CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉

နစကဥက္ကဋ္ဌ အနေဖြင့် ပြည်သူလူထုနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ နှလုံးသားကို သိမ်းကျုံးယူနိုင်မည့် မိန့်ခွန်းမျိုး ပြောကြားသင့်ကြောင်း လွှတ်တော်အမတ်ဟောင်း ဦးကျော်ဇေယျက CNI သတင်းဌာနသို့ ပြောသည်။

လာမည့် ဇူလိုင် ၃၁ ရက်နေ့တွင် နစကမှ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ခဲ့သည်မှာ ကုန်ဆုံးတော့မည် ဖြစ်ကြောင်း၊ ထို့နောက် နောက်ထပ် သက်တမ်း ၆ လ တိုး/မတိုးနှင့်  နိုင်ငံတော်အား ပြောကြားမည့် မိန့်ခွန်းမှာ အရေးကြီးကြောင်း ၎င်းက ပြောသည်။

ဦးကျော်ဇေယျက “ဘယ်လို အကြံပြုချင်သလဲဆိုတော့ အခု ၃၁ ရက်နေ့တော့ လုပ်မယ်ထင်ပါတယ်၊ ၃၁ တနင်္လာ နေ့ပေါ့နော်၊ တနင်္လာနေ့မှာတော့ သူတို့ရဲ့ ကာ/လုံ အစည်းအဝေး ပြန်ခေါ်ပြီးတော့ ပြောလို့ရှိရင် ကျနော် အကြံပြု ချင်တာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် နိုင်ငံတော်ကိုပြောမယ့် မိန့်ခွန်းက တအားကို အရေးကြီး တယ်၊ အဲဒီက မိန့်ခွန်းကို ကောင်းကောင်း၊ ပြည်သူလူထုရဲ့ အသည်းနှလုံး၊ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ အသည်းနှလုံးကို ဆွဲကျုံးယူနိုင်တဲ့ဟာမျိုး၊ စကားမျိုး၊ ရွေးချယ်သင့်တယ်၊ အဲဒီစကားမျိုးဟာ ဘာတွေလည်း ဆိုတာတော့ ကျနော်ထက်တော်တဲ့ ကောင်တွေရှိပါတယ်။ အဲဒီလိုဟာမျိုး သေချာလေး ရွေးသင့်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ၆ လ သက်တမ်း တိုးမြှင့်ခဲ့သည်မှာ မကြာမီ ကုန်ဆုံးတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြသူများကိုတွေ့ရစဉ်

ထို့နောက် နစကအနေဖြင့် နောက်ထပ် သက်တမ်း တိုးလာနိုင်သလား သို့မဟုတ် မည်သည့် အခင်းအကျင်း ဖြစ်ပေါ်လာနိုင်သလဲဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းအကြား ပုံစံမျိုးစုံ သုံးသပ်နေကြသည်။

နစက၏ နိုင်ငံရေး ဦးတည်ချက်များအား ပြောဆိုခြင်းမျိုး မဟုတ်ဘဲ နိုင်ငံအတွက် တည်ငြိမ်မှုကို ဖြစ်စေသော မိန့်ခွန်းမျိုးကို ပြောကြားသင့်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

၎င်းက “အခုတော့ သာမန်အပေါ်ပဲ ဒီဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေပြော၊ ဒါအခြေအနေအရ လျှောက်ပြော၊ ဒီဟာတွေက ထပ်နေပြီ။ ဘာသာရေးနဲ့ စောင်းပေးပြီးတော့ သာသနာတွေ၊ ဘာသာသာသနာရေးနဲ့ စောင်းပေးပြီး တော့ ပြည်သူလူထုကို ပြောနေတာ ထပ်နေပြီ။ အဲဒီတော့ ပြည်သူလူထု အသည်းနှစ်လုံးကို သိမ်းကျုံးယူနိုင်မယ့် ဒါပေမယ့် သူတို့ကတော့ သိပ်ပြီးတော့ အသိအမှတ်ပြုချင်တာ နည်းတယ်ပေါ့ဗျာ၊ သို့သော်လည်းပဲ လက်ရှိ ပကတိ အခြေအနေကို အမှန်ကို သိရမယ်၊ ပကတိ အခြေအနေမှန်ကို သိရမယ်ဆိုတာက ကျနော်က ပြောတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကို ပြောတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားဟာ ဘာပဲဖြစ်ဖြစ် ဒီနေ့ ပကတိအမှန်အနေနဲ့တော့ သူ့ရဲ့ လက်အောက်မှာ အတိုင်းအတာတစ်ခု အင်အားရှိနေတယ်၊ ရှိတဲ့ဟာကို ပြောရမှာ အဲကဟာကို ပြောရမှာဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြည်သူလူထုအပေါ်ကို ၃၁ ရက်နေ့ ညလောက်မှာ ဖြစ်ဖြစ်၊ ပြောတဲ့ မိန့်ခွန်းဟာ တကယ့်ကို နိုင်ငံရေး အနှစ်သာရရှိရှိ အနာဂတ်အတွက် တိုင်းပြည်အတွက် တည်ငြိမ်မှု အလုပ်ဖြစ်နိုင်သော မိန့်ခွန်းမျိုး ဖြစ်ပါစေလို့ ကျနော်တော့ အကြံပြုချင်တယ်” ဟု ပြောသည်။

ဒီမိုကရေစီတောင်းဆိုနေကြစဉ်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကိုအရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက် ရှိနေသည်။

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာထားမှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂ နှစ်ပြည့်ခဲ့ပြီးနောက် ပုဒ်မ ၄၂၅ အရ သက်တမ်း ၆ လတိုးခဲ့ရာ ယခုလ(ဇူလိုင်) ၃၁ ရက်နေ့တွင် သက်တမ်းပြည့်မည် ဖြစ်သော်လည်း ဒုတိယ အကြိမ် သက်တမ်း ၆ လ တိုးပိုင်ခွင့် ရှိနေသေးသည်။

ပြည်တွင်းနိုင်ငံရေး အသိုင်းအဝိုင်းအကြားမှာတော့ နောက်တပ် ၆ လ သက်တမ်းမတိုးတော့ဘဲ ကြားဖြတ်အစိုးရ သို့မဟုတ် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ်ကို ဖွဲ့စည်းလာနိုင်ကြောင်း သုံးသပ်နေကြသည်။