CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၆
ပြည်သူလူထုနှင့်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ရရှိအောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်က ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာ ကော်မရှင် အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးသည် တိုင်းပြည် တည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် အလွန်ပင် အရေးကြီးကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အနေဖြင့် အသိဥာဏ်ပညာဖြင့် သတိတရားကို လက်ကိုင်ထားပြီး NCA လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ် တည်ပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အတူတကွ ကြိုးပမ်းကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးကို ရရှိအောင် ဆက်လက် ကြိုးပမ်း ဆောင် ရွက်သွားရမည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ(RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့က ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်၌ လက်မှတ်ထိုးခဲ့သည်။
ထို့နောက် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့က ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် NCA စာချုပ်ကို လက်မှတ်ထိုးခဲ့သည်။
လက်ရှိမှာတော့ KNU, ABSDF, CNF တို့က NCA ပျက်သွားပြီးဖြစ်ကြောင်း၊ NCA ကနေ နုတ်ထွက်ထားပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။
အလားတူ NMSP, LDU, ALP, PNLO တို့ကလည်း ၂ ဖွဲ့ကွဲသွားခဲ့သည်။

ထို့ပြင် UWSA,NDAA,SSPP,TNLA,MNDAA,AA,KIA,KNPP တို့ကလည်း NCA စာချုပ် လက်မှတ် မထိုးနိုင်ကြောင်း ပြောကြားထားသည်။
ထို့နောက် NCA ပြင်ပတွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA), ကူးကီးအမျိုးသားတပ်မတော်(KNA), ဇိုမီး အမျိုးသားတော်လှန်ရေးတပ်မတော်(ZRA), နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN), ရခိုင်အမျိုးသားကောင်စီ (ANC)တို့ ရှိနေသေးသလို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပေါ်ပေါက်လာသည့် PDF အဖွဲ့အစည်းများ လည်းရှိနေသည်။
