CNI News

၂၀၂၄ ခုနှစ်၊ မေလ ၃၁

ပြည်သူက အားကိုးရသည့် အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တက္ကသိုလ်မှ နည်းပြအရာရှိကြီးများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နည်းပြအရာရှိများအနေဖြင့် ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ သင်ကြားပေးစေလိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ခေါင်းဆောင်များ မွေးထုတ်နိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြော သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “လေ့ကျင့်ရေးနှင့် ပတ်သက်ပါက ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ကြရန်၊ သင်တန်းသားများကို အလိုမလိုက်ရန် လိုအပ်သကဲ့သို့ မိမိကိုယ်တိုင်လည်း အလိုမလိုက်ကြရန်လိုကြောင်း၊ အရည်အချင်းနှင့် ပြည့်စုံသဖြင့် နည်းပြများ ဖြစ်နေကြသည့်အတွက် မိမိတတ်မြောက်ထားသည့် သင်ကြား ထားရသည့် စာပေပညာ၊ စစ်ပညာများကို ဖြတ်သန်းလာသည့် အတွေ့အကြုံများနှင့် ချိန်ထိုး၍ စနစ်တကျ သင်ကြားပေးစေလိုပြီး အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သင်ခန်းစာများကို အမှန်တကယ်တတ်မြောက်ပြီး လက်တွေ့မြေပြင်တွင် ခေါင်းဆောင်မှု ကောင်းမွန်စွာ ပေးနိုင်ရန်၊ စိတ်ဓါတ်ခိုင်မာ ကောင်းမွန်ရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ပြည်သူက အားကိုးရသည့် အနာဂတ် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်ရမည်” ဟု ပြောသည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

စစ်တက္ကသိုလ်သည် တပ်မတော်အတွက် လက်ရုံးရည်၊ နှလုံးရည်နှင့် ပြည့်ဝသည့် အရာရှိကောင်းများကို မွေးထုတ် ပေးနိုင်ရေး အဓိက သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိစေရေး သင်တန်းနှစ်အလိုက် သတ်မှတ်ထားသည့် လေ့ကျင့်ရေးဆိုင်ရာများကို လိုက်နာ လေ့ကျင့်သွားကြရမှာဖြစ်ကြောင်း ပြောသည်။

စစ်တက္ကသိုလ်ရဲ့ အကယ်ဒမီ သင်ရိုးညွှန်းတမ်းမှအစ ပြောင်းလဲရမှာဖြစ်ကြောင်း၊ သမိုင်းကိုလည်း မှားယွင်းစွာ ပုံဖော်၍ သင်ကြားပေးနေကြောင်း၊ စစ်တပ်မှာ မြန်မာပြည်၏ ကယ်တင်ရှင်ဖြစ်ကြောင်း သင်ကြားပေးမှုမှအစ ပြောင်းလဲရမှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခုက ဖြစ်နေတဲ့ အခြေအနေက စစ်တပ်နဲ့ ပြည်သူလူထုကြားထဲမှာ သူတစ်ပြန်၊ ကိုယ်တစ်ပြန် အပြန် အလှန် တိုက်ခိုက်ပြီးတော့ လုံးဝ ကွဲပြားသွားတဲ့ အနေအထား ကူးပြောင်းလာတဲ့အခါမှာ စစ်တပ်မှာ ပြည်သူဆို တာ မရှိတော့ပါဘူး။ စစ်မိသားစုပဲ ရှိတယ်။ အဲဒီတော့ သူပြောနေတဲ့ ပြည်သူဆိုတာ သူ့စစ်တပ်က အိမ်ထောင် သည်တွေနဲ့ စစ်တပ်မိသားစု အသိုင်းအဝိုင်းလောက်ပဲ သူ့ပြည်သူဖြစ်ပါတယ်။ ကျန်တဲ့ ပြည်သူတစ်ရပ်လုံးက သူတို့နဲ့ အပြင်းအထန်စစ်ရေး တိုက်ခိုက်ပြီးတော့ ပြည်သူလူထုဆိုတာ စစ်တပ်ဖက် မရှိတော့ပါဘူး။ ရပ်ထဲရွာထဲ တောင် စစ်စခန်းက လူတွေလည်း ယူနီဖောင်းနဲ့ မထွက်ရဲတဲ့ ဘဝရောက်၊ ပြည်သူလူထုနဲ့ စစ်တပ်ကြားထဲမှာ အမုန်းပွားမှုဟာ သမိုင်းကာလမှ အခုအချိန် အကြီးမားဆုံးဖြစ်နေပြီလို့ ကျနော်တော့ ယူဆပါတယ်” ဟု ပြော သည်။

မြန်မာ့တပ်မတော်ကို တွေ့ရစဉ်

စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ကြောင်း၊ စစ်ရေး လုပ်ငန်း၊ နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းက လွဲ၍ အခြားသော နိုင်ငံရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများတွင် ပါဝင်စရာမလိုကြောင်း ၎င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် တည်ရှိသော စစ်တက္ကသိုလ်သည် စစ်ပညာနှင့် တက္ကသိုလ်ပညာရပ် များကို သင်ကြားပေးပြီး စစ်ဗိုလ်အရာရှိများအား မွေးထုတ်ပေးလျက်ရှိနေသည်။