CNI News

၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉

မြန်မာနိုင်ငံတွင် တည်ရှိသော လက်နက်ကိုင် အဖွဲ့အစည်းများ အလွန်များပြားသည့်အထဲမှ အစိုးရ-တပ်မတော်က သတ်မှတ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ဆိုသော စံနှုန်းက မည်သည့် အချက်များဖြင့် ပြည့်စုံမှ EAO ဟုခေါ်သလဲဆိုသည့် မေးခွန်းများ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား ထွက်ါ်လာသည်။

လက်ရှိ လက်နက်ကိုင်များထဲတွင် EAO ဖြစ်ရန် မူအားဖြင့် အခြေခံလေးချက်ရှိမှသာလျှင် EAO ဖြစ်နိုင်ကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီမူအားဖြင့်တော့ ရှိတယ်။ ဒါပေမယ့် သေချာပြောထားတာတော့ မဟုတ်ဘူး မူအားဖြင့်တော့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တစ် EAO ဆိုရင် အခြေခံအားဖြင့်ပေါ့ ပြည်သူလူထုရှိရမယ်၊ ပအိုဝ်းပြည်သူကို ကိုယ်စား ပြုလား၊ ပလောင်ပြည်သူကို ကိုယ်စားပြုလားပေါ့လေ၊ လားဟူကို ကိုယ်စားပြုလား၊ ကိုယ်စားပြုရမယ့် ပြည်သူ လူထုရှိတယ်။ နှစ်က အဲဒီလူထုနေတဲ့ နယ်မြေတွေရှိတယ်၊ ကျဥ်းရင် ကျဥ်းသလို ကျယ်ရင်ကျယ်သလို သူ့နယ်မြေ ရှိမယ်။ သုံးက အဲဒီပြည်သူလူထု အပေါ်မှာ ကောင်းရာကောင်းကြောင်း လုပ်ပေးဖို့ ဦးဆောင်တဲ့ နိုင်ငံရေး အဖွဲ့ အစည်း ရှိတယ်။ နိုင်ငံရေးအဖွဲ့အစည်း ရှိရတယ်။ အဲဒီနိုင်ငံရေး အဖွဲ့အစည်းက ဦးဆောင်ပြီးတော့မှ သူ လက်အောက်မှာ လက်နက်ကိုင်တပ်ရှိရမယ်။ အဲဒါကြောင့် လက်နက်ကိုင်တပ်ရှိခြင်း၊ နိုင်ငံရေးဦးဆောင်မှုရှိခြင်း၊ နယ်မြေရှိခြင်း၊ လူထုရှိခြင်း ပြည်သူရှိခြင်းပေါ့၊ အဲဒီလေးချက်လောက်ကတော့ ဒါအခြေခံပဲ EAO ဖြစ်ဖို့က။ အဲဒီ လေးချက် မရှိရင်တော့ EAO၊ ERO ထည့်လို့မရဘူး”ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှ စတင်၍ ပြည်နယ်များ၌ ဖြစ်ပွားလာခဲ့ကြောင်း၊ ထိုစဉ် အချိန်က ပြည်မရှိ လူထုသည် တည်ငြိမ်လျက်ရှိခဲ့ပြီး ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး ကြိုးပမ်း တောင်းဆိုပေးခဲ့ခြင်း အားနည်းကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပေါ်ပေါက်လာသည့် နိုင်ငံရေး အခင်းအကျင်းမှသာ ပြည်မလူထုသည် လက်နက်ကိုင် ပဋိပက္ခအပေါ် သဘောပေါက်လာကြခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစု တချို့က ပြော သည်။

အစိုးရအနေဖြင့် EAO ဟု သတ်မှတ်သည့် အရည်အချင်း၊ စံနှုန်းများရှိနိုင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းစိန် လက်ထက် NCA ထိုးကြစဉ်

၎င်းက “အဓိက,ကတော့ အဖွဲ့အစည်းတစ်ခုမှာ နိုင်ငံရေးရည်မှန်းချက် ကောင်းကောင်းနဲ့ အဖွဲ့အစည်းကို အား ကောင်းမောင်းသန် ဖြစ်နိုင်မယ်ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် အသိမှတ်ပြုလာကြရမှပါ။ ဒါလည်း အစိုးရအနေနဲ့ EAO လို့ သတ်မှတ်ရလောက်တဲ့ အရည်အချင်းမျိုး၊ ဘယ်လိုပုံစံနဲ့ အလုပ်လုပ်တယ်၊ ဘယ်လိုပုံစံ ဘောင်သွင်းတယ် ဆိုတဲ့ ကဏ္ဍမျိုးလေးတွေတော့ သူတို့ဆီမှာ စံနှုန်းလေး ရှိကောင်းရှိမှာပါ”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( KNU/KNLA-PC)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)တို့သည် NCA ထိုးထားသည်။

ထိုထဲမှ KNU-CNF-ABSDF တို့သည် NCA ပျက်သွားပြီဟုဆိုကာ နုတ်ထွက်ထားပြီး LDU-NMSP-PNLO-ALP တို့က တော့ NCA လိုလားသူနှင့် နုတ်ထွက်လိုသူဆိုကာ ၂ ဖွဲ့စီ ကွဲသွားကြသည်။

ထို့နောက် "ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (NDAA-မိုင်းလား)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော်(AA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့သည် NCA မထိုးဘဲ ထစ်ဆို့နေ သည်။

အလားတူ NCA ပြင်ပမှာတော့ ရှမ်းနီအမျိုးသားများတပ်မတော်(SNA/SNUC)၊ ကူးကီအမျိုးသားတပ်မတော် (KNA/KNO)၊ ဇိုမီးအမျိုးသား တော်လှန်ရေးတပ်မတော်(ZRA/ZRO)၊ အရှေ့နာဂအမျိုးသားကာကွယ်ရေး တပ်မတော် (ENDA/ENNO)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)၊ နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)၊ ရခိုင်အမျိုးသားကောင်စီ(ANC) တို့ရှိနေသည်။

အဆိုပါ SNA, ZRA, KNO, ENDA, NSCN-K/AM, NSCN-K/YA, ANC တို့သည် လူမျိုးစု လက်နက်ကိုင်များ ဖြစ်သည့်တိုင် အစိုးရ-တပ်မတော်က EAO အဖွဲ့ အသိအမှတ် မပြုထားသေးပေ။

ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးအခမ်းအနားကို တွေ့ရစဉ်

EAO နှင့်ပတ်သက်ပြီး စံနှုန်းရယ်လို့ မကြားမိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်များ အနေဖြင့် ၎င်းတို့ကို သူပုန်ဟု မခေါ်ပါနှင့်ဟု ပြောသောကြောင့် EAO ဆိုသည့် ဝေါဟာရတစ်ခု ရွေးပေးလိုက်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီ စံနှုန်းရယ်လို့တော့ မကြားမိဘူး၊ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ ဒီ Ethnic ထဲကနေ ပြီးတော့ လက်နက်ကိုင်တဲ့ လူတွေကို ဟိုတုန်းကတော့ သူပုန်ခေါ်တာပေါ့ဗျာ။ သူပုန်သောင်းကြမ်းသူ သူက အဲဒီ လို မခေါ်ပါနဲ့ဆိုလို့ ဒါကို ဦးသိန်းစိန် လက်ထက်မှာ စပြီးတော့ နာမည်ပြောင်း ပေးလိုက်တာပဲလေ။ တကယ်တော့ ကြားကောင်းအောင်ပြောတာ တကယ်တော့ သူပုန်ဟာ သူပုန်ပဲပေါ့နော်။ အဲဒီအတွက်ကိုတော့ ဘယ်သူကမှ EAO ဖြစ်ဖို့ ဘယ်လို အချက်အလက်တွေ ရှိရမယ်ဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက်မျိုးကတော့ ဘယ်အစိုးရမှ လုပ်မှာ မဟုတ်ဘူး။ EAO ဖြစ်ဖို့ ဘာတွေ လိုအပ်လဲဆိုလို့ရှိရင် အစိုးရက EAO တွေကို သူက ဖိတ်ခေါ်သလို ဖြစ်နေမှာပေါ့။ ဘယ်အစိုးရမှ ဘယ် EAO မှ မလိုလားဘူး။ ဘယ်အစိုးရမှ သူ့ကိုဆန့်ကျင်မယ့် သူပုန်ဆိုတဲ့ အဖွဲ့အစည်းကို မလို လားဘူး၊ မလိုလားတဲ့ အတွက်ကြောင့်မို့လို့ တိုင်းရင်းသားသူပုန်တွေကို သူတို့ကို သူပုန်လို့ မခေါ်ပါနဲ့ သောင်းကြမ်း သူလို့ မခေါ်ပါနဲ့လို့ပြောလို့ သူတို့ EAO ဆိုပြီးတော့ အဲဒီမှာ ဝေါဟာရတစ်ခု ရွေးပေးလိုက်တာပေါ့နော်”ဟု ပြော သည်။

ဦးသိန်းစိန် အစိုးရလက်ထက် (၂၀၁၁-၂၀၁၆) တွင် "တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ" ကို အင်္ဂလိပ် လို EAOs ဟု တရားဝင်သုံးနှုန်း၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့သည်။

လက်ရှိ သမ္မတ ဦးမင်းအောင်လှိုင် အစိုးရက လက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ် ထားသော်လည်း NCA ပြင်ပမှာ ‌ရောက်ရှိနေသည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များကို ပါဝင်ခွင့် ပြုမည် မပြုမည် ကို ရှင်းရှင်းလင်းလင်း ချမပြထားကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။