CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
မြန်မာနိုင်ငံကို ရောက်ရှိလာသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဧည့်ခံခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် မြန်မာ့တပ်မတော်၏ အင်္ဂါစဉ်တွင် တတိယခေါင်းဆောင်ဖြစ်ပြီး အနာဂတ် မြန်မာ့တပ်မတော်၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာနိုင်သူဟုလည်း ထင်ကြေးပေးခံနေရသူဖြစ်သည်။
လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကနေ အနားယူပြီး ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် ဖွဲ့စည်းမည့် အစိုးရသစ်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် စဉ်းစားထားသည့် အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်ကို ခန့်အပ်ဖွယ်ရှိနေသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အသစ်မှာ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း စသည့် ခေါင်းဆောင် ၃ ဦးထဲက တစ်ဦး ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ထိုင်းတပ်ချုပ်သည် ဗိုလ်ချုပ်ကြီးကျော်စွာလင်းအား တပ်ချုပ်ဖြစ်လာမည့်သူဟု နားလည်ထားခြင်းကြောင့် အဆင့် တူချင်း လက်ခံတွေ့ဆုံမှု သဘောဖြစ်နိုင်ကြောင်း၊ သို့မဟုတ်ပါက ထိုင်းတပ်ချုပ်က တွေ့ဆုံမှုကို သဘောတူမည် ဟု မထင်ကြောင်း၊ မိတ်ဆက် ပွဲထုတ်သည့် သဘောဖြစ်နိုင်ကြောင်း နေပြည်တော်စစ်ရုံးချုပ်ဖြင့် နီးစပ်သူ တချို့ က ထောက်ပြကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တာဝန်ယူထားစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရုတ်နှင့်အိန္ဒိယ ခရီးစဉ်များကို ခေါ်သွားပြီး မိတ်ဆက် ပေးခဲ့ဖူးကြောင်း ၎င်းတို့က နှိုင်းယှဉ်ပြကြသည်။
ဗိုလ်ချုပ်ကြီးကျော်စွာလင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တာဝန်ရယူခဲ့စဉ်ကနေ ယနေ့အထိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တရုတ်နှင့် ရုရှား ခရီးစဉ်များသို့ လိုက်ပါခဲ့ဖူးပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည်။
