CNI News
၂၀၂၆ ခုနှစ်၊ မတ်လ ၆

အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော အီရန်စစ်ပွဲ အရှိန်လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်း ဆွေးနွေး အဖြေရှာရန် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မတ်လ ၆ ရက်၌ ထုတ်ပြန် တိုက်တွန်းခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် တိုက်ခိုက်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် လွန်စွာ စိုးရိမ်ပူပန်လျက်ရှိကြောင်း မြန်မာက ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက “ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်ကို အခြေခံပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် သံတမန်ရေး ကြိုးပမ်းမှုသည်သာ ပဋိပက္ခကို ဖြေရှင်း နိုင်မည်ဟု ယုံကြည်ပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

ထို့နောက် အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် တိုက်ခိုက်မှုများတွင် ပါဝင်နေသည့် နိုင်ငံများအနေဖြင့် နိုင်ငံတိုင်း၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြန်အလှန် လေးစားလိုက်နာရန် လိုအပ်ပြီး ပဋိပက္ခနှင့် တိုက်ခိုက်မှုများကို လျှော့ချကာ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းပါသည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန်နှင့် အစ္စရေးသည် အီရန်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁ ရက်က စတင် တိုက်ခိုက်ခဲ့ရာ ယနေ့အထိ အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ပွဲဖြစ်ပွားနေသည်။

အမေရိကန်နှင့်အစ္စရေး၏ တိုက်ခိုက်မှုကြောင့် အီရန်၏ အဓိပတိ အလီခါမေနီ အပါအဝင် စစ်ဘက်ဆိုင်ရာ ထိပ်သီး ခေါင်းဆောင်များ သေဆုံးခဲ့သည်။

ထို့နောက် အီရန်က အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံများတွင် အခြေစိုက်ထားသော အမေရိကန်စစ်စခန်းများကို ပြန်လည် တိုက်ခိုက်နေသလို ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားသည့်အတွက် ရေနံသင်္ဘောများ ဖြတ်သန်း နိုင်ခြေမရှိဘဲ ဖြစ်နေသည်။

ထို့ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ စွမ်းအင် အကြပ်အတည်း ဖြစ်ပေါ်လျက်ရှိနေသည်။