပမာ PJ သမားပျောက်နေတယ် ဆိုလည်း ဆေးကုတာတို့ အလုပ်ကိစ္စနဲ့ သွားမှာတို့ဆို ဖြစ်တာပဲလေ။ ၆ လ နေတော့မှ စာအုပ်ပြန်လျှောက်ခွင့်ရှိ တာ။ ဒီသတင်းစာထဲမှာထည့်ပြီး ၆ လနေတော့မှ ပြန်လျှောက်ခွင့်ရှိတာဆိုတော့ သူက ဘယ်ရက် ရမှန်းမှမသိတာ။ ၆ လထဲမှာ တန်းရမှာမှ မဟုတ်တာ။ ဘာလို့ဆို သူတို့ QR တို့ဘာတို့ တင်မယ်ဆို ရက်ချိန်းတွေပြန်ပေးဦးမှာပဲ လေ။ ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပတ်စပို့ လျှောက်ရန် တန်စီးနေကြသူများကိုတွေ့ရစဉ်

ပြည်ပရှိ မြန်မာနိုင်ငံသားများလည်း နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးခြင်းအတွက် စာရွက်စာတမ်းများနှင့် လူကိုယ်တိုင် သက်ဆိုင်ရာသံရုံးသို့ သွားရောက်ရမည်ဖြစ်ကြောင်း၊ စာအုပ်တန်ဖိုး ၃၅ ဒေါ်လာ၊ ဒဏ်ကြေးအဖြစ် ၁၀၅ ဒေါ်လာ၊ စုစုပေါင်း ၁၄၀ ဒေါ်လာနှင့် ညီမျှသော သက်ဆိုင်ရာနိုင်ငံများ၏ ငွေကြေးတန်ဖိုးအတိုင်း ပေးသွင်း ၍ နိုင်ငံကူးလက်မှတ်အသစ်အား ပြန်လည်လျှောက်ထားနိုင်သည်။

ထိုင်းတွင် ကိုဗစ်မတိုင်ခင်က နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသဖြင့် ပြန်လည်လျှောက်ထားရာတွင် ဘတ်ငွေ ၂၀၀၀ ကျော် အကုန်အကျခံပါက ရရှိသော်လည်း ယခုသတ်မှတ်လိုက်သည့် ပမာဏသည် ပို၍များပြားကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

ကိုသားကြီးက “များတာပေါ့ အရမ်းများတာပေါ့။ ဒေါ်လာ ၁၀၀ ကျော်ဆိုတာ လက်ရှိ ဒေါ်လာ ၁၀၀ ကို ဘတ် ၄၀၀၀ ရှိတယ်လေ။ ဒါတစ်ဖက်နိုင်ငံကို ရောက်နေတဲ့ အလုပ်သမားတစ်ယောက်ကို သက်ဆိုင်ရာနိုင်ငံက သတ်မှတ်တဲ့ လုပ်အားခ တစ်ရက်ကို ဘယ်လောက်ရလဲဆိုတာကို ဒီ Law ဒီစည်းကမ်းကို ဆုံးဖြတ်တဲ့ ဝန်ကြီး ဌာနက သိဖို့ လိုပါတယ်။ ဒေါ်လာ ၁၀၀ ကျော်ဆိုတာ မြန်မာရွှေ့ပြောင်း အလုပ်သမားတစ်ယောက် တစ်လမကတဲ့ လုပ်အားခနဲ့ ညီမျှတယ် လက်ရှိငွေဈေးနဲ့။ ဒါကြောင့် တစ်လစာလောက် လုပ်အားခပေးပြီးတော့မှ ပတ်စပို့လုပ်ရ မယ်ဆိုတာဟာ ဒါလုံးဝ မဖြစ်နိုင်ဘူး။ ဥပမာ ထိုင်းနိုင်ငံလို နေရာမျိုးတွေဆို မြန်မာ ၅ သန်းလောက်ရှိတယ် မြန်မာ အများဆုံးရှိတဲ့ နိုင်ငံတွေကို ပြောချင်တာက ကျနော်တို့ ဒေါ်လာ ၁၀၀ ကျော် ပေးရမယ်ဆိုရင် ၁၅ ရက်စာလောက် ရှိတယ် လုပ်အားခ။ ဒါဟာကိုယ့်ရဲ့ ပြည်သူပေါ်မှာ ကိုယ်က ဂုတ်သွေးစုပ်ရာ ရောက်တယ်။ ဒါလူ့အခွင့်အရေးကို ပေါ်တင် ချိုးဖောက်ရာ ရောက်တယ်။ အရင်တုန်းက ဘတ် ၂၅၀၀၊ ၃၀၀၀ လောက်ကုန်ရင် စာအုပ်တစ်အုပ်ကို ချက်ချင်းရပေမယ့် အခုအဲဒီပတ်စပို့ အပျောက်သမားတွေ လက်ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထဲမှာ ရှစ်လ တစ်နှစ် ကြာတဲ့သူတွေတောင်မှ ပတ်စပို့အခုထိ မရတာတွေရှိတယ်”ဟု ပြောသည်။

ပတ်စပို့ လျှောက်ရန် တန်စီးနေကြသူများကိုတွေ့ရစဉ်

နိုင်ငံကူးလက်မှတ်သည် အဓိက လိုအပ်သည့် အထောက်အထား ဖြစ်သောကြောင့် ငွေကုန်ကြေးကျများသော် လည်း မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်သည့်အခါတွင် နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်အား ကြန့်ကြာမှုမရှိဘဲ လျင်မြန်စွာ ထုတ်ပေးစေချင်ကြောင်း သုံးသပ်ကြသည်။

ထို့အပြင် ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာရာတွင် အသစ် ပြန်လည်လျှောက်ထား လိုပါက ပြည်ပပျောက် ဒဏ်ကြေး ၁၀၅ ဒေါ်လာ နှင့်ညီမျှသည့် လက်ရှိ ဗဟိုဘဏ် မှ သတ်မှတ်နှုန်းထားတိုင်း မြန်မာငွေပေးဆောင်ရမည်ဖြစ်ပြီး စာအုပ်ဖိုး ၃၅,ဝဝဝ ကျပ်ပါ ပေးသွင်းရမည် ဖြစ် ကြောင်း သိရသည်။