CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၄

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ် ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) ခေါင်းဆောင်များကို ဖိတ်ကြားရန်ရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNIသတင်းဌာနသို့ ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)သည် လာမည့် အောက်တိုဘာလ ၁၅ ရက် နေ့တွင် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

ထိုသို့ ဖိတ်ကြားသော အခါတွင် NCA လမ်းကြောင်းပေါ်၌ ပြန်လည်ညှိနှိုင်းသည့် ကိစ္စတစ်ရပ် ပေါ်လာနိုင်ကြောင်း၊  အောက်တိုဘာလအတွင်း လမ်းကြောင်းများ အပြောင်းအလဲ ပြန်ဖြစ်နိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “လာမယ့် အောက်တိုဘာ ၁၀ နှစ်ပြည့် NCA လက်မှတ်ရေးထိုးတဲ့ ပွဲမှာတော့ NCA မှာ ပါခဲ့တဲ့လူတွေ လက်မှတ် မထိုးတာတောင်မှ NCA ရေးဆွဲတုန်းက ကိုယ်ထိလက်ရောက်ပါတဲ့ ခေါင်းဆောင်တွေ ရှိပါတယ်။ KIO မှာလည်း ရှိပါတယ်။ KNU မှာလည်း ရှိပါတယ်။ ဒါကြောင့် အဲဒီ ကိုယ်ထိလက်ရောက်ပါခဲ့တဲ့ ခေါင်းဆောင်တွေကို ပြန်လည် ဆုံစည်းဖို့အတွက် ဖိတ်ကြားမယ်လို့ ကျနော် သတင်းရပါတယ်။ အဲဒီလို ဖိတ်ကြားလာရင် မြေရှားကို ခဏထား၊ ဗန်းမော်တိုက်ပွဲကို ခဏထား၊ NCA လမ်းကြောင်းပေါ်မှာ ပြန်လည်ညှိနှိုင်းတဲ့ဟာ တစ်ခု ပေါ်လာနိုင်ပါ တယ်။ ဘယ်သူမှ သိက္ခာမကျဘူး၊ ဘယ်ဘက်မှလည်း ရှုံးတာမဟုတ်၊ ဘယ်ဘက်ကလည်း နိုင်တာမဟုတ်ဘဲနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်သွားနိုင်ဖို့ NCA မှာ ပါဝင် ရေးသားခဲ့တဲ့လူတွေ ပြန်ဆုံကြမယ်ဆိုတဲ့ သဘောမှာ ဖြေလျှော့မှု တစ်ခုတော့ ရှိနိုင်ပါတယ်။ ဒါကြောင့် အောက်တိုဘာလအတွင်းမှာ လမ်းကြောင်းတွေက အပြောင်း အလဲ ပြန်ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် အောက်တိုဘာလအတွင်းမှာ တိုက်ခိုက်မှုတွေပေါ့။ လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ၊ ရန်လိုမှုတွေ၊ ပြည်သူလူထုတွေရဲ့ ဒုက္ခ၊ သုက္ခတွပေါ့လေ။ မြေငလျင် ဘေး၊ စစ်ဘေး အားလုံး နည်းနည်းလေးတော့ လျော့ကျသွားနိုင်တယ်လို့ ခန့်မှန်းမိပါတယ်” ဟု ပြောသည်။

NCA စာချုပ် လက်မှတ်ရေးထိုးကြစဉ်

လက်ရှိတွင် ဩဂုတ်လသို့ ရောက်ရှိနေပြီး NCA ၁၀ နှစ်ပြည့် မတိုင်ခင် အချိန်ကာလ နှစ်လသာ ရှိသောကြောင့် တစ်ဖက် တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ဘက်တွင်လည်း အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှု များကြောင့် လာနိုင်မည့် အနေအထားမရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော့်အမြင် ပြောရင်တော့ ပြန်ပြီး ဟိုဟာဖြစ်ဖို့က မလွယ်တော့ဘူး။ အခုက အောက်တိုဘာကြတော့ အခုက ဩဂုတ်ဆိုတော့ ဩဂုတ်တစ်လရယ်၊ စက်တင်ဘာ တစ်လရယ် နှစ်လပဲလိုတာပေါ့။ ဒီ နှစ်လကျော် အတော အတွင်းမှာလည်း လက်ရှိ အနေအထားအရ အစိုးရဘက်ကနေ အသာစီးရနေတဲ့ အနေအထားဖြစ်လာပြီ။ နှစ်လ ဆိုတဲ့ အခါကြတော့ သိသိသာသာ ပြတ်ပြတ်သားသားကြီးက သူတို့ဆီမှာ ဒါကို တုံ့ပြန်ဖို့အတွက်က သူတို့မှာ လည်း သူတို့အဖွဲ့အစည်းရှိတဲ့ အခါကြတော့ အထူးသဖြင့် KNU ဆိုပါတော့ KIA ပဲဖြစ်ဖြစ်။ လက်ရှိသူတို့ မှားသွား တဲ့ လမ်းကြောင်းကို ပြန်လည်ဆုတ်ခွာဖို့အတွက်က သူတို့ ပါတီထဲမှာ၊ အဖွဲ့အစည်းထဲမှာ decision တွေလိုတယ် လေ။ ပြောရရင် KNU မှာ ကျနော်တို့က peace loving ငြိမ်းချမ်းရေးကို လိုလားတဲ့ စောမူတူးစေးဖိုး လူတွေပေါ့။ အဲဒီလူတွေ ပြန်ပြီးနေရာရလာရင် ဖြစ်မှာပေါ့။ ဒါပေမယ့် နှစ်လ အတောအတွင်းမှာ ချက်ချင်း ဖြစ်လာဖို့က မလွယ် ဘူး။ သူတို့ ညီလာခံလည်း ခေါ်လို့ရမှာ မဟုတ်ဘူး။ ကျနော့် အထင်တော့ ဒီဘက်က ဖိတ်မယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ တပ်ရဲ့သဘော ကြည့်ရတာတော့။ ဟိုဘက်ကတော့ သိပ်ပြီးလာနိုင်မယ့် သဘော မထင်ပါဘူး ဖျက်ထားတဲ့ လူတွေကလေ” ဟု ပြောသည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ ဩဂုတ် ၁၈ ရက်တွင် အပစ်ရပ်စဲရေး ကမ်းလှမ်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၂၁ ဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံကျင်းပနေစဉ်

ထို့နောက် ၂၀၁၁-၂၀၁၂ ခုနှစ်များအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့နှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးစာချုပ်(Bilateral) လက်မှတ်ရေးထိုးခဲ့ကြသလို ၂၀၁၃ ခုနှစ်မှာ NCA စာချုပ်ကို စတင် ဆွေးနွေပြီး ၂၀၁၅ ခုနှစ်၊ သြဂုတ်မှာ NCA စာချုပ်အား မူကြမ်းရရှိခဲ့သည်။

NCA စာချုပ် မူကြမ်းရရှိပြီးနောက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU, RCSS, ALP, DKBA, KNU/KNLA-PC, PNLO, CNF, ABSDF တို့ဖြင့်လည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ရက်တွင် NMSP နှင့် LDU တို့ဖြင့်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို လက်နက်ကိုင် ၁၀ ဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ဆိုသည့် နာမည်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြသည်။

သို့သော်  ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာပြီး ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့က NCA ပျက်သွားပြီဟုဆိုကာ တပ်မတော်ကို လက်နက်ကိုင် ဆန့်ကျင်ရန် ဆုံးဖြတ်ပြီး ယနေ့အထိ တိုက်ပွဲများ ဆင်နွှဲလျက်ရှိသည်။