CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၁၉
မြန်မာနိုင်ငံတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား သံသယ ကြီးပြီး ကန့်သတ်ချက်ရှိလျှင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက CNI သတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အမှန်တကယ် လိုလားပါက သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့များ အနေဖြင့် ကြိုတင်ကန့်သတ်ချက်များ၊ စည်းကမ်းချက်များမရှိလျှင် ဆွေးနွေးရသည်မှာ ပို၍ လွယ်ကူမည်ဟုထင်ကြောင်း ဇိုမီးအမျိုးသားပါတီ(ZNP)မှ ပြောရေးဆိုခွင့်ရှိသူ ပူပူထန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ယုံကြည်မှုတော့ ပျက်ပြားမှာပေါ့။ ဒါပေမယ့် ကြိုတင်ကန့်သတ်ချက်တွေ မရှိရင်တော့ ဆွေးနွေး ရတာ ပိုလွယ်မယ်ထင်တယ်လေ။ ဖြစ်နိုင်ရင်တော့ ဘာကြိုတင် ကန့်သတ်ချက်မှ မရှိဘဲနဲ့ပေါ့၊ လော လော လတ်လတ်နဲ့ ဆွေးနွေးနိုင်ရင်တော့ ပိုအဆင်ပြေမယ် ထင်တယ်လေ။ ယုံကြည်မှုရအောင် ခုနက ပြောသလို ဘာကြိုတင် ကန့်သတ်ချက်မှ မရှိဘဲနဲ့ မင်းတို့ ဒါလုပ်မှ ပြောမယ်၊ ဒါလုပ်မှ တွေ့မယ် ဆိုတာ မျိုးပေါ့။ ဒါအရင်ပေး ဆိုတာမျိုး မရှိဘဲနဲ့ လောလောလတ်လတ် ဆွေးနွေးလို့ရအောင် အချင်းချင်း မယုံ နိုင်သေးရင်တောင်မှ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုခုရဲ့ ရှေ့မှောက်မှာ အားလုံး လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်မယ့် အနေအထားကို ဖန်တီးပြီးတော့ ဆွေးနွေးရင်တော့ ပိုထိရောက်မလားလို့လေ။ ယုံကြည်မှု ပိုရှိတာပေါ့ဗျာ။ အိမ်နီးချင်း နိုင်ငံကြီးတွေရဲ့ အထောက်အပံ့ ရရင်ပေါ့နော်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ပြည်သူ့ စစ်များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ စသဖြင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ရာနှင့်ချီ ရှိနေကြသည်။

လက်နက်ကိုင်အင်အားစုများကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် ပဋိပက္ခ၏အခြေခံ အကြောင်းတရားများဖြစ်သည့် နိုင်ငံရေး ခံယူချက် များ၊ သမိုင်းနောက်ခံ အဖြစ်အပျက်များ၊ ဝါဒရေးရာ အငြင်းပွားမှုများ ထည့်မစဥ်းစားသရွေ့ ငြိမ်းချမ်းရေး ဖြစ်စဥ် အလုပ်မဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များကို လုပ်ဆောင်ကြသည့် နေရာတွင် အယူအဆ အမျိုးမျိုး၊ အတွေးအခေါ် အမျိုးမျိုး၊ ကြိုးပမ်းဆောင်ရွက်မှု အမျိုးမျိုးရှိကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများကလည်းက ထောက်ပြကြသည်။
အဓိကအားဖြင့် ကိုယ်အကျိုးစီးပွားများကို ခေတ္တလျစ်လျူရှုပြီး အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု၏ ငြိမ်းချမ်းရေး၊ အကျိုးစီးပွားကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်း ပေးချင်သည့် စိတ်ဆန္ဒရှိလျှင် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းမဆို တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းကို လာနိုင်ကြမှာဖြစ်ကြောင်း ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ ဒေါက်တာညိုညိုသင်းက CNI သတင်းဌာနသို့ ပြောသည်။
ထို့ပြင် တွေ့ဆုံဆွေးနွေးရေး စကားဝိုင်းများ ဖြစ်လာစေရေး ပြည်တွင်း၊ ပြည်ပမှ ငြိမ်းချမ်းရေး အကျိုး တော်ဆောင်များ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း ၎င်းက ပြောသည်။
ဒေါက်တာညိုညိုသင်းက “အဲဒီလိုမျိုး တကယ့် အနာဂတ်ပြည်ထောင်စုအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး အတွက်ကို လိုချင်ပါရဲ့၊ သို့သော်လည်း တစ်ဖက်နဲ့တစ်ဖက် သံသယတွေ လွှမ်းမိုးနေတယ်၊ သံသယတွေ ကြီးမားနေတယ် ဆိုရင်လည်း ဒီတွေ့ဆုံဆွေးနွေးရေး စကားဝိုင်းတွေဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက ငြိမ်းချမ်းရေးအကျိုးဆောင်တွေရဲ့ အခန်းကဏ္ဍက အရေးကြီး တယ်။ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ရိုက် တွေ့ဆုံညှိနှိုင်းမှုမျိုးကတော့ အောင် မြင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ အန်တီတို့ ယူဆတယ်။ ကြားထဲမှာ နိုင်ငံတကာ ပါဝင်လာမယ်၊ ပြည်တွင်း ငြိမ်းချမ်းရေး အကျိုးဆောင်တွေပေါ့၊ ပါဝင်လာမယ်ဆိုရင်တော့ အနေအထားက တစ်မျိုးပြောင်းလဲနိုင် မယ်လို့ ယူဆတယ်။ ဒီတိုင်း နှစ်ဘက် ထိပ်တိုက်ပြီးတော့ မင်းတို့လာကြ၊ KIA လာကြ မြန်မာ့တပ်မတော် နဲ့ ဆွေးနွေးကြမယ်ဆိုပြီးတော့ နှစ်ဘက်ထိပ်တိုက် နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်ပြီးတော့ ဆွေးနွေးကြမယ် ဆိုရင်တော့ တစ်ဘက်နဲ့တစ်ဘက်မှာ သံသယကြီးကြီးမားမား ဖြစ်လာစရာအကြောင်းတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ကြားလူပေါ့၊ ကြားလူငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေနဲ့ အလုပ်လုပ်တာက ပြည် တွင်း၊ ပြည်ပပေါ့ ပိုပြီးတော့ ငြိမ်းချမ်းရေးခရီးကို မြန်မြန်ရောက်နိုင်တယ်လို့ ထင်တယ်” ဟု ပြောသည်။

လက်နက်ကိုင်အင်အားစုများကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်သည် ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီး ကတည်းကနေ ယနေ့အချိန်ထိ ဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများအကြား နယ်မြေ သိမ်းပိုက် မှုနှင့်ပတ်သက်၍ တိုက်ပွဲများ ပိုမိုကျယ်ပြန့်စွာ ဖြစ်ပွားနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များလည်း အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်နေသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြ သည်။
ထို့ပြင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်သော အခါတွင်လည်း အင်အားငယ်သည့် လက်နက်ကိုင်အဖွဲ့များ၊ တပ်မတော်နှင့် တိုက်ပွဲမဖြစ်သည့် လက်နက်ကိုင်အဖွဲ့များကို ချန်လှပ်ထားခြင်း မျိုး မပြုလုပ်သင့်ဘဲ လက်နက်ကိုင်အားလုံးကို တန်းတူ ဖိတ်ခေါ် ဆွေးနွေးသင့်ကြောင်းလည်း ၎င်းတို့က သုံးသပ်ကြသည်။
