CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၄

လာမည့် ဇူလိုင်လ ၃၁ ရက်နေ့တွင် ၂ သောင်းတန် ငွေစက္ကူကို အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေမည်ဟု ဗဟိုဘဏ်မှ သတင်းထုတ်ပြန်ပြီးနောက် ပြည်တွင်းတွင် ကုန်ဈေးနှုန်းများ မြင့်တက်သွားခြင်းနှင့် အရောင်း အဝယ်များ ယာယီရပ်နားသွားခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂ သောင်းတန် ငွေစက္ကူ ထုတ်ဝေမှုနှင့် ပတ်သက်ပြီး မြန်မာကျပ်ငွေ ဖောင်းပွမှု ဖြစ်ပေါ်လာနိုင်သည်ဟု ပြောဆိုမှု များရှိနေပြီး ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ကုန်ဈေးနှုန်း ကစားသူများ ရှိသည့်အတွက် နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့် ငွေကြေးဖောင်းပွမှု မဖြစ်စေရန်အတွက် ၂ သောင်းတန် ငွေစက္ကူကို အကန့် အသတ်ဖြင့်သာ ထုတ်ဝေသွားမည့်အကြောင်း သေချာစွာ ထုတ်ပြန်ပြောဆိုရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာ သုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သေချာထုတ်ပြန်ဖို့ လိုတယ်။ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး။ လူတွေက ငွေကြေးဖောင်းပွမှု ဖြစ်လာမယ်ဆိုပြီးတော့။ ကြေညာရမှာက ပုံမှန်ထုတ်ဝေရေးအတိုင်းပဲ ထုတ်နေတာပါ။ ဘာမှ ငွေကြေးဖောင်းပွမှုလည်း မရှိပါဘူးဆိုတာ နဂိုကတည်းက Follow Up လုပ်ရမှာလေ။ မလုပ်ဘဲနဲ့ ငွေကြေး ထုတ်ဝေတယ်လုပ်တော့ လူတွေက တော်တော်ကြီးကို ဇာတ်ပျက်နေကြတယ်။ ငွေကြေးထုတ်တာတော့ ပုံမှန်ပဲ ထုတ်တာပေါ့နော်။ သူလည်း ပြောထားပါတယ် အထိမ်းအမှတ်အနေနဲ့ အကန့်အသတ်ပဲ ထုတ်မယ်လို့ ပြောထား တယ်လေ။ ဒါကို ဘာမှ စိုးရိမ်ကြောင့်ကြမှု မရှိဘဲ လူတွေက ပုံမှန်အတိုင်းပဲ လုပ်ဆောင်ဖို့တော့ လိုအပ်မယ်လို့ မက်ဆေ့ချ် ပေးချင်တာပေါ့နော်။ အကြောက်တရားနဲ့ သွားနေရတဲ့အခါကျတော့ အလကားနေ ခြောက်နေတာ လေ။ ဒါကြီးတော့ မဖြစ်သင့်ဘူး။ ဘာပဲပြောပြော ဈေးအမှန်နဲ့ ရစေချင်တယ်။ ငွေအသစ်ထုတ်တယ်ဆိုတာလည်း ဗဟိုဘဏ်က ထိန်းကွပ်ပြီးတော့မှ အကန့်အသတ်နဲ့ ထုတ်တာလေ။ ဘာမှ စိုးရိမ်ကြောင့်ကြစရာမလိုဘူး။ အကန့် အသတ်နဲ့ ထုတ်မယ်ဆိုတာ သူအတိုင်းအတာတစ်ခု ပြောတာလေ။ အမှန်မှာ လူတွေ မတွက်တာလေ။ ၁ သောင်း တန်ကို ရိုက်ထုတ်နေလည်း ဘယ်သူက သိမှာလဲ။ အဲဒီကျမှ ဘယ်သူမှ မပြောဘဲနဲ့ အခုကျမှ ၂ သောင်းတန် ထွက်လာတော့မှ ငွေကြေးဖောင်းပွမှု ဖြစ်တယ် ပြောကြတယ်။ ဗဟိုဘဏ်က စည်းလွတ်ဝါးလွတ်တော့ လုပ်မှာ မဟုတ်ဘူး။ သူ့ရဲ့ ငွေရေးကြေးရေး အကန့်အသတ်ထဲကနေ ထုတ်ရတာ။ သူတို့တွက်ထားပြီးသား ရှိတယ်။ တွက်ရမယ့် စံနှုန်းတွေ ရှိတယ် အဲဒီစံနှုန်းတွေနဲ့ အလုပ်လုပ်တာလေ” ဟု ပြောသည်။

၂ သောင်းတန် ငွေစက္ကူအသစ်ကို နေပြည်တော်တွင် တည်ထားသည့် မာရဝိဇယရုပ်ပွားတော် ပြီးစီးသည့် အထိမ်းအမှတ်အပြင် ဆင်ဖြူတော် မွေးဖွားခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်ဝေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကန့်အသတ်ဖြင့် ထုတ်ဝေမည်ဆိုပါက ငွေကြေးဖောင်းပွမှု မရှိနိုင်သော်လည်း နောက်ထပ် ထုတ်မည့် ငွေစက္ကူ များတွင် ၂ သောင်းတန်ကို ထပ်မံထုတ်ဝေလာမည်ဆိုပါက ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာမည် ဖြစ်သည့်အတွက် စောင့်ကြည့်ရမည် ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

“စောင့်ကြည့်ရအုံးမှာပေါ့။ သူတို့က အထိမ်းအမှတ်အဖြစ်နဲ့ ထုတ်တာ။ နည်းနည်းပါးပါးပဲဆိုရင်တော့ လက်ရှိ ငွေကြေးဖောင်းပွမှုနှုန်းကို သက်ရောက်မှု မရှိနိုင်ဘူးပေါ့နော်။ အခုဖောင်းပွနေတဲ့ နှုန်းအတိုင်းပဲ ထပ်ပြီးတော့ ဒါ့ကြောင့် တိုးသွားတာမျိုး မဖြစ်နိုင်ဘူး။ သို့သော် အဲဒီလိုမျိုး မဟုတ်ဘဲနဲ့ နောက်ထုတ်မယ့်အသစ်တွေမှာ ၂ သောင်းတန်ကိုပဲ ထုတ်လာတယ်ဆိုရင်တော့ ဒါက မုချပဲ ငွေဖောင်းပွမှု ဖြစ်စေမှာပေါ့နော်။ ဘာဖြစ်လို့ ပိုဖြစ် စေတာလဲလို့ ပြောတာလဲဆို အခုက ဖြစ်နေတာ။ ငွေဖောင်းပွမှုနှုန်းက ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းမှာ တောက်လျှောက် မြန်မာငွေ ဖောင်းပွမှု ဖြစ်နေတာ။ တန်ဖိုးလည်း ကျနေတာပေါ့နော်။ အဲဒါကို ပိုပြီးတော့ အရှိန် တိုးသွားစေမှာပေါ့ အကန့်အသတ် နည်းနည်းနဲ့ ထုတ်တာ မဟုတ်ဘူးဆိုရင်ပေါ့” ဟု ပြောသည်။

ဒါ့အပြင် ငွေစက္ကူ ၂ သောင်းတန် အသစ် ထုတ်ဝေသော်လည်း လက်ရှိသုံးစွဲနေသည့် ‌ငွေစက္ကူများကို တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် သုံးစွဲ၍ ရနေမည်ဖြစ်ကြောင်း၊ ၂ သောင်းတန် ငွေစက္ကူကို အရေအတွက် အကန့်အသတ်ဖြင့် ထုတ်ဝေခြင်းသည် ဟောင်းနွမ်းငွေစက္ကူများကို လဲလှယ်ရန်ဖြစ်သည်ဟု သိရသည်။